Featured post
- Get link
- X
- Other Apps
ကျွန်မဟာ ဘာသာရေး ကိုင်းရှိုင်းသလား. . .
ငယ်ငယ်တုန်းကတော့ ကိုင်းရှိုင်းပါတယ်။ အဲဒါကလည်း အဖေအမေတို့ကြောင့်ပါ။ အမေက "ဘာသာရေးအဆုံးအမဆိုတာ လူတိုင်းမှာ ရှိသင့်တယ်" ဆိုပြီး ကျွန်မတို့ ညီအစ်မ ၂ယောက်ကို ဘုန်းကြီးကျောင်းကိုချည်း ပို့ပါတယ်။ ယဉ်ကျေးလိမ္မာသင်တန်းတွေပို့တာလည်း တစ်နှစ်မှ မပျက်ပါဘူး။ (ဘယ်လောက်ပို့ပို့ ဟောဒီ ကျွန်မတစ်ယောက်ကတော့ မယဉ်ကျေး မလိမ္မာလာတာ အခုထက်ထိပါပဲရှင်) အရင် entryတစ်ခုမှာ ရေးခဲ့တဲ့အတိုင်း ကျွန်မက သူများကို ရှိခိုးရမှာဆို အတော့်ကို ရွံ့ပါတယ်။ (ဘဝင်မြင့်တယ်ပဲ ဆိုချင်ဆိုပါတော့) ဘယ်သူ့ကိုမှ မရှိခိုးချင်ပါဘူး။ အဲဒီတော့ ဘုရားလည်း မရှိခိုးချင်ပါဘူး။ အဲလို ပေကပ်ကပ်နဲ့ လုပ်နေရင် အဖေက ဆော်ပလော်တီးပါတော့တယ်။ ဒီတော့ ငိုငိုယိုယိုနဲ့ ရှိခိုးရတာပေါ့။
ခုနစ်တန်းလောက်ရောက်တော့ သူများတွေ family tripသွားနေကြချိန် အမေက ကျွန်မတို့ကို ရွှေတောင်ကုန်းမှာ သီလရှင် တစ်လ ဝတ်ခိုင်းပါတယ်။ ညီမတော်ကတော့ ရှုံ့ရှုံ့မဲ့မဲ့ လုပ်နေပေမဲ့ ကျွန်မကတော့ အိမ်မှာမနေရတဲ့အတွက် အပျော်ကြီး ပျော်နေပါတယ်။ အဲ... သီလရှင်ကျောင်းမှာ ပျော်နေတဲ့သူဆိုလို့ ကျွန်မတစ်ယောက်ပဲ ရှိတယ်တူပါရဲ့။ ကျန်တဲ့ အခန်းဖော်တွေရော ရွယ်တူတွေရော အိမ်ကို လွမ်းလို့၊ အမေကို လွမ်းလို့ ဆိုပြီး ငိုကြပါတယ်။ ကျွန်မကသာ ဟင်းကောင်းလည်း နေ့တိုင်းစားရ၊ ရေခဲမုန့်လည်း နေ့တိုင်းစားရ၊ ဘာမှလည်း လုပ်စရာမလို၊ အမေနဲ့ အဘွားကြီး တစ်စုတို့ရဲ့ ရန်ဖြစ်သံ အော်ကြီးဟစ်ကျယ်သံတွေလည်း ကြားစရာမလို၊ အိပ်လိုက် စားလိုက် ဘုရားရှိခိုးလိုက် စာသင်လိုက် ဆိုတော့ အပျော်ကြီး ပျော်နေပါတယ်။ ဪဪ.. သူတို့ဆီမှာ ကဗျာပြိုင်ပွဲတို့ ကျပန်းစကားပြောပြိုင်ပွဲတို့လည်း ရှိတော့ အတော်ကြိုက်ပါတယ်။ အကောင်းဆုံးကတော့ ညနေ ၄နာရီတိုင်းရှိတဲ့ ဟောပြောပွဲတွေပါပဲ။ အဲဒီညနေတိုင်းမှာ ကျွန်မက ထထပြီး မေးခွန်းတွေ မေးနေကျ ဖြစ်ပါတယ်။ (အဲဒါကြောင့် အဲဒီကသူတွေက ကျွန်မကို ဆရာလေးဘွဲ့နာမည်ထက် "မေးခွန်း ထထမေးတဲ့ ဆရာလေး" လို့ပဲ သိကြပါတယ်၊ အဲဒါကြောင့် MRTV-4က လာအင်တာဗျူးတဲ့အခါ ကျွန်မ အဗျူးခံလိုက်ရပါသေးတယ် ဟိဟိ)
