Featured post
- Get link
- X
- Other Apps
21.9.23 (Thurs)
အနုတ်သဘောဆန်တဲ့ အဖြစ်အပျက်တွေကို ဘယ်လိုတုန့်ပြန်ရမလဲ (how to respond to negative events)
ကျွန်မ ဒီနေ့ သတင်းဆိုးတစ်ခု ကြားရပါတယ်။ အခု စာသွားသင်ရတဲ့ကျောင်းက တခြားဆရာနဲ့ သင်မယ်တဲ့။ ဒီတော့ ကျွန်မက နားရမယ်ပေါ့။ သူတို့က မေးလိုက်သေးတယ် "အဆင်ပြေလား"တဲ့။ ကျွန်မက ဘယ်လို ပြန်ပြောရမလဲ "အဆင်မပြေဘူးရှင့် ကျွန်မက သူတို့မသင်ချင်လည်း အတင်းသင်မှာ" လို့ ပြောရမှာလား၊ ဒါမှမဟုတ် "အဆင်ပြေလားဆိုတာ ဘာကို မေးတာလဲ။ မပြေဘူးပြောရင် ဘာလုပ်ပေးမှာလဲ" လို့ ပြန်မေးရမလား
🤷♀️
ကျောင်းက ထွက်လာတော့ သူတို့ ဘယ်သူနဲ့ သင်ကြမယ်ဆိုတာ ကျွန်မ စဉ်းစားနေမိပါတယ်။ ကျွန်မတို့ ကျောင်းက ဆရာနဲ့ သင်မှာလား၊ စီနီယာတို့နဲ့ သင်မှာလား၊ ကျွန်မသင်တာ ဘယ်နေရာမှာ ဘယ်လိုဖြစ်သွားသလဲ၊ သူတို့ ဘာကို မကြိုက်တာလဲ၊ နားမလည်တာလား (ဒါမှမဟုတ် ကျွန်မက သူတို့ကိုပဲ စဉ်းစားခိုင်းလို့လား) စသဖြင့်ပေါ့။
ပြီးတော့ ရယ်ချင်နေပါတယ်။ အရင်ကတော့ မျက်ရည်တွေ ဝေပြီး ဖြစ်နေမှာပေမဲ့ အခုကတော့ ထိုင်ရယ်ချင်နေပါတယ်။ ဒီနေ့က စာလည်း ကျက်လို့မရ၊ ကားပေါ်မှာလည်း နေရာမရ၊ နေ့လယ်စာကိုလည်း စူပါမားကတ်က လှေကားပေါ်မှာ ထိုင်စားရ၊ ခြေထောက်ခေါက်၊ ဖုန်းပြုတ်ကျ၊ သင်နေတုန်း laptop က error တက်၊ ဟော ပြန်ခါနီးလည်းကျရော "ဆရာမရေ နောက်လ မလာပါနဲ့နော်" တဲ့🙂 အိုခေ... ဘာဆက်ဖြစ်ဦးမှာလဲ။ ဒီနေ့ ပြန်တာ နောက်ကျမှာဆိုတော့ ကျွန်မကို ပြန်ပေးဆွဲသွားဖို့ပဲ ရှိတယ်။ (ပြန်ပေးဆွဲမဲ့သူခမျာမှာတော့ သနားစရာပဲ၊ ကျွန်မဆီမှာ တစ်ပြားမှ မရှိတဲ့အပြင် အိမ်ကလည်း လာရွေးဖို့ မတတ်နိုင်ဘူးလေ🤣🤣)
နောက်တော့ "ဪ.. ငါ နားချင်နေတာ နားရတော့မှာပဲ" လို့ပဲ တွေးလိုက်ပါတယ်။ ကောင်းကောင်းအိပ်မယ်၊ ကောင်းကောင်းစားမယ်၊ တစ်အိမ်လုံးကို သန့်ရှင်းရေး လုပ်မယ်၊ အိတ်ပြီးအောင် ထိုးမယ်၊ စာရေးမယ်၊ တရားထိုင်မယ်၊ သင်တန်းတက်မယ်။ (ပြီးတော့ ဟိုဆရာသင်တာ ကျွန်မလောက် မကောင်းပါစေနဲ့လို့ ဆုတောင်းမယ် ဟိဟိ)
