Featured post
- Get link
- X
- Other Apps
ဒီနေ့ တစ်နေ့လုံး မိုးစွေနေပါတယ်။ ကျွန်မကလည်း ၁၀၈ကို ကျိန်ဆဲနေပါတယ်။ ဘာလို့လဲဆို သူလာဖို့ကို ၁နာရီတောင် စောင့်ရတာမို့ပါ။ ကျွန်မ ဘယ်အချိန်ထွက်လာလာ ၁နာရီ တိတိစောင့်ရပါတယ်။ အရင်နေ့က ၁၂နာရီလောက် ကားစောင့်တော့ ၁နာရီမှ လာတာမို့ ဒီနေ့တော့ ၁၂ခွဲလောက် ကားမှတ်တိုင်ရောက်နေတာကြောင့် "နာရီဝက်ပဲ စောင့်ရတော့မယ်" ဆိုပြီး ပျော်နေတုန်း ၁နာရီလည်း မလာ၊ ၁နာရီ ၁၅လည်း မလာဘဲ ၁နာရီခွဲမှ ရောက်ချလာလို့ အတော်စိတ်ကုန်ရပါတယ်။ မိုးရွာလို့ စိုစိစိဖြစ်နေရတဲ့အထဲ သူက တစ်မျိုး။
ကျွန်မ ဘာလို့ အပြင်ရောက်နေရလဲ။ ကျွန်မ ကျောင်းသွားတက်နေတာ ဖြစ်ပါတယ်။ ကျောင်းဆိုတာ ရန်ကုန်တက္ကသိုလ်၊ ကျွန်မတို့တတွေ ဆန္ဒပြပြီး ရပ်ပစ်ခဲ့တဲ့ ကျောင်းပေါ့။ အခုတော့ ဘွဲ့တစ်ခု ရဖို့ ပြန်တက်နေရပါတယ်။ ၃လပဲ သည်းခံရမှာဆိုတော့လေ။ well... အရင်က ဂုဏ်ထူးတန်းမှာသာ ဆက်နေရင် တစ်နှစ်နဲ့ ၃လ ကျန်ပါသေးတယ်။ ဒါပေမဲ့ ဒီအစိုးရလက်ထက်မှာ ဂုဏ်ထူးတန်းတက်ပြီး ဘာလုပ်မှာလဲဆိုပြီး ရိုးရိုးတန်းကို ပြန်ဆင်းပါတယ်။ နိုင်ငံခြားမှာ ကျောင်းတက်မယ်ဆို ဘက်ချလာထက် မာစတာက ပိုပြီး ပညာသင်ဆု ပေးတာ များတယ် မဟုတ်လား။ နို့မို့ ကိုယ့်ဘာသာကိုယ် စရိတ်ခံပြီး သွားတက်မယ်ဆို ကျွန်မ မတတ်နိုင်ဘူး။
ကျောင်းပြန်တက်တဲ့သူတွေကို Facebookပေါ်မှာ shamingလုပ်တာတွေ၊ ဝိုင်းပယ်တာတွေ ရှိတယ်။ "နင်တို့က ဒီအစိုးရလက်ထက်မှာ ကျောင်းပြန်တက်တာလား၊ ကျောင်းတက်တော့ စာရမှာမို့လား၊ သူများတွေ စစ်ပြေးနေချိန် နင်တို့ ကျောင်းပြန်တက်တော့ မရှက်ဘူးလား၊ ကျောင်းမတက်ဘဲ လုပ်လို့ရတာမှ အများကြီး စာသင်လေ contentရေးလေ graphic designလုပ်လေ marketingလုပ်လေ တစ်လ ဆယ်ဂဏန်းဝင်တယ်" ဆိုပြီး ပြောတာတွေပေါ့။
အမှန်တော့ စိတ်မကောင်းဘူးလို့ ရှိမလား။ ကျွန်မတို့ကို သင်ခဲ့တဲ့ ဆရာမက စစ်ပြေးနေရပြီး ဆရာက ကလေးကျောင်းကြိုလုပ်နေရတော့ ကျွန်မလည်း ခံစားရ အတော်ခက်ပါတယ်။ ဒါပေမဲ့လည်း မတတ်နိုင်ဘူး။ ကျွန်မက တခြား လုပ်တတ်တာက မရှိ။ marketingလုပ်ဖို့က ကျွန်မက စကား မပြောချင်၊ graphic designလုပ်ဖို့ အနုပညာမျက်စိ မရှိ ကိုယ်ဆွဲချင်တာပဲ ဆွဲနေတာ (ကျွန်မ ဆွဲတဲ့ ပုံတော်များများမှာ အပြာရောင် လွှမ်းခြုံနေတာ များပါတယ်။ ကျွန်မက အပြာရောင် ကြိုက်တာကိုး)၊ contentရေးဖို့ကျ ကျွန်မက ကိုယ်ရေးချင်တာပဲ ရေးချင်တာ ပြီးတော့ seoမသိ ဘာမသိ (ဒါကတော့ သင်ရဦးမှာပေါ့လေ)၊ စာသင်ဖို့ကျတော့လည်း ကျွန်မတတ်တာက အင်္ဂလိပ်စာပဲရှိပြီး TESOLတို့လို ဆရာလက်မှတ်ကလည်း ဘွဲ့ရမှ တက်လို့ရတာဆိုတော့ 😬 လက်မှတ်မရှိတော့လည်း လူတွေက မသင်ချင်ကြဘူးလေ။ (ကျွန်မဆိုရင်ရော လက်မှတ်မရှိတဲ့သူဆီမှာ သင်ချင်မလား နိုး)
ဆိုတော့ကာ ကျောင်းပြန်တက်နေရပါတယ်ပေါ့။ ဟင်း. . . စိတ်ညစ်ပါတယ်လေ
- Get link
- X
- Other Apps
Comments
Post a Comment