Featured post

အကုသိုလ်တုံး (kamikaze reflection 4)

မနေ့က wonderlandကို ပြီးအောင် ရေးလိုက်ပါတယ်။ ဘာလို့လဲဆို အစက ဒီနေ့ မှော်ဘီမှာရှိတဲ့ မိဘမဲ့ဂေဟာကို volunteerလုပ်နေတဲ့အဖွဲ့နဲ့အတူ အလှူသွားလုပ်မယ်၊ သွားဆော့မယ် (🤣) ဆို ရေးနေဖို့ အချိန်မရဘူးလို့ စဉ်းစားမိတာကြောင့်ပါ။ ဒါပေမဲ့ ဒီနေ့တော့ အစီအစဉ်ပြောင်းသွားရပါတယ်။ အယူသီးတယ်ပဲပြောပြော kamikazeနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်တယ်လို့ ထင်ပါတယ်။ 

kamikaze ပထမအကြမ်းစာမူရေးတုန်းက လူက တော်တော်ဘူနေတာပါ။ ရာသီဥတုကလည်း ပူ၊ assignmentကလည်း တင်ရတော့မယ်၊ ရေးစရာရှာလို့လည်း မတွေ့၊ ဘောင်ဘောင်နဲ့ဖီးဖီးကလည်း ရန်ဖြစ် ဆိုတော့ မထူးတော့ဘူး၊ ဒီအဘွားကြီး၂ယောက်အကြောင်းပဲ ရေးမယ်ဆိုပြီး ချထည့်လိုက်ပါတယ်။ တစ်နေ့လည်နဲ့ အပြီးရေးတင်လိုက်ပြီး ညဘက် သူငယ်ချင်းတစ်ယောက်ကို ပေးဖတ်ကြည့်တဲ့အခါ သူက တစ်ခုခုပေါ့နေသလိုပဲတဲ့။ ပြီးတော့ ဇာတ်လမ်းက အရမ်းအလျင်လိုနေပြီး ကြောက်စရာမကောင်းဘူးတဲ့။ ပြီးတော့ ဘာပြောချင်မှန်း နားမလည်ဘူးတဲ့။ အဲဒီတော့ မဟုတ်သေးဘူးဆိုပြီး အဲဒီည အမြန်ပြန်ပြင်၊ ပြန်တင်လိုက်တယ် ဆိုပါတော့။ 

အဲလိုနဲ့ တစ်ပတ်လောက် ထားလိုက်ရော။ အခု သင်တန်း နောက်ဆုံးအပတ် ရောက်လာပြီဆိုတော့ ကျွန်မတို့ သင်တန်းသားတွေက ခါတိုင်း assignmentလို ဝတ္ထုတို ၁ပုဒ်တည်း ရေးရတာမဟုတ်ဘဲ ဝတ္ထုတို ၂ပုဒ် ရေးရဖို့ ဖြစ်လာရော။ ဒီမှာ ထူးခြားတာတစ်ခုက အရင်ရေးထားတာလည်း ပြန်ပြင်ဆင်ပြီး တင်လို့ရပါသတဲ့။ ဒီတော့ ကျွန်မလည်း အသစ်တွေရေးပြီး အာရုံနောက်မခံတော့ဘဲ တော်တော်ကို စုတ်ပြတ်သတ်နေတဲ့ kamikazeကို ကိုယ့်standardမီအောင် ပြန်ပြင်ပြီး တင်မယ် စိတ်ကူးလိုက်ပါတယ်။ အဲလိုနဲ့ ဇာတ်လမ်းကို နည်းနည်းယုတ္တိကျအောင် ပြန်ပြင်တဲ့အခါ နောက်ဆုံးပေါက်ကွဲတဲ့အခန်းမှာ ဂတ်စ်အိုးကို ထည့်သုံးပါတယ်။ သူက မီးလောင်လွယ်တာကိုး။ အဲဒီတုန်းရဲ့ themeက အဘွားကြီး၂ယောက် ကိုယ့်ဒေါသနဲ့ကိုယ် လုံးနေကြတုန်း ဘာမှန်းမသိလိုက်ဘဲ ပြာကျသွားတဲ့ပုံပေါ့။ 

အဲ. . . အဲဒါရေးပြီး သိပ်မကြာဘူး။ ရပ်ကွက်ထဲက ဂတ်စ်အိုးဆိုင် မီးလောင်တော့တာပဲ😶။ ကျွန်မနေတဲ့တိုက်နဲ့ ၃တိုက်လောက်ခြားတာတောင် သူ့အသံက တော်တော်ကျယ်ကျယ်ကြားရပါတယ်။ နားကြပ်တပ်ပြီး သီချင်းနားထောင်နေတဲ့ ကျွန်မတောင် လန့်သွားပါတယ်။ 

နောက်တော့ ဂတ်စ်အိုးပေါက်တဲ့အခန်းလည်း စာထဲထည့်ရေးဖို့ ကြောက်သွားလို့ ပြန်ဖြုတ်လိုက်ပါတော့တယ်။ အဲလိုနဲ မရေးချင်တော့လို့ ပစ်ထားမိရော. . .