ဒီလိုဆိုတော့လည်း ဘယ်ဆိုးလို့လဲ။ တစ်ခု မရှိတော့တာနဲ့ ဘဝကြီးက ရပ်သွားတာ မဟုတ်ပါဘူး။ အချိန်တွေက သွားနေတာ ဖြစ်ပါတယ်။ သင်ကလည်း အချိန်နဲ့အတူ လုပ်စရာရှိတာ လုပ်သင့်တာတွေ လုပ်ရင်း ဆက်လက်စီးဆင်းရမှာ ဖြစ်ပါတယ်။
မြွေမသေ တုတ်မကျိုး ဖြေရှင်းနည်း (မုသားမပါ ဘာဖြစ်တယ်ဆိုလဲမသိ)
ပြဿနာတက်လာရင် ဘယ်လိုဖြေရှင်းရမလဲ။ အထူးသဖြင့် အဲဒီ့ပြဿနာက ကိုယ့်ကြောင့်မဟုတ်ပါဘဲ တခြားသူရဲ့ မစမှုကြောင့် ဖြစ်သွားရပြီး ကိုယ့်ကို အမှုလာပတ်ရင် ဘာလုပ်ရမလဲ 🤔🤔
ကျောင်းတုန်းကတော့ အဲဒီလို တစ်ခါကြုံဖူးပါတယ်။ ကျွန်မက (ခါတိုင်း လုပ်နေကျအတိုင်း) အမှန်အတိုင်း ပြောလိုက်ဖို့ စိတ်ကူးပါတယ်။ "ဟိုလူတွေက ဒီလိုပြောလို့ ဒီလို အမှတ်မှားသွားတာပါ" ပေါ့။ ဒါပေမဲ့ သူငယ်ချင်းက အဲလိုမဟုတ်ပါဘူး။ "ဟိုဘက်က အမှန်ကို ပြောဖို့ လုပ်ပေမဲ့ လိုင်းမရလို့ မတွေ့လိုက်ဘူးလို့ ပြောလိုက်မယ်။ ဒီလိုဆို သူလည်း အပြစ်မရောက်တော့သလို ငါတို့လည်း လွတ်မယ်"တဲ့။ အိုး... အဲလိုလည်း ရတာလား။ ကျွန်မ တော်တော် အတွေးဝင်သွားမိပါတယ်။ တကယ်လို အမှန်အတိုင်းသာ ပြောလိုက်ရင် တကယ်လို့ ဆရာမ ဆူတဲ့အခါ ဟိုတစ်ယောက်က စိတ်မကောင်းဖြစ်မယ်၊ ပြီးတော့ ကျွန်မတို့ တိုင်ပြောတယ်လို့လည်း ငြှိုးသွားနိုင်ပါတယ်။ တကယ်လို့ သူငယ်ချင်းပြောသလိုသာ လုပ်လိုက်ရင် ဆရာမလည်း "ဪ.. ဒါမျိုးက ဖြစ်တတ်ပါတယ်" လို့ တွေးမယ်၊ ကျွန်မကလည်း အပြစ်မကျ၊ သူလည်း စိတ်သက်သာရာရ အင်း.. မဆိုးဘူးပဲ။
ဒီနေ့လည်း အဲဒါနဲ့ ခပ်ဆင်ဆင် ပြဿနာလေးတစ်ခု တက်မလို ဖြစ်လို့ ဘယ်လိုဖြေရှင်းရမလဲ ခေါင်းခြောက်နေပါတယ်။ (ကံကောင်းစွာပဲ ပြေလည်သွားပါပြီ) တစ်ခု သင်ခန်းစာ ရလိုက်တာက မြွေမသေ တုတ်မကျိုး ဖြေရှင်းနိုင်အောင် ဦးတည်သင့်တယ်ပေါ့ (မှန်တာပဲပြောမှာဆိုပြီး တုံးတိုက်တိုက် ကျားကိုက်ကိုက် ဝင်တိုးရင်တော့ ကွဲပြဲမှာဖြစ်ပါတယ်)
ချောလား
