အခုကစလို့ ကျွန်မ ရေးသမျှသော ဝတ္ထုတိုတွေရဲ့ နောက်ကွယ်က ဇာတ်လမ်းတွေ၊ ရေးနေရင်း တွေးဖြစ်တာတွေကို ဒီမှာ လာရေးပါ့မယ်။ Big Spoiler Alertနော်
ကျွန်မ အခု kamikazeဆိုတဲ့ ဝတ္ထုတိုတစ်ပုဒ် ရေးနေပါတယ်။ ခေါင်းစဉ်က ဂျပန်နာမည်ယူထားတာဖြစ်ပြီး ဇာတ်လမ်းကိုလည်း ဂျပန်မိသားစုလိုလို တည်ထားပါတယ်။ ဘာလို့လဲဆို ကျွန်မရေးမှာက အသက် ၈၀သမီးက အသက်၁၀၀ရှိတဲ့ အမေကို ပြန်သတ်တဲ့ horrorဇာတ်လမ်းဖြစ်ပြီး ကြောက်စရာကောင်းသထက် ကောင်းစေချင်တာကြောင့် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျပန်လို အရှေ့တိုင်းနိုင်ငံမှာ ကိုယ့်အပေါ်ကျေးဇူးရှိသူကို အလွန်ရိုကျိုးကြတာဖြစ်ပြီး အဖေအမေကို ပြန်သတ်တယ်ဆိုတာဟာ အတော်ကြောက်စရာ ရွံစရာကောင်းတဲ့ ကိစ္စမျိုးဖြစ်လို့ပါပဲ။
ဒီidea ကို ဘယ်က ရတာလဲ
ကျွန်မရဲ့ ဝတ္ထုအများစုအတွက် ကုန်ကြမ်းကို ကျွန်မအိမ်ကနေ ရပါတယ်။ ဖီးဖီး၊ ဘောင်ဘောင်နဲ့ အမေတို့ရဲ့ ငယ်ဘဝတွေ၊ သူတို့ရဲ့ အခု တွေ့ကြကြုံရပုံတွေ၊ အိမ်မှာ ရန်ဖြစ်ကြပုံ၊ ကျွန်မရယ် ညီမတော်ရယ် ဝမ်းကွဲညီမတစ်ယောက်ရယ်တို့ရဲ့ ရယ်စရာအလွဲတွေ. . စတာတွေကနေ အကြံနဲ့ ဇာတ်လမ်းပေါင်းများစွာ ထွက်ပါတယ်။ အခုဇာတ်လမ်းကတော့ ဘောင်ဘောင်နဲ့ ဖီးဖီး ရန်ဖြစ်ကြပုံကို အခြေခံထားတာပါ။ (ဇာတ်လမ်းဖတ်ပြီး ဟုတ်ပမလားလို့ မထင်နဲ့ တကယ်အဟုတ်)
ဇာတ်လမ်းအကျဉ်းချုပ်
အပူချိန် ၄၀ဒီဂရီ ဆဲစီးယပ်ရှိတဲ့ နေပူပူနေ့တစ်နေ့မှာ akariဆိုတဲ့ အသက်၈၀အဘွားကြီးက အင်္ကျီတစ်ထည်ကို ချုပ်နေပါတယ်။ ဘာလို့ပါလိမ့်။ ဝှီးချဲပေါ်မှာ မျော့မျော့လေး ထိုင်နေတဲ့ သူ့အမေကို ဝတ်ပေးဖို့ပါ။ လိုက်ကာတွေ ဖွင့်ထားပေမဲ့ ပြတင်းပေါက်တွေအကုန် ပိတ်ထားတာကြောင့် ပူလှောင်အိုက်စပ်နေပါတယ်။ ဒါ့အပြင် အိမ်ရှေ့ခန်းမှာ ပြင်ထားတဲ့ မသာအလောင်းကလည်း အပုပ်နံ့တွေ ထွက်နေတာကြောင့် ဝင်လာတဲ့သူတိုင်း ခေါင်းမူးပြီး မေ့လဲကုန်ကြမှာပါ။ akariက အင်္ကျီချုပ်ရင်း မျက်ရည်တွေ တတောက်တောက် ကျနေပါတယ်။ ခုတင်ပေါ်မှာ လဲနေတာကတော့ သူ့မြေးလေး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄ရက်မှာ ကျခဲ့တဲ့ သူ့မွေးနေ့မှာ သေသွားတာပါ။ သူ့ဘဝမှာ အသက်ရှင်စရာ မရှိတော့ပါဘူး။ "အမေအတွက် ရှင်ရမတဲ့လား။ အနှစ်၆၀ကျော် ကျွေးမွေးပြီးပြီလေ၊ မွေးကျေးဇူးကိုလည်း ခန္ဓာကိုယ်ရောင်းလို့ ဆပ်ပြီးပြီ၊ မကျေနိုင်သေးဘူးတဲ့လား" ချုပ်ထားတဲ့ အင်္ကျီကို အမေ့ခန္ဓာကိုယ်ပေါ် စွပ်ပေးလိုက်ပါတယ်။ အဘွားကြီးက ရုန်းပါတယ်။ သူတို့နှစ်ယောက်စလုံး ကြမ်းပြင်ပေါ် လဲကျသွားကြပါတယ်။ အနောက်မှာ ဂတ်စ်မီးဖိုနဲ့ ဟင်းအိုးတင်ထားတာ မေ့နေကြပါတယ်။ ရုပ်တရက် လေပြင်းတစ်ချက် တိုက်လိုက်ပါတယ်။ ချက်မထိုးထားတဲ့ ပြတင်းပေါက်က ပွင့်သွားပြီး မီးကျွမ်းစပြုနေတဲ့ ဟင်းအိုးက အောက်ကို ပြုတ်ကျ၊ ကြမ်းသုတ်ဝတ်ကို မီးစွဲလို့ တစ်ဆက်တည်း ခုံတွေပါ မီးစွဲ။ အိမ်ရှေ့မှာတော့ akariက သူ့အမေကို လည်ပင်းညှစ်နေပါတယ်။ ငယ်ငယ်က သင်ထားတဲ့ ကျေးဇူးတရားတွေလည်း မစဉ်းစားနိုင်တော့ပါဘူး။ ဒီအမေကို မုန်းတယ်ဆိုတာပဲ စိတ်ထဲ စွဲနေပါပြီ။ အနောက်မှာ လေကြမ်းတစ်ချက် ဝှေ့လိုက်ပါတယ်၊ မီးစွဲနေတဲ့ သစ်သားတန်းတွေကို နှဲ့လိုက်သလို ဖြစ်သွားပြီး အဖွားကြီးတွေအပေါ်ကို အိမ်က ထုပ်တန်းတွေ ပြုတ်ကျလာပါတယ်၊ နွေရာသီရဲ့ အဖျက်အဆီးလေကြမ်းကြီးတစ်ချက်က ဂတ်စ်အိုးကို ဖောက်ခွဲပစ်လိုက်ပါတယ်။ အဘွားကြီး၂ယောက်စလုံးရဲ့ ပြာတွေသာ ကျန်ခဲ့ပါတော့တယ်။
Comments
Post a Comment