Featured post

ကြေကွဲမင်းသားငယ် (The fall of a kingdom reflection)

 



ဒီဇာတ်လမ်းရေးတုန်းက ကျွန်မ အတော် စိတ်ညစ်နေပါတယ်။ တရုတ်ဝတ္ထုဖတ်ရင်း ဘုရင်တွေ မင်းသားတွေအကြောင်း စဉ်းစားမိရင်းနဲ့ ငါလည်း ဘာလို့ အဲလိုဇာတ်လမ်းတစ်ပုဒ်မရေးသလဲဆိုပြီး အစမ်းချကြည့်တာပါ။ (ကျွန်မက သမိုင်းခရေဇီလေ။ ဖတ်လည်း သမိုင်းစာအုပ်၊ ကြည့်လည်း သမိုင်းရုပ်ရှင်ပဲ ပိုကြည့်ပါတယ်။ romanceတောင် သမိုင်းromanceမှ အယ်လယ်)

ဇာတ်လမ်းအကျဉ်းချုပ်


အမည်မသိ မင်းသားတစ်ပါးက ငိုကြွေးနေပါတယ်။ သူ့အစ်ကို သေဆုံးသွားလို့ ဖြစ်ပါတယ်။ အသက် ၂၅နှစ်သာရှိသေးတဲ့ ဘုရင်ပျိုတစ်ပါးက ရုတ်တရက် ဖျားပြီးနတ်ရွာစံသွားတာကို မယုံနိုင် ဖြစ်နေပါတယ်။ သူ့အဖေကလည်း လွန်ခဲ့တဲ့ ၆လကမှ နတ်ရွာစံသွားတာပါ။ အလောင်းရှေ့မှာ ငိုကြွေးနေတဲ့ မင်းသားကို အနောက်မှာ ကပ်ရပ်နေတဲ့ အကြီးတော်က နန်းတက်ပွဲရှိသေးတယ်ဆိုပြီး ခပ်သုတ်သုတ်ငိုဖို့ ပြောနေပါတယ်။ မင်းသားက ဝုန်းခနဲ ထွက်သွားပါတယ်။ ပလ္လင်ကို အသွားမှာ "ဘုရင်ငယ်က စိတ်ခံစားချက်နောက်ကို လိုက်တယ်"ဆိုတဲ့ စကားကို ခပ်သဲ့သဲ့ ကြားရပါတယ်။

နန်းတက်ပြီး ၃လအကြာမှာ မိဖုရားအဆောင်သွားပြီး သားတော်ရတနာအတွက် ကြိုးပမ်းပါတော့ ဆိုတဲ့ သဘောထားထုတ်ဖော်အစီရင်ခံလွှာတွေ တောင်လိုပုံအောင် ဒလဟော ရောက်လာပါတယ်။ "တိုင်းပြည်မအုပ်ချုပ်နိုင်လည်း နိုင်ငံအတွက် မျိုးဆက်ချန်ထားဖို့ပဲ လုပ်ပါတော့" ဆိုတဲ့အသံတွေလည်း ခပ်စိပ်စိပ် ကြားလာရပါတယ်။ သူက စိတ်ပျက်ပျက်နဲ့ ရယ်ပါတယ် "တစ်သက်လုံး အပျော်အပါးမက်ဖို့ ပုံသွင်းခံလာရပြီးမှ အခုတော့ ဘုရင်ကောင်းလုပ်ဖို့ ကြိုးပမ်းရပြန်ဦးမတဲ့လား"တဲ့။

ဘုရင်လုပ်ပြီးလို့ ၆လအကြာမှာ ပြည်သူပြည်သားတွေက မြို့တစ်ပတ် စီတန်းလှည့်လည်ပြီး နန်းရင်ပြင်မှာ စုရုံးကြပါတယ်။ ပြီးတော့ တိုင်းပြည်ကို လှည့်ကြည့်ရပါမဲ့အကြောင်း၊ ပြည်သူပြည်သားတို့ မွဲတေနေတဲ့အကြောင်း လာလျှောက်တင်ကြပါတယ်။ ဘုရင်ငယ်ကတော့ ရာဇပလ္လင်နောက်မှာ ပုန်းနေပါတယ်။ ပြီးတော့ ဒီလိုလည်း ပြောပါသေးတယ် "ငါကိုယ်တော် ညနေစာလျှော့စားရင်ရော အသပြာတွေ ပိုထွက်လာနိုင်မလား" တဲ့။

တိုင်းသူပြည်သားတွေက နူးညံ့သိမ်မွေ့ကြပါတယ်။ လက်နက်တွေနဲ့ ဘုရင်ပျိုကို နန်းချကြမှာ မဟုတ်ဘဲ သည်နေရာကိုသာ စွန့်ခွာသွားကြမှာ ဖြစ်ပါတယ်။ တဖြည်းဖြည်း အိမ်နီးချင်း မြို့ပြနိုင်ငံတွေကို ထွက်ခွာသွားကြပါတယ်။ သူတို့အဆင်ပြေတော့ ကျန်ရစ်သူ မိသားစုတွေကိုပါ ခေါ်သွားကြပါတယ်။ 

နန်းတက်ပြီး တစ်နှစ်အကြာမှာ လူပျိုတော်ရဲ့ အလန့်တကြားအာမေဋိတ်သံကြောင့် နိုးလာပါတယ်။ စက်ရာဆောင်ရဲ့ လေသာပြတင်းကနေ လှမ်းကြည့်တဲ့အခါ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတို့ အလျှိုလျှို နန်းမြို့တံခါးကနေ ထွက်သွားကြတာ မြင်ရပါတယ်။ ဘုရင်ပျိုဟာ လေကို တစ်ဝကြီး ရှူသွင်းလိုက်ပြီး မြို့တော်ကြီးကို မျက်စိတစ်ဆုံး ကြည့်လိုက်ပါတယ်။ အရင်က ရွှေတဖိတ်ဖိတ်တောက်ခဲ့တဲ့ မြို့တော်ကြီးဟာ အခုတော့ ခြောက်ကပ်ကပ် အဝါရောင်ကွင်းပြင်ကြီးမျှသာ ဖြစ်သွားပါပြီ။ ဒီလောက်အချိန်အတွင်းမှာ သူချစ်တဲ့ တိုင်းပြည်ကို အောက်ဆုံးအထိ ဆွဲချနိုင်ခဲ့တဲ့ သူ့ကိုယ်သူ ဩဘာပေးတဲ့အနေနဲ့ အားရပါးရ ရယ်လိုက်ပါတော့တယ်။ 

Oh right. . ဒီခေါင်းစဉ်"ကြေကွဲမင်းသားငယ်" ဆိုတာ အခုတလော အတော်လေး hotနေတဲ့ "ကြေကွဲလူငယ်"ဆိုတဲ့ စကားကို ပြန်ပြင်သုံးထားတာ ဖြစ်ပါတယ်။ ခပ်ရွဲ့ရွဲ့ပြောရရင်တော့ အခုခေတ်ကြေကွဲလူငယ်တွေဟာ ဒီမင်းသားလိုပဲ တစ်စုံတစ်ခုကို ကြေကွဲလို့ မဆုံးနိုင်တော့ပါဘူး🙂

Comments