Featured post

assumptions

၁၆. ၃. ၂၃
မနေ့က အင်္ဂလိပ်စာအတန်းမှာ ယူဆချက်တွေအကြောင်း ပြောခဲ့ကြပါတယ်။ ကြိုတင်ယူဆထားချက်တွေဟာ စာထဲမှာရေးထားတာတွေကို အဓိပ္ပာယ်ကောက်ရာမှာ နှောင့်ယှက်နိုင်ကြောင်း၊ တခါတလေကျတော့လည်း အရိပ်ပြရုံနဲ့ အကောင်မြင်စေကြောင်း စသဖြင့်ပေါ့။ သိပ်မကြာပါဘူး၊ အဲဒီ့သင်ခန်းစာကို လုံးဝနားလည်သဘောပေါက်စေမဲ့ အဖြစ်အပျက်တစ်ခုနဲ့ ကြုံရတော့တာပါပဲ။

ကျွန်မ လုပ်အားပေးနေတဲ့အဖွဲ့အစည်းက World Social Work Day ကျင်းပဖို့အတွက် အဖွဲ့အစည်းကြီးတစ်ခုလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က ဖြစ်ပါတယ်။ (စောစောက စာကြောင်းတစ်ကြောင်းလုံးဟာ မရွဲ့တရွဲ့ ရေးထားတယ်ဆိုတာ သဘောပေါက်ပါ)

အစကတော့ တော်တော်ကို အဆင်ပြေပါတယ်။ ခါတိုင်းဆို အဖွဲ့နှစ်ဖွဲ့ ပေါင်းလုပ်ရင် တစ်ခုမဟုတ်တစ်ခုတော့ အမြင်မတူကြတာလေးတွေ ရှိကြမြဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအစည်းအဝေးတုန်းက အားလုံးကို လိုက်လျောနေတော့ "ဟုတ်ကောဟုတ်ရဲ့လား" လို့တောင် ထင်လိုက်ပါတယ်။ သံသယဝင်နေတဲ့အတိုင်းပဲ သိပ်မကြာခင်ကို အကြီးအကျယ်ကိစ္စကြီး ဖြစ်ပါတော့တယ်။ အဲ... ကံဆိုးချင်တော့ ကျွန်မစိတ်တိုနေတဲ့နေ့မှာ သွားကျတာပါပဲ။

ကျွန်မက အစည်းအဝေးကို နည်းနည်းနောက်ကျပြီးမှ ရောက်သွားပါတယ်။ (အကြောင်းကြောင်းကြောင့် ထမင်းစားနောက်ကျ၊ ပန်းကန်တစ်ချပ်က ကွဲ အမလေး မပြောချင်တော့ပါဘူး) ကျွန်မရောက်တဲ့အချိန်မှာ ဟိုဘက်ကနေ ကျွန်မတို့အဖွဲ့က ဂျူနီယာညီမလေးကို ဒေါသသံနဲ့ ဟောက်နေတာကို ကြားရပါလေရော။ အစကတည်းက ပူနေတဲ့ ကျွန်မစိတ်ဟာ ထောင်းခနဲ အငွေ့ထွက်သွားပါတယ်။ ပြီးတော့ "ကျွန်မ တစ်ခုလောက်ပြောလို့ရလား" ဆိုပြီး တုတ်ပါလေရော။ 

အိုး... အဲဒီမှာ သွားတာပဲ။ ဘာလို့လဲဆို အစတုန်းက ကျွန်မ မှတ်ယူထားတာနဲ့ အသစ်သိလိုက်ရတာက တက်တက်စင်လွဲနေတယ်ဆိုတာပေါ့။ (ကျွန်မကိုယ်တိုင်က ထူပိန်းလွန်းတော့ မရိပ်မိတာပါ) ကျွန်မထင်လိုက်တာက ပွဲလုပ်ဖို့ သူတို့တစ်ဖွဲ့တည်း မနိုင်လို့ ကိုယ်တွေကို လာအကူအညီတောင်းတယ်ပေါ့၊ (ပြီးတော့ အခုကျ အေးဆေးပြောလည်းရတာကို သူတို့အိမ်ကငွေဝယ်ကျွန်လို မှိုချိုးမျှစ်ချိုး ပြောနေတယ်ဆိုပြီးတော့ပေါ့လေ) ဒါပေမဲ့ တကယ်ဖြစ်နေတာက ကိုယ်တွေအဖွဲ့က အစ်ကိုကြီးကိုယ်တိုင်က "ကျွန်တော်တို့ ကူပါရစေ" ဆိုပြီး သွားခွင့်တောင်းတာတဲ့ဗျား။ ကဲ... ကြိုတင်ယူဆထားတာက လွဲနေတဲ့အခါ ပြဿနာမတက်စေဘူးလား.

