Featured post
- Get link
- X
- Other Apps
"သရေခေတ္တရာ ကျဆုံးခန်း"
အစတုန်းက "ရွှေပြည်ထောင် ကျဆုံးခန်း" ဇာတ်လမ်းကို အတိုလေးရေးဖို့ စိတ်ကူးခဲ့တာ မဟုတ်ပါဘူး။ စကားလုံးရေ ၁,၀၀၀လောက် အနည်းဆုံးရှိတဲ့ ဝတ္ထုတိုလောက် ရေးဖို့ စဉ်းစားထားတာပါ။ ပြီးတော့ ဇာတ်လမ်းက ဒီလောက် မဆွေးပါဘူး။ ထုံးစံအတိုင်း ဟိုအလွဲ ဒီအလွဲကတော့ ပါပါတယ်။ အဲဒါပြီးတော့ ဇာတ်လမ်းကို သရေခေတ္တရာမှာ အခြေတည်ဖို့ ကြိုးစားခဲ့တာပါ။
သရေခေတ္တရာဆိုတာ သူများအတွက်တော့ မသိပေမဲ့ ကျွန်မအတွက်တော့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ပြည့်နေတဲ့ နေရာကြီးပါ။ (အဲလိုပြောလို့ ရောက်ဖူးတယ် မထင်ပါနဲ့။ လုံးဝ မရောက်ဖူးပါဘူး😂😂) ကြားဖူးကြလားတော့ မသိပေမဲ့ ဟိုး... သာကီဝင်တို့က စပြီး မောင်ပေါက်ကျိုင်းပုံပြင်၊ ဒွတ္တဘောင်နဲ့ ပန်ထွာဘုရင်မဇာတ်လမ်း၊ 'ငါ့စကော' စစ်တပ်ကြီးတိုက်လို့ ပျက်သွားရတယ်ဆိုတဲ့ ဇာတ်လမ်းတွေက ကျွန်မရဲ့ မရိုးနိုင်တဲ့ အိပ်ရာဝင်ပုံပြင်တွေပါ။
အဲဒီ့ထဲက ငါ့စကောစစ်တပ်ကြီးကတော့ စိတ်ဝင်စားစရာအကောင်းဆုံးပေါ့။ ဘာလို့လဲဆိုတော့ ကျွန်မက သေသေချာချာမှ မသိခဲ့ရတာ😶😶။ ကျွန်မ မှတ်မိတာက "တစ်နေ့မှာ မိန်းမတစ်ယောက်က ဆန်ပြာနေသတဲ့။ အဲဒီ့အချိန်မှာ လေကြမ်းတစ်ချက်က ဝှေ့လိုက်သတဲ့။ အဲဒီတော့ "ငါ့စကော ငါ့စကော"လို့ အော်ပြီး ပြေးလိုက်တာပေါ့။ အဲဒါကို တခြားသူတွေက တွေ့တော့ လေထဲမှာ လွင့်နေတဲ့ စကောကိုပဲ မမြင်မိတာလား ဘာလားမသိ "ငစကော ငစကော" အော်သံကြားပြီး ငစကော စစ်တပ်ကြီး လာပြီဆိုပြီး ရုတ်ရုတ်သဲသဲနဲ့ ထွက်ပြေးကြသတဲ့။ အဲလိုနဲ့ ပြည်ပျက်ပါလေရောတဲ့။ ဟုတ်လား မဟုတ်လားတော့ သေချာ မသိပါဘူး။ (မဟုတ်ဖို့က များ) ဒါပေမဲ့ စိတ်ဝင်စားစရာ မကောင်းဘူးလား။ အထူးသဖြင့် ပြည်သူပြည်သားတွေ ရုတ်ရုတ်သဲသဲနဲ့ ထွက်ပြေးနေတာကို မထိန်းနိုင်လောက်အောင် အဲဒီ့ဘုရင်က ဘာလုပ်နေခဲ့လဲဆိုတာပေါ့။
မူရင်းဇာတ်လမ်းအကျဉ်း
Aက (နာမည်မစဉ်းစားရသေးလို့) စာကြည့်တိုက်ကို သူ့ရည်းစားကြိုဖို့ ရောက်နေပါတယ်။ (နိုင်ငံကတော့ အနောက်နိုင်ငံ တစ်ခုခုပဲ ဖြစ်လိမ့်မယ်ထင်တယ်။ ဘာလို့ဆို သူတို့က သူများနိုင်ငံဆီကနေ ရှေးဟောင်းပစ္စည်းတွေ တိုက်ယူသွားပြီး သူတို့ပြတိုက်တွေမှာ ပြထားတတ်တာကိုး🙄🙄) အဲဒီမှာ သူက အငြိမ်မနေဘဲ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် လုပ်ရာကနေ ပေလွှာတစ်ခုကို ကိုင်မိသွားပါလေရော။
အဲဒီမှာ သရေခေတ္တရာကို ရောက်သွားတာပဲ (ဒီလို time-travel ဇာတ်လမ်းတွေ ရေးဖို့ အစပြုစေတာကတော့ တရုတ်ဝတ္ထုတွေပါပဲ။ အဲဒီ့အကြောင်းကို နောက်မှ ပြောပါဦးမယ်)။ သူရောက်သွားတဲ့အချိန်က သရေခေတ္တရာရဲ့ နောက်ဆုံးဘုရင် နန်းတက်တော့မဲ့အချိန် ဖြစ်ပါတယ်။ နန်းတော်မှာ တစ်ပတ်ပဲ နေရသေး၊ ဘုရင်ဖြစ်တဲ့ သူ့အစ်ကိုက သေသွားတော့ ဘုမသိ ဘမသိနဲ့ ဘုရင် ဖြစ်သွားရော။
