Featured post
- Get link
- X
- Other Apps
ဒီနေ့ မိုးတွေ ရွာပါတယ်။ ရာသီဥတုက အုံ့အုံ့မှိုင်းမှိုင်းနဲ့ ခပ်အေးအေးခပ်စိမ့်စိမ့် ဖြစ်ပါတယ်။ ကျွန်မက သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိလို့ ဒီ blogကို ပို့ရင်း အရင်ရေးထားတာကို ပြန်ဖတ်နေမိပါတယ်။ ဒီတော့ တစ်စုံတစ်ယောက်အတွက် ရေးထားတာတွေလည်း ပြန်ဖတ်မိပါတယ်။
အဲဒီတော့ သူ့ကိုလည်း သတိရပါတယ်။
ဒါပေမဲ့ လေဟာပြင်နယ်မှာ မျောနေသလိုမျိုး ဟာလာဟင်းလင်း ခံစားမှုမျိုး ရပါတယ်။ ခါတိုင်းဆို နွေးပြီးတက်လာမှာမျိုးဖြစ်ပေမဲ့ အခုတော့ တစ်ချိန်က စားခဲ့ဖူးတဲ့ တုန်ယမ်းခေါက်ဆွဲအရသာကို ပြန်ခေါ်သလိုမျိုး ဖြစ်နေပါတယ်။
အဲဒါက တော်တော်ရယ်ရတယ်။ ကျွန်မက အစားအသောက်ဆို အတော်ချေးများတယ်။ ဆီများရင်လည်း မစား၊ ငန်ရင် မစား၊ ချိုလွန်းရင် မစား၊ စပ်ရင် မစား၊ ဒါပေမဲ့ spiceများများနဲ့မှ ကြိုက်၊ အနံ့ကိုလည်း ချေးများပြီး မစား၊ အရသာကလည်း လတ်ဆတ်ပြီး ဆက်အသက်ရှင်ချင်တဲ့ စိတ်မျိုး ဖြစ်ရမယ် ဆိုတာမျိုး။ အဲလိုချေးများနေရင် ချက်ကျွေးတဲ့ ညီမတော်က "ရော့ နင့်ဟာနင်ချက်" ဆိုပြီး ထားပစ်ခဲ့ရင်ကျ မျက်လုံး ပုတ်ခတ်ပုတ်ခတ်နဲ့ လုပ်နေရော။ ကျွန်မက ဟင်းမှ မချက်တာ။ ဘာလို့လဲဆို မီးနားနေရတာ ပူလို့၊ ပြီးတော့ ခဏခဏ လက်ဆေးရ ပန်းကန်ဆေးရ၊ အိုးဆေး ဓားဆေးရနဲ့ မပြီးနိုင်လို့ (အဲလိုမျိုးဆို စိတ်က မရှည်တော့ဘူး) အဲဒီတော့ မချက်ဘူး။ (သူများကိုပဲ မကောင်းဘူး ထိုင်ပြောမှာ 🤣) ကျွန်မ ခံတွင်းတွေ့အောင် ချက်ရှာတဲ့ ညီမတော်က မေးတယ် "ဒါနဲ့ အရင်တစ်ခေါက်က လုပ်တဲ့ဟာ ဘယ်ဟာပိုကောင်းလဲ"
"ငါ မမှတ်မိတော့ဘူး"
"😐"
ဒီလောက် အစားချေးများတဲ့သူက အရသာကို မမှတ်မိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်တာ မဖြစ်နိုင်တာ ခဏထားလိုက်ပါ။ ကျွန်မကတော့ မမှတ်မိပါဘူး။ အဲဒါကြောင့်ပဲ တခါတလေ ကိုယ့်ဘာသာကို စိတ်ကြိုက်လုပ်စားရင် ကျွန်မ ထင်ထားတဲ့ အရသာက တစ်မျိုး၊ တကယ်ထွက်လာတဲ့ အရသာက တစ်မျိုး ဖြစ်လာတတ်ပါတယ်။ (ပြီးတော့ ကိုယ့်စကေးကိုယ် စိတ်ပျက်လက်ပျက်နဲ့ လက်ခံပြီး ထိုင်စားပေရော့ပဲ)
