Featured post

သင်္ကြန် (ကန္တာရထဲတွင် လမ်းပျောက်သွားသော ချောင်းကလေး)

 သင်္ကြန်ရောက်ရင် လူတွေ ဘာလို့ပျော်ကြလဲ ကျွန်မ နားမလည်ပါဘူး။ ဘာလို့လဲ? ဘာများ ထူးခြားလို့လဲ? ‌


ရေပက်ကြလို့လား? ကမ်းခြေသွားရလို့လား? ဘုန်းကြီးကျောင်းသွားရလို့လား? စတုဒီသာ စားရလို့လား? ပိတောက်ပန်းတွေ မြင်ရလို့လား? မုန့်လုံးရေပေါ် စားရလို့လား?

အရင်ကတော့ ပျော်ရင် ပျော်ဖူးပါလိမ့်မယ်။ ဒါပေမဲ့ အခုတော့ သာမန်နေ့တစ်နေ့ပါပဲ။ အဲဒါအပြင် သူများတွေ ဘာလို့များ အထူးတဆန်းဖြစ်နေရလဲဆိုတာလည်း နားမလည်နိုင်တဲ့အထိ ဖြစ်နေပါတယ်။ 


ကျွန်မဘဝမှာ ဟုတ်တိပတ်တိ ရေမပက်ဖူးပါဘူး။ ကျွန်မ အသက် ၁၁နှစ်လောက်အထိ မြက်တွေပေါတဲ့ ခြံကြီးတစ်ခြံထဲမှာ ပိတ်လှောင်ခြင်းခံခဲ့ရပါတယ်။ ကျောင်းက အိမ်ကနေ ၅မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပါတယ်။ မနက် ၈နာရီ၄၅ဆို ကျောင်းသွား၊ ညနေ ၃နာရီကျောင်းလွှတ်ရင် အိမ်ပြန်၊ ခြံထဲဝင်လိုက်တာနဲ့ သံတခါးကြီးကို ဂျိမ်းခနဲပိတ်ပြီး သော့ခတ်လိုက်ပါပြီ။ ပြီးရင် အိမ်မှာ tvကြည့်ရင်ကြည့် (မီးလာတဲ့အခါပေါ့) ခြံထဲဆင်းပြီး သဲတွေနဲ့ ဆော့ရင်ဆော့၊ ညီအစ်မ ၂ယောက် ရန်ဖြစ်ရင်ဖြစ်🤣 ဒါမှမဟုတ် မီးဖိုချောင်ထဲသွားရှုပ် ဒါတွေပဲ လုပ်စရာရှိပါတယ်။ ကျောင်းကလူတွေကတော့ ညနေ ၅နာရီလောက် ရေချိုးပြီးရင် အချင်းချင်း ချိန်းပြီး ဆော့ကြတယ်တဲ့။ ကျွန်မလို အိမ်ထဲက အိမ်ပြင်မထွက်ရတဲ့သူကတော့ လူရာမဝင်ဘူးပေါ့။ 


သင်္ကြန်ဆိုလည်း ဘာထူးလဲ။ သူများတွေ ရေလိုက်ပက်နေတဲ့အချိန် ကျွန်မတို့မှာ အိမ်ထဲပဲ နေရပါတယ်။ ညနေကျမှ ညီအစ်မ၂ယောက် အချင်းချင်း ရေပက်ပြီး သင်္ကြန်ကျရပါတယ်။ နောက် နည်းနည်းလေးကြီးလာတော့ အိမ်က ဘုန်းကြီးကျောင်းကို ပို့ပါလေရော။ 


နောက်ပိုင်း အဖေနဲ့ အမေကွဲလို့ အဘွားအိမ်ရောက်ပြန်တော့လည်း ဘာထူးလဲ။ တခြားကလေးတွေ အောက်မှာ ရေပက်နေကြပေမဲ့ အဖေ့ရဲ့ လောင်းရိပ်အောက်က မလွတ်နိုင်တဲ့ အမေက ကျွန်မတို့ကို တိုက်အောက် မဆင်းခိုင်းပါဘူး။ ဒါ့အပြင် တစ်အိမ်လုံးဘုန်းကြီးကျောင်းပဲသွားကြတော့ ကျွန်မတို့လည်း ယောဂီဝတ်စုံလေးတွေဝတ်ပြီး ဥပုသ်စောင့်နေရပါတယ်။ 


So. . သူများတွေ ပျော်တဲ့အချိန် လိုက်မပျော်နိုင်တာ မဆန်းပါဘူး။ အားလည်း နာပါတယ် အိုကေ? ဒီတော့ "မင်းကို ကြည့်ရတာ မလွတ်မြောက်နိုင်ဘူး"တွေ "စိတ်ပင်ပန်းတယ်"တွေ "ပြောင်းလဲပါလား" တွေ လာမပြောပါနဲ့။ ကျွန်မလည်း ဖြစ်ချင်လို့ ဖြစ်နေရတာမဟုတ်ဘူး။ ပြောင်းလဲဖို့လည်း မတတ်နိုင်ဘူး။ အဲဒီတော့ ထိထိရောက်ရောက် ကူညီနိုင်တာလည်းမဟုတ်ရင် အဲဒီ့အပေါက်ကို ပိတ်ထားလိုက်ပါလို့ ပြောပါရစေ🙂


Comments