စစချင်း ရင်ဆိုင်ရတာက အမတ်တွေရဲ့ ရှေးရိုးဆန်မှုပါ။ ဘေးပတ်ဝန်းကျင်နိုင်ငံတွေက အလျင်အမြန် အင်အားကြီးလာကြပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံမှာ ခုခံဖို့ အင်အားလုံလောက်တဲ့ စစ်တပ် မရှိပါဘူး။ ပြီးတော့ တိကျတဲ့ အခွန်စနစ်မရှိပါဘူး (ဆိုတော့ တိုင်းပြည်ဘက်ဂျက် မရှိဘူးပေါ့)။ နောက် ကုန်သွယ်ရေး ဘာညာမှာလည်း နိမ့်ပါးနေပါတယ်။ ဒါကို ပြင်ဖို့လုပ်ပေမဲ့ အမတ်တွေက လက်မခံကြပါဘူး။ နောက်ဆုံးတော့ ဘုရင်ကို မိဖုရားဆောင်ထဲ ထည့်ပိတ်ပြီး တိုင်းပြည်အုပ်ချုပ်ရေးကို အမတ်တွေက လုယူပစ်လိုက်ကြပါတယ်။ ဒါ့အပြင် ဘုရင်က ဘာသာကို မသက်ဝင် မယုံကြည်တဲ့ မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်း ဝါဒဖြန့်ထည့်လိုက်ပါတယ်။ (တကယ်လည်း ဘုရင်က ဗုဒ္ဓဘာသာမှ မဟုတ်ဘဲ) အဲဒီမှာ တိုင်းသူပြည်သားတွေက ရုတ်ရုတ်သဲသဲဖြစ်ကြတော့တာပဲ။
အချိန်ကိုက်ဆိုသလို မိုးကလည်း ခေါင်ပါလေရော။ အဲဒါနဲ့ ဘာမှ စိုက်လို့မရ။ အမတ်တွေက ဒါ ဘုရင်ကြောင့်ဆိုပြီး ထိုးချ၊ ပြည်သားတွေက ပိုပြီး ဆူပူရော။
တစ်နေ့မှာ မိန်းမတစ်ယောက်က ဒါ နောက်ဆုံး နေ့လည်စာဖြစ်ကြောင်း၊ ဆန်လည်း မရှိတော့ကြောင်း၊ နောက်ဆို ငတ်ကြတော့မှာ ဖြစ်ကြောင်း ဗျစ်တောက်ဗျစ်တောက်ပြောရင်း ဆန်ပြာနေသတဲ့။ အဲ. . . လေကလည်း ဖြူးခနဲ တိုက်လိုက်တာ စကောကြီးက လွင့်သွားရောတဲ့။ လေလာရာဘက် လှည့်ကြည့်လိုက်တော့ ဖုန်တထောင်းထောင်းထနေတာကို တွေ့လိုက်သတဲ့။ ဖုန်တွေကြားထဲက မြင်းစီးသူရဲတစ်ယောက် ထွက်လာတာလည်း တွေ့လိုက်သတဲ့။ သူက ကြောင်ပြီး ရပ်ကြည့်နေတုန်း ဘေးနားက သူ့ယောက်ျားက သူ့လက်ကို ဆွဲလို့ ပြေးပါလေရော။ မိန်းမကတော့ လမ်းတစ်လျှောက်မှာ ကျကျန်ခဲ့တဲ့ ဆန်နဲ့စကောကိုသာ အော်နေသတဲ့။ "ငါ့စကော ငါ့စကော" လို့ပေါ့။ ယောက်ျားက "စစ်တပ်ကြီး လာပြီ"လို့ပြော၊ မိန်းမက "ငါ့စကော"လို့အော် ဆိုတော့ "ငါ့စကော စစ်တပ်ကြီး လာပြီ" ဖြစ်သွားပြီး တစ်တိုင်းပြည်လုံး ပြေးကြရော ဆိုပါတော့။
နန်းတော်ထဲမှာ အမတ်တွေက မရှိတော့ဘူးတဲ့။ သူတို့က လာတိုက်မဲ့ သတင်းရထားပြီးမို့ ကြိုရှောင်သွားကြပြီ ဆိုပဲ။ အဲ... ဘုရင်ကရော? ဘုရင်ကို လူပျိုတော်ကနှိုးလို့ နိုးလာသတဲ့။ သူ စရောက်လာတုန်းက ရွှေလို တောက်ပတဲ့ မြို့တော်ကြီးဟာ ဖုန်တထောင်းထောင်းထနေပြီး မြင်းစီးသူရဲတွေ ပြည့်နေတာကို လေသာတန်ဆောင်းကနေ မြင်တော့ ခုန်ချသွားတယ်ဆိုလား. . .
(ဇာတ်လမ်းက အတော်တော့ ကလင်သီနိုင်ပါတယ်။ ဒါကြောင့်လည်း ဆရာမက မရေးခိုင်းတာနေမယ်)
Comments
Post a Comment