"ဟဲ့ ငါတော့ ဒီတစ်ယောက်ကို ကြိုက်နေပြီ" လို့ သူငယ်ချင်းကို သွားပြောရင် သူအမြဲ ပြန်မေးလေ့ရှိတာက "ချောလား" ဆိုတာပဲ ဖြစ်ပါတယ်။ well... ကျွန်မတို့ရဲ့ ရည်းစားလောင်းစံထဲမှာ "ယောက်ျားလေးက ကောင်မလေးထက်မချောတောင် သူ့လောက်တော့ ချောရမယ်" ဆိုတာက ပါနေတာကိုး😂😂။ ကျွန်မတို့ ၂ယောက်သား အပြင်သွားကြလို့ အတွဲတွေကို တွေ့ရင် ကောင်လေးနဲ့ ကောင်မလေးကို ယှဉ်ကြည့်တယ်၊ ပြီးရင် "ဟင်း... ကောင်လေးက ကောင်မလေးလောက်လည်း မချော၊ ဘာများ ကြည့်ကြိုက်လဲမသိ" ဆိုပြီး နှာခေါင်းရှုံ့ကြလေ့ ရှိပါတယ်။ ပြီးရင်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဒီလိုပြောလိုက်သေး "ငါသာ ရည်းစားရရင် ကောင်လေးက ငါ့ထက်မချောတောင် ငါ့လောက်ချောစေရမယ်"
အခုတော့ သူက "ချောလား" လို့ မေးတဲ့အခါတိုင်းမှာ ကျွန်မက ဒီလို ပြန်ဖြေလေ့ ရှိပါတယ် "မျက်နှာမှာ အဖုအထစ် ကင်းစင်တယ်"🤣
ဘာလို့လဲဆိုတော့ တစ်နေ့တစ်ခြား ကျွန်မရဲ့ အလှအပစံနှုန်းတွေ ပျောက်ပျောက်လာလို့ ဖြစ်ပါတယ်။ နေရင်းထိုင်ရင်၊း ကားစီးရင်း၊ လူတွေကို ထိုင်ကြည့်ရင်း "အင်း... သူလည်း ကြည့်ကောင်းတာပဲ" "ဪ.. ဒီလိုဝတ်တော့လည်း လှတာပဲ" "မဆိုး" ဒီလိုမှတ်ချက်တွေ ပြုပါတယ်ပေါ့။ အဲသလိုနဲ့ အောက်က သီအိုရီကို ရတယ်
၁. အလှဆိုတာ အခြေအနေနဲ့ ဆိုင်တယ်
အကဲဖြတ်သူရဲ့ အခြေအနေ၊ အကဲဖြတ်ခံရတဲ့သူရဲ့ အခြေအနေ။ အခြေအနေဆိုတာမှာ စိတ်အခြေအနေ၊ အပြင်အဆင်၊ အရောင်၊ ပတ်ဝန်းကျင်ရဲ့ ပံ့ပိုးမှု စသဖြင့်ပေါ့
၂. အလှဆိုတာ ကြည့်တဲ့သူနဲ့ဆိုင်တယ်
လူတစ်ယောက်နဲ့တစ်ယောက် အလှစံနှုန်းတွေ မတူတဲ့အတွက် ဘယ်လိုမျိုးမှ လှမယ်ဆိုတာ ကြည့်တဲ့သူနဲ့ ဆိုင်တယ်ပေါ့။
ဒါသာမှန်ရင် လူတိုင်းဟာ လှကိုလှတဲ့ အခြေအနေတစ်ခု ရှိနေမယ်လို့ ကောက်ယူလို့ရတယ်ပေါ့။ ဆိုတော့... ဟိုလူကတော့ မချောဘူး၊ ဒီလူကတော့ မလှဘူးလို့ မပြောချင်တော့ဘဲ ဓမ္မဓိဋ္ဌာန်ကျကျပဲ သရုပ်ဖော်ပြပါတော့တယ်။ ဥပမာ - သူက မျက်မှန်တပ်တယ်၊ မျက်ခုံးပါတယ်၊ မျက်နှာက ချောမွေ့တယ် ဒီလိုပေါ့ (ကိုယ့်ကိုယ်ကိုယ် ဖော်ပြရရင် မျက်ခုံးလည်း မပါသလို မျက်နှာကလည်း မချောမွေ့ပါဘူး😂😂)
ဒီနေ့ရဲ့ ကောင်းတဲ့အရာ ၃ခု
မေးခွန်းတိုတွေ အကုန်ရခဲ့တယ်
လစာရလာတယ်
ညနေ ကျူရှင်ဖျက်သွားလို့ အိမ်စောစောပြန်လာရတယ်
(သီချင်းကတော့ Ayase ရဲ့ သီချင်းအသစ်ဖြစ်ပါတယ်။ အရမ်းမိုက်)
- Get link
- X
- Other Apps
Comments
Post a Comment