ဒါပေမဲ့လည်း တင်ဖို့ deadlineနီးလာတဲ့အခါ ပြန်ကိုင်ရပြန်ရော။ ဒီတစ်ခါတော့ Akariက သူ့အမေကို တမင်အကွက်ချသတ်သလို ပြောင်းလိုက်ရော။ မနေ့က အဲဒါရေးနေတုန်းပဲရှိသေး အိမ်မှာ ဘောင်ဘောင်က ဖီးဖီးစားဖို့ မီးဖိုချောင်ကနေ သယ်လာတဲ့ အသုပ်ပန်းကန် ကွဲရော။ ပန်းကန်ပြန်သိမ်းပြီး ဇာတ်လမ်းဆက်ရေး. . 

အစကတော့ Akariကို သူ့သမီးနဲ့ တစ်နေရာကို ပေးထွက်သွားဖို့ စိတ်ကူးတာပဲ။ ဒါပေမဲ့ ရေးရင်းရေးရင်းနဲ့ Masuyoက သူ့သမီးကို အသက်ရှင်လျက် ပေးထွက်သွားမှာ မဟုတ်ဘူးဆိုတာကို နားလည်လိုက်ရပါတယ်။ Masuyoက တစ်ကိုယ်ကောင်းဆန်တယ်၊ သူ့လင်ငယ်ပြောစကားအတိုင်း သူ့သမီးကို လင်ငယ်ရဲ့ သူဌေးဆီ ရောင်းစားပစ်တဲ့သူ၊ နောက်တော့ နှစ်ရှည်စာချုပ်နဲ့ ဇိမ်အိမ်ဆီ ရောင်းစားပစ်တဲ့သူ၊ နောက် Akariက ထွက်ပြေးလို့ အခြေကျပြီး သူ့ယောက်ျား (inspired by Ha Yoon Cheol from Penthouse: War in life) နှစ်သိမ့်မှုအရ အမေကို ခွင့်လွှတ်ပြီး ပြန်ပေါင်းထုပ်ဖို့ ဆက်သွယ်တဲ့အခါ ခေါင်းအိမ်ကို ဖုန်းဆက်ခေါ်တဲ့ မိန်းမ၊ ဒါနဲ့တင် မကျေနပ်လို့ သူ့မြေးကိုပါ ရောင်းစားဖို့ စကားဦးသမ်းနေတဲ့ အဘွားကြီး။ ဒီအဘွားကြီးက နောက်ဆုံးသေခါနီးကျမှ နောင်တရပြီး သူ့သမီးကို လွှတ်ပေးမတဲ့လား။ ဗီလိန်တွေ သေခါနီး စိတ်ထားကောင်းတယ်ဆိုတာ ရုပ်ရှင်တွေထဲမှာပဲ ရှိပါတယ်။ အဲလိုနဲ့ Akariကိုပါ သတ်ဖို့ ဖြစ်သွားရော။ 

ညနေကျတော့ ရေးပြီးသွားလို့ တော်တော်စိတ်သက်သာရာ ရသွားပါတယ်။ ဘာလို့ဆို ရေးနေတုန်းမှာ ရေးရင်း ရေးရင်း ဒေါသထွက်ထွက်လာလို့ ခဏနားပြီး အာရုံလွှဲလိုက်၊ စကားပြောလိုက် နဲ့ မြန်မြန်ပြီးပါစေပဲ ဆုတောင်းနေရပါတယ်။ အဲလိုနဲ့ ညီမတော်ပြန်ရောက်လာတော့ မနက်က မှာလိုက်တဲ့ nachos စား၊ Hunter x Hunterကြည့်၊ ရေခဲမုန့်စား. . ဒီအထိက ပြဿနာ မရှိသေးပါဘူး။ ပြဿနာက ဘယ်မှာစလဲဆို ရေခဲမုန့်စားလို့ ပြန်လာတဲ့အချိန်မှာ စတာပဲ။

အိမ်မှာ ၉နာရီမီးပြန်လာရမှာကို မလာဘဲ ပြတ်နေပါတယ်။ ဖီးဖီးက အိမ်ရှေ့မှာ တစ်ယောက်တည်းထိုင်ပြီး စိတ်ကောက်နေပါတယ်။ ပြီးတော့ အိပ်နေတဲ့ ဘောင်ဘောင်ကို သွားနှိုးပြီး ရန်လုပ်၊ ဟိုကလည်း ပြန်အော် အဲဒါနဲ့ သူတို့ တစ်ညလုံး ရန်ဖြစ်ကြတော့ ကျွန်မမှာ တစ်ညလုံး အိပ်မရ ဖြစ်ရပါရောလား။ အဲဒါအပြင် မီးကလည်း ပြတ်နေသေးတော့ ဖုန်းအားသွင်းဖို့ဆိုပြီး လန့်လန့်နိုးရတာကလည်း အမော။ အဲလိုနဲ့ မနက်လည်း နိုးရော မလှုပ်နိုင်ဖြစ်နေလို့ မှော်ဘီကို ဖျက်လိုက်ရပါတော့တယ်။ 

မသွားဖြစ်တဲ့ အတူတူ ငါ့ဇာတ်လမ်းကို နောက်ဆုံးတစ်ခေါက် ပြန်ဖတ်ကြည့်ပါဦးမယ်လေ ဆိုပြီး ဖတ်ကြည့်ခါမှ ထပ်ထည့်စရာလေးတွေ တွေ့လို့ ဒီအကုသိုလ်တုံးကို ပြင်ဖွင့် ပြန်ပြင်ရပါဦးမယ်🙂

ဒီလောက် စိတ်အညစ်ခံပြီး ရေးထားတာ ပြိုင်ပွဲဝင်ပြိုင်လို့ တစ်ဆုမှ မရရင်တော့ လာထားပဲ ဟွန်း


Comments