အဲလိုလည်း သိလိုက်ရော အလိပ်လိုက်တက်နေတဲ့ ဒေါသတွေ ဘယ်ရောက်သွားမှန်းတောင် မသိတော့ပါဘူး။ "ဟိုက် သွားပြီ" ပေါ့😂😂။ အဲဒါနဲ့ ကျွန်မ ချက်ချင်းတောင်းပန်လိုက်ပါတယ်။ ပြီးတော့ ထပ်ထည့်လိုက်တာက ကျွန်မတိုဟာ စေတနာနဲ့ ကူညီပေးနေတဲ့သူတွေသာ ဖြစ်ကြောင်း၊ လက်တွဲလုပ်တဲ့လူချင်းအတူတူကို ငယ်ငယ်ကြီးကြီး လေးစားမှုတစ်ခုတော့ ပေးရမှာဖြစ်ကြောင်းပေါ့ (😬 ထည့်ပြောတာ မှားသွားလား)

ကျွန်မဘက်က ပြီးပေမဲ့ သူ့ဘက်က မပြီးနိုင်သေးပါဘူး။ ကျွန်မတို့ဟာ သူတို့လို မြန်မာကျော်အဖွဲ့အစည်းကြီးကို မယှဉ်နိုင်ကြောင်း၊ ကျွန်မတို့ ဥက္ကဋ္ဌဆိုတာလည်း ပါမွှားလေးဖြစ်ကြောင်း၊ သူတို့ကသာ မြင့်မြတ်ကြောင်း အဲဒီ၃ခုကိုပဲ ထပ်ခါထပ်ခါပြောနေပါတော့တယ်။ သူ့ခမျာ အသက်တောင် မရှူနိုင်ဘဲ ပြောနေလို့ ကျွန်မက "အသက်ရှူပါဦးအစ်ကိုရယ်" လို့ chat က သွားပို့လိုက်တာ မီးကို ရေနဲ့ သွားစသလို ပိုဆိုးစေပါတယ်🥲🥲 (ကျွန်မက သူ့ကို ရွဲ့နေတယ် ထင်သွားတာကိုး။ ထင်လည်း ထင်ချင်စရာပဲ😅 လေသံကိုလည်း ကြည့်ဦးလေ ဟိုမှာက ဆွေ့ဆွေ့ခုန်နေတာကို "တောင်းပန်ပါတယ်" မဟုတ်ဘဲ "အသက်ရှူပါဦး"ဆိုတော့ 🙂) 


နောက်ဘာဆက်ဖြစ်သလဲဆိုတာကိုတော့ ကျွန်မ ရှက်လွန်းလို့ မပြောတော့ပါဘူး။ ဒါပေမဲ့ အတော်ဆိုးရွားတာတစ်ခု ဖြစ်သွားတယ်ဆိုတာကိုတော့ သိလိုက်ပါပေါ့။ အဲဒီနောက်ပိုင်းကစလို့ လူတွေကို စကားပြောရမယ်ဆို အကြီးအကျယ် လန့်ပါတော့တယ်။ 

"ကြိုတင်ယူဆထားချက်တွေက ဒီလိုပြဿနာတက်စေတယ်ဆို အဲဒါတွေ မရှိဘဲ ဘယ်လိုဆက်သွယ်နားလည်ရမလဲ?"

"ကောင်းမွန်တဲ့ diplomacy ဆိုတာ ဘာလဲ?"

"အမှန်နဲ့ နီးစပ်တဲ့ assumption တွေ ရှိလား"

စသဖြင့်ပေါ့ မေးခွန်းတွေ အတန်းလိုက် ထွက်လာပါတယ်။ အခုတော့ ဖြည်းဖြည်းချင်းစီ လူတွေနဲ့ စကားပြောပြီး ဥခွံထဲကနေ ထွက်လာပါပြီပေါ့။ ဪ.. ဘုရား ဘုရား ရှင်သန်ရတာ မလွယ်ဘူးပဲ။ 

Comments