သူ့ကို ပြန်တွေးရင်လည်း အဲလိုပဲ။ "အင်း... ဒီလိုလေး ထင်တယ်" ဆိုတာမျိုးတော့ ရှိပေမဲ့ အကုန်ဝေဝါးပြီး အစဖော်မရ ဖြစ်နေပါတယ်။ ကောင်းကောင်းမှတ်မိတာဆိုလို့ Ayase san ရဲ့ အသံကိုပဲ တွဲမှတ်မိပါတော့တယ် (စာရေးတုန်းက အဲဒီ့သီချင်းကို repeat ဖွင့်ထားပြီး နားထောင်နေခဲ့တာကိုး၊ ပြီးတော့ ayase သီချင်းတွေကို အခုထိလည်း နားထောင်နေတုန်းပဲ)
သူကပဲ သက်ပြင်းချသလိုလိုနဲ့ ပြောခဲ့တယ် ထင်ပါရဲ့။ "ဒီနှောင်ကြိုးတွေ. . ." ဆိုပြီးတော့ပေါ့။ ဘာကိုဆိုလိုချင်တယ်ဆိုတာတော့ အဲဒီတုန်းက ကျွန်မ မသိခဲ့ပါဘူး။ အဲ. . .နှောင်ကြိုးတွေ တိတ်တိတ်လေးသွားချည်ခဲ့တဲ့သူကတော့ ကျွန်မပဲ ဖြစ်နေခဲ့ပါတယ်။ နောက်.. ကျွန်မကိုယ်တိုင်တောင် မေ့မေ့ပျောက်ပျောက်နဲ့ သူဆွဲရာကို ပျော်ရွှင်စွာ ကခုန်နေခဲ့ပါတယ်။
ဒါပေမဲ့ တစ်နေ့မှာ အပျော်သဘော တားရော့မေးရင်း အဲဒီအစ်မ ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် အိပ်မက်က လှုပ်နှိုးလိုက်သလို ဖြစ်သွားပါတယ်။
"ပိုင်ဆိုင်ချင်လား"
သူ့ဘေးက အရာအားလုံးပျောက်သွားပြီး ကိုယ်နဲ့ နှစ်ယောက်တည်းပဲ ကျန်ခဲ့၊ ကိုယ့်ရဲ့ လျှို့ဝှက်ကမ္ဘာကို သူ တံခါးတွန်းဖွင့်ပြီး ဝင်လာ၊ အတူတူ မျှဝေရမဲ့ ခံစားချက်အစစ်တွေ၊ ကီးဘုတ်တစ်ဒေါက်ဒေါက်ရိုက်သံ မဟုတ်ဘဲ သူ့ရဲ့ နွေးထွေးပျော့ပျောင်းတဲ့လက် အိုး. . . မဖြစ်ဘူး။ ဒီတလော ကျွန်မ ဘာတွေ လုပ်နေခဲ့တာပါလိမ့်။
"ဟင့်အင်း။ မဆိုင်ချင်ဘူး။ ဘာမှ မထိတွေ့စေချင်ဘူး"
အဲလိုနဲ့ပဲ ကြည်နူးခဲ့ရတဲ့ ဆောင်းရာသီမနက်ခင်း နေခြည်နွေးနွေးတို့ ပျောက်ကွယ်သွားကြပြီး အေးစိမ့်စိမ့် အုံ့မှိုင်းမှိုင်း မိုးရာသီ ရောက်လာပါတော့တယ်။ ကျွန်မဟာလည်း နှောင်ကြိုးကလွတ်လို့ ဘာမှန်းမသိတဲ့ အခြေအနေတစ်ခုကို ရောက်နေပါတယ်။
(ဪ... ဒီကနေ ဝတ္ထုတစ်ပုဒ် ထွက်လာပြီး ဒီက စကားလုံးတွေ ပြန်သုံးလို့ရကောင်းပါရဲ့)
- Get link
- X
- Other Apps
Comments
Post a Comment