အဲဒီက ပြန်ရောက်လာပြီးနောက် အမေ့သမီးလိမ္မာလေး ဖြစ်သွားတယ်လို့ပဲ ပြောရမလား... ဘုရားတွေ ဘာတွေလည်း ရှိခိုးလာပါတယ်။ ပြီးတော့ တကယ်serious ကြီး ဘာသာရေး လုပ်ပါတော့တယ်။ (တရားထိုင်တာလို အဘိဓမ္မာအကြောင်းတွေ လိုက်ရှာဖတ်တာလို့ပေါ့) အမေ့သမီးလိမ္မာလေး ဖြစ်သွားပြန်တော ကျောင်းမှာ လူတွင်ကျယ်ကလေး မဖြစ်တော့ပါဘူး။ အဲဒီ့အချိန် ကျောင်းကလူတွေက အရှင်ဆေကိန္ဒလူငယ်တရားစခန်းဆီ သွားကြပါတယ်။ (အဲဒီမှာက ဆော့ဖို့ သွားတာလိုပါပဲ။ တစ်ရက်ကို ဘုရားလေးဘာလေးရှိခိုးပြီးရင် စားလိုက် ဆော့လိုက်နဲ့) အဲဒါနဲ့ စကားစပ်လို့ ပြောမိကြရင်း ကျွန်မက ရွှေတောင်ကုန်းမှာ သီလရှင် ၂နှစ်ဝတ်ဖူးကြောင်း သူတို့သိသွားတော့ အံ့ဩကုန်ကြပါတယ်။ "ဟယ် အဲဒီမှာ ၂နှစ်တောင် ဝတ်နိုင်တယ်?? စည်းကမ်း ဒီလောက်ကြပ်တာကိုလေ??" ဆိုပြီး ပြောကြပါတယ်။ ကျွန်မက "အဲလောက်လည်း မဟုတ်ပါဘူး။ အနေသာကြီး"လို့လည်း ပြန်ပြောရော လန့်ဖြန့်သွားကြပြီး ကျွန်မကို သိပ်စကားမပြောတော့ပါဘူး။ (ဘာလို့လဲဟင်)
ဆယ်တန်းကျတော့ ကျူရှင်က သူငယ်ချင်းတွေနဲ့ shopping mallဝင်လို့ အခွေဆိုင်သွားကြတဲ့အခါ တရားခွေတွေနားကိုရောက်တော့ တစ်ယောက်က "ဒါက နင်တို့အတွက်" ဆိုပြီး နောက်ပါတယ်။ အဲဒါကို သူ့ဘေးက တစ်ယောက်ကလည်း နာပါတယ်။ "ဘာလို့ ငါ့အတွက် ဖြစ်ရမှာလဲ? ငါက အဘွားကြီးမှ မဟုတ်တာ"တဲ့။ အဲဒါကို တရားတွေနာ၊ အဘိဓမ္မာတွေ ဖတ်နေတဲ့ အနောက်က အဘွားကြီးအိုလေး ကျွန်မက ကြားတော့ "ဘယ်အချိန်သေမယ်မှန်း မသိတာကို အသက်ကြီးမှ ဘာသာရေးလုပ်မယ်တဲ့။ အံ့ပါရဲ့။ ဘာသာရေးဆိုတာ လူအိုတွေအတွက်ချည်းမှ မဟုတ်တာ" ဆိုပြီး နှာခေါင်းရှုံ့လိုက်ပါသေးတယ်။ (I mean.. duh ╮(o_o)╭)
အဲ.. တက္ကသိုလ်ရောက်ပြီးနောက်မှာတော့ လူတော်လူတတ်တွေနဲ့တွေ့ပြီး ဘုရားမရှိခိုးတော့ပါဘူး။ စဉ်းစားကြည့်... ဘာအလုပ်မှမလုပ်ဘဲ ဘုရားချည်း ထိုင်ရှိခိုးတော့ ဘာရမှာလဲ။ အဲ.. အဲလိုတွေးပြီး မရှိခိုးတော့ဘဲ တရုတ်ဝတ္ထုပဲ ဖတ်နေပါတော့တယ်။
အခုတော့ အလုပ်လုပ်မယ်ကြံတိုင်း စိတ်ဂနာမငြိမ်တာ သတိထားမိလို့ အိပ်ခါနီးတိုင်း တရားထိုင်နေပါပြီ။
ကျွန်မသာ ဗုဒ္ဓဘာသာဝင် မဟုတ်ခဲ့ရင် ခရစ်ယာန်တစ်ယောက်ဖြစ်မယ် ထင်ပါတယ်။ (အခုတောင် ဘုရားရေတို့ ဗုဒ္ဓေါတို့ထက် jesus christလို့ပြောတာက ပိုများနေပါတယ်) ဘာလို့လဲဆို အချစ်ကလေးနဲ့အတူတူ ကျမ်းစာကျောင်း တက်ချင်တာကြောင့်ပဲ ဖြစ်ပါတယ်။ (ဪ.. ပြီးတော့ ကိုယ်လုပ်ခဲ့သမျှကို ခရစ်တော်က ဆပ်သွားတယ်ဆိုတာ မကောင်းဘူးလား။ ဪ.. ပြီးတော့ ဘုရားဆီမှာ တောင်းရင် ရတာရောပဲ။ ဒီမှာတော့ ကိုယ်ဖြစ်ကိုယ်ခံဝါဒမို့ ရှုံ့မဲ့မဲ့နဲ့ ငါလုပ်ခဲ့တာ ငါလုပ်ခဲ့တာဆိုပြီး စိတ်ညစ်နေရပါတယ်လို့)
Comments
Post a Comment