Featured post
- Get link
- X
- Other Apps
(16.7.2022)
အမှန်တော့ ကျွန်မ ဒီနေ့ သိပ်နေမကောင်းပါဘူး။ ခေါင်းမူးနေပါတယ်၊ ပြီးတော့ အန်လည်း အန်ချင်နေပါတယ်၊ အသက်ရှူတာလည်း သိပ်မဝပါဘူး။ ပင်ပန်းနေလို့လားဆိုပြီး အိပ်တော့လည်း အိပ်မပျော်ပါဘူး။ ကျွန်မလည်း ဘာလုပ်ရမှန်း မသိပါဘူး။ ဒီနေမကောင်းတာက ဘယ်တုန်းကစတာလဲလို့ စဉ်းစားနေမိပါတယ်။ မနေ့ကလား ဒါမှမဟုတ် ခေါင်းသွားလျှော်မိတဲ့ အရင်နေ့ကလား ဒါမှမဟုတ် ၁၅ပေါင်ကျသွားတယ်ဆိုတာ သိလိုက်ရတဲ့ အရင်တစ်ပတ်လောက်ကလား. . .
ဟုတ်ကဲ့။ ၂၀၂၁ခုနှစ်မှာ ၉၅ပေါင်ရှိခဲ့တဲ့ ကျွန်မက ၂၀၂၂အရောက်မှာ ပေါင်၈၀ပဲ ရှိပါတော့တယ်။ ကျွန်မ ဒါကို သိလိုက်ရတော့ တော်တော် လန့်သွားပါတယ်။ ပြီးတော့ "ဟိုက် ငါ့အစာမစားတဲ့ ပြဿနာဟာ တော်တော်ဆိုးနေပါလား"လို့ပဲ တွေးလိုက်မိပါတယ်။ ငယ်ငယ်ကတည်းက ကျွန်မဟာ အစာစားရတာကို မနှစ်မြို့ပါဘူး။ စိတ်ကူးယဉ်လိုက် ဆော့လိုက်ပဲ လုပ်ချင်နေတဲ့ ကျွန်မက အစာစားတာဟာ အချိန်ဖြုန်းတာပဲလို့ထင်ပါတယ် (အစာစားမှ အသက်ရှင်တယ်ဆိုတာ ကျွန်မက မသိခဲ့ဘူးလေ)။ ပြီးတော့ ပါးစပ်ထဲတစ်ခုခုထည့်ပြီး ဝါးနေရတာကိုလည်း မကြိုက်ပါဘူး။ အဲဒါကြောင့်ပဲလားမသိ ထမင်းစားခိုင်းပြီဆို ပါးစပ်ထဲမှာ ငုံထားတယ်။
အမှန်ပြောရရင် အစားစားတာက အင်မတန် အလုပ်ရှုပ်ပါတယ်။ တစ်ခုခုချက်မယ်ဆို အရှေ့တိုင်းဟင်းလား အနောက်တိုင်းဟင်းလား စဉ်းစားနေရတာနဲ့၊ အရင်ချက်ထားတဲ့ပွဲနဲ့ လိုက်ဖက်မှာကို စဉ်းစားပြီး တွဲစပ်ရတာနဲ၊ ပြီးတော့ ချက်ရပြုတ်ရ ဆေးရကြောရ မပြီးနိုင်သော ကိစ္စတို့ကို လုပ်ဆောင်ရပါတယ်။ အဲဒါကြောင့် စဉ်းစားတယ်။ ကျွန်မတစ်ယောက်တည်းသာနေရင် ပိတ်ရက်မှာ တစ်ပတ်စာ ဟင်းကြိုချက်ထားမယ်၊ တကယ်လို့ ချက်စားချင်တဲ့နေ့ (မရှိဖို့ကများ) ဆို ခေါက်ဆွဲနဲ့ အသားပြုတ် အရွက်ပြုတ်တို့ကို ရောစားမယ်၊ မနက်စာကို ကွေကာအုတ်စားမယ် ဒီလို စိတ်ကူးပါတယ်။ ချက်ရပြုတ်ရ ကရိကထသက်သာရုံအပြင် အပိုဈေးသုံးလည်း ကာမိအောင်လို့ပါ။ (မထင်ရဘူးနော်၊ ကြက်သွန်အနီ၊ အဖြူ၊ ချင်း၊ ငရုတ်ကောင်း၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ပူစီနံ ဟင်းခတ်အစုံအစိကပဲ ပိုက်ဆံအတော်ထွက်တယ်)
အမှန်အတိုင်းပြောရရင် Shingeki no Kyogin ထဲက titanတွေကို အတော်အားကျတာပဲ။ သူတို့က ဘာတဲ့ ... နေရောင်ခြည်ရရုံနဲ့ စွမ်းအင်ပြည့်တယ်ဆိုလား။ ဒီလိုသာဆို နေရောင်တွေ မလိုချင်လို့အဆုံးရနေတဲ့ မြန်မာနိုင်ငံမှာသာ titan တစ်ကောင်ဖြစ်ရင် ကွက်တိပဲပေါ့။
- Get link
- X
- Other Apps
Comments
Post a Comment