Featured post

Shinzo wo sasageyo

 သီချင်းကို သေချာပေါက် နားထောင်ပါ။


Shingeki no Kyojin ကြည့်ကြပါသလား။ အဲ.. attack on titanလို့ဆိုရင် ပိုသိကြမယ်ထင်ပါတယ်။ အဲဒီကားက အရမ်းကောင်းပါတယ်။ ဒါပေမဲ့ အခုပြောချင်တာက သူ့သီချင်းအကြောင်းပါ။ 


"စိတ်နှလုံးကို ပေးဆပ်ကြလော့" ဆိုတဲ့ သီချင်းသံက ကြားလိုက်တိုင်း ကြက်သီးထလာစေပါတယ်။ ဒါတင်မကဘဲ ချက်ချင်း ပိုင်ဆိုင်သမျှအကုန် စွန့်လွှတ်ပြီး အသက်ပေးချင်စိတ်ပါ ပေါက်စေပါတယ်။ ဒီတော့ ကျွန်မ မလုပ်ချင်မကိုင်ချင်နဲ့ ပျင်းတိပျင်းတွဲဖြစ်နေပြီဆို ဒီသီချင်းကို နားထောင်ပါတယ်😁😁


ဘာအတွက် နှလုံးသားကို ပေးဆပ်ရမှာလဲ။ တစ်ခါတလေကျတော့ ရေလည်လမ်းပျောက်ပါတယ်။ ဘဝရဲ့ နောက်ဆုံးပန်းတိုင်က ဘာလဲ။ ကျွန်မတို့ ဘာကြောင့် ဘာအတွက် အသက်ရှင်နေကြတာလဲ။ 


လောလောဆယ် ကျွန်မက ဒီအိမ်သေးသေးလေးမှာနေရတာ အရမ်းစိတ်ပျက်နေပြီး အိမ်ကြီးကြီးတစ်ဆောင် လိုချင်နေပါတယ်။ အိမ်ကြီးကြီးရပြီးသွားရင် ဘာလုပ်မလဲ၊ နောက်ထပ်အရာတွေ ထပ်လိုချင်မှာ ဖြစ်ပါတယ်။ 


မနေ့က စကော်လာရှစ်တစ်ခု သွားလျှောက်တော့ ဘဝရည်မှန်းချက်က ဘာလဲလို့ မေးပါတယ်။ ကျွန်မက စာရေးဆရာဖြစ်ဖို့လို့ ပြန်ဖြေလိုက်ပါတယ်။ အဲ.. စာရေးဆရာ ဖြစ်ပြီးတဲ့အခါ ကျွန်မ ဘာဆက်လုပ်မလဲ? မာရီကျူရီက နိုဘယ်ဆုရပြီးတဲ့အခါ ဒီလိုပြောခဲ့သတဲ့။ "ကျွန်မအတွက် အပျော်ရွှင်ဆုံးနေ့ရက်တွေဟာ ဂိုထောင်အဟောင်းထဲမှာ ရေဒီယမ်ဒြပ်စင်ရှာဖွေဖို့ လုပ်ခဲ့ရတဲ့အချိန်တွေပါပဲ" တဲ့။ သူက ရေဒီယမ်ဒြပ်စင် ရှာဖွေပြီးနောက် ဘာလုပ်ခဲ့သလဲ? lectureတွေပေးတယ်၊ သူ့အလုပ်သူ ဆက်လုပ်တယ်။ ကျွန်မကရော bestseller တွေ ဘာတွေ ထုတ်နိုင်ပြီး စာရေးဆရာဖြစ်သွားပြီ ဆိုပါစို့။ ဘာဆက်လုပ်ရမလဲ? အဲ..လုပ်စရာရှိတာတွေပဲ ဆက်လုပ်ရမှာပေါ့။


ဘဝဆိုတာ မြစ်ကြီးတစ်စင်း ဖြစ်ပါတယ်။ ရေအဟုန်က အမြဲရွေ့လျားစီးဆင်းနေပါတယ်။ ကျွန်မတို့ဟာလည်း အမြဲစီးဆင်းနေရမှာ ဖြစ်ပါတယ်။ နည်းနည်းလေး ရပ်လိုက်ပြီဆိုတာနဲ့ ရေစီးက နှစ်မြုပ်လိုက်မှာ ဖြစ်ပါတယ်။

Comments