Featured post

daily reflections 2

 14. 9. 23 (Thurs)

စာဖတ်တာ ကားပေါ်မှာ ဖတ်လို့ ရတယ်

ကျွန်မနေတဲ့နေရာနဲ့ စာသွားသင်ရတဲ့နေရာက busကားစီးရင် ၁နာရီခွဲကျော် ကြာပါတယ်။ ဒီတော့ အိမ်မှာ ဘာလုပ်လို့ ရမယ်၊ ကားပေါ်မှာ ဘာလုပ်လို့ ရမယ်ဆိုတာ သေသေချာချာ မစီမံရင် နောက်ကျမှာပါ။ (နောက်ကျနေတာ တစ်ပတ်ရှိပါပြီ) အဲဒီတော့ ကားပေါ်မှာ ဘာတွေ လုပ်လို့ ရမလဲ
- သီချင်းနားထောင် (entertainment)
- စာဖတ် (ကျောင်းစာပဲဖြစ်ဖြစ်၊ အပြင်စာပဲဖြစ်ဖြစ်)
- ပုတီးစိတ် (လမ်းလျှောက်နေတဲ့အခါဆို ပိုသင့်တော်)
- စာပို့ 
ဒါတွေ လုပ်လို့ ရပါတယ်။ အိမ်မှာက laptopဖွင့်ရမှာ၊ စာအုပ်ထဲ စာရေးရမှာတွေ လုပ်ရမှာဖြစ်ပြီး ကားပေါ်မှာတော့ ဖုန်းနဲ့လုပ်လို့ရတဲ့ အလုပ်တွေ လုပ်မှ အချိန်ပိုထွက်မှာပါ။ (အချိန်ပိုထွက်မှ ကောင်းကောင်းအိပ်ရမယ်)

Gloria Jeansက ကော်ဖီဟာ အလွန်ဈေးကြီး

ကျွန်မက တော်ရုံတန်ရုံ  ကော်ဖီမသောက်သလို fancy ကော်ဖီဆိုင်တွေလည်း မသွားပါဘူး။ ဒါပေမဲ့ ဒီနေ့က အလုပ်ကြောင့် wifiသုံးရမှာမျိုးတွေ ပေါ်လာတော့ တွေ့ရာ ကော်ဖီဆိုင်ထဲဝင်လိုက်တာ Gloria Jeans ဖြစ်နေပါရောလား။ ခပ်မြန်မြန် မှာလိုက်တာ ကော်ဖီ Latte တစ်ခွက် ၆၈၀၀တဲ့။ အမလေး ဒီလိုပုံနဲ့ တစ်ပတ်မှာ တစ်သောင်းကုန်နေလို့ကတော့ မဖြစ် မဖြစ်။ (အိုး... သူ့ကော်ဖီက သောက်လို့တော့ အကောင်းသား)

ညဘက်busကားစီးရတဲ့ အရသာ

ကျွန်မက busကားစီးရတာမျိုး၊ ရထားစီးရတာ၊ သင်္ဘောစီးရတာမျိုးကို ကြိုက်ပါတယ် (ထိုင်စရာ နေရာရရင်ပေါ့) အထူးသဖြင့် ညဘက်စီးရတာက ပိုမိုက်ပါတယ်။ မီးရောင်လေးတွေနဲ့ လင်းတဲ့နေရာက လင်း၊ မှိန်တဲ့ နေရာက မှိန်၊ လေက ခပ်အေးအေးနဲ့ ကားပေါ်မှာ လူခပ်ရှင်းရှင်း (ည၇နာရီလောက်ဆို လူသိပ်မကျပ်တော့ပါဘူး) ခပ်ငြိမ်ငြိမ် (ကားဆရာတွေကလည်း အတင်းတက်ဖို့ အနောက်တိုးဖို့ သိပ်မပြောတော့ပါဘူး။ မနက်စောစော စီးတဲ့ကားနဲ့များ ကွာပါ့) ဆွေးလို့ ခပ်ကောင်းကောင်းပေါ့။ မိုးဖွဲဖွဲ ရွာထားလို့ ပြတင်းပေါက်မှန်မှာ မိုးစက်လေးတွေ တင်နေရင် ပိုမိုက်။ ဒီနှစ်ကုန်အထိတော့ ညဘက်တွေ ကားစီးပြန်ရဦးမှာပါပဲ။

ဒီနေ့ ကျေးဇူးတင်စရာကောင်းတာတွေ

ကားကွက်တိရပြီး အိမ်စောစောပြန်ရောက်တာ
ကော်ဖီသောက်ပြီး ရင်မတုန်တာ
ပြန်ရောက်တော့ meeting မှာ အပေါင်းဓာတ်ဆောင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ရတာ (ဒီအလုပ်က တော်တော် ပျော်စရာကောင်းပါတယ်)
နောက် အခု စာရေးနေတာ

Comments