Featured post
- Get link
- X
- Other Apps
ဒီနေ့ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ အမျိုးသမီးများနေ့ဆိုလို့ အမျိုးသားနေ့များရှိမလားလို့ ရှာကြည့်လိုက်ပါသေးတယ်။ တကယ်လို့ မရှိရင်တော့ "မိန်းမတွေအတွက် နေ့တစ်နေ့ လုပ်ပေးထားပြီး ကျန်တဲ့နေ့တွေတော့ အမျိုးစုံ အနိုင်ကျင့်တော့မယ်ပေါ့🤨🤨"ဆိုပြီး ဗျင်းဦးမလို့ပဲ။ နောက်တော့ အမျိုးသားများနေ့လည်း ရှိတာတွေ့တော့ "ဪ😶" ဆိုပြီး ဘာပြောရမှန်းမသိ ဖြစ်သွားပါတယ်။
ဒီနေ့ပဲ Facebookက စိတ်ပညာလို့နာမည်တပ်ထားပြီး လူပေါင်းစုံ ရင်ဖွင့်ကြတဲ့ groupတစ်ခုမှာ ယောက်ျားတွေအကုန်လုံးကို ဖောက်ပြန်ကြတဲ့ နှာဘူး၊ တဏှာရူးလို့ပဲ တွေးမိနေပြီး အခေါ်အပြောမရှိတာကြောင့် နောင်အလုပ်ဝင်တဲ့အခါ ဒုက္ခဖြစ်မှာစိုးနေတဲ့သူအကြောင်း ဖတ်လိုက်ရပါတယ်။ ကျွန်မကလည်း အောက်က ဒီလိုပြန်ရေးလိုက်ပါတယ် "ကျွန်မလည်း တူတူပဲ ထင်တာ။ ဒါပေမဲ့ အလုပ်မှာကျတော့ ကိုယ့်ကို တဏှာရူးအပြုအမူတွေ လာမလုပ်မချင်း အဲဒီ့အတွေးကို ဖျောက်ထားလိုက်ပါတယ်။ အလုပ်လုပ်တာမှာ တခြားအလုပ်နဲ့ ဖောက်ပြန်တယ်လို့မှ မရှိဘဲ"
နည်းနည်းလေးကြောင်တောင်တောင်နိုင်ပေမဲ့ အမှန်ပါပဲ။ ကျွန်မက ယောက်ျားတွေဆို ဗလအားကိုးနဲ့ အနိုင်ကျင့်၊ နှာဘူး၊ ကိုယ်ကျင့်သိက္ခာမရှိ၊ ကိုယ်လုပ်ချင်တာပဲကိုယ်သိတဲ့ သတ္တဝါတွေလို့ ယူဆပါတယ်။ (ဖတ်နေတဲ့ အမျိုးသားများ ဆောရီး) ရှင်တို့ပဲ စဉ်းစားကြည့် ဘုရားလောင်းတောင်မှ တောထွက်ခါနီး စာတစ်စောင်တောင် ရေးမသွားဘဲ ကြွမြန်းတော်မူတာ မဟုတ်လား။ ယသော်ဓရာခမျာ နန်းတော်ထဲမှာ အပြိုင်အဆိုင်တွေက များလှပါဘိနဲ့၊ ကလေးပေါက်စတစ်ယောက်နဲ့ ကြောင်တောင်တောင်လေး ကျန်ခဲ့ရရှာ။ တောထွက်ပြီးနောက်ပိုင်း သူ့ယောက္ခမတွေက "နင် ကလေးမွေးပြီး ရုပ်ပျက်ဆင်းပျက်နဲ့ မလှတော့လို့ စိတ်ကုန်သွားတာနေမှာ"လို့ ပြောလေမလား၊ နန်းတော်က မိန်းမတပုံက အချင်းချင်း ရွဲ့စောင်းလို့ ပြောကြမလား ကျွန်မကတော့ အမျိုးစုံတွေးပြီး သနားရပါတယ်။
ကျွန်မရဲ့ ပတ်ဝန်းကျင်ကိုလည်း ကြည့်ပါဦး။ အဖေ့ဘက်က အဘိုးက ဖောက်ပြန်သူ စွပ်ကျယ် (wife beater) ဖြစ်ပါတယ်။ သူ့သား ကျွန်မ အဖေလည်း အတူတူပဲ။ ဒါကြောင့် muscleများများနဲ့ ယောက်ျားဆို အဝေးက ရှောင်ပါတယ်။ တစ်ခုခု ဖြစ်ကြရင် ပုပုသေးသေး ကျွန်မကပဲ ခံရမှာပေါ့။ ဒါကြောင့် ကြိုက်ရင်တောင် ပိန်ပိန်ညှောင်ညှောင် ကျွန်မက ပြန်ချနိုင်မဲ့ပုံစံတွေပဲ ကြိုက်ပါတယ်။ ထားပါတော့။ အမေက အဲဒီ့အိမ်မှာနေပြီး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲနဲ့ မရူးရုံတမယ် နေခဲ့ရပါတယ်။ ကျွန်မတို့ ၁၆နှစ်လောက်ရောက်တဲ့အချိန်ကျ "သမီးတို့ မိစုံဖစုံနေရဖို့အတွက် မေမေသည်းခံခဲ့ရတာပါကွယ်"လို့ ပြောပါတယ်။ ကျွန်မကတော့ "အမလေး အမေရယ် ဘာလို့များ စောစောက မထွက်ပြေးခဲ့တာလဲ"လို့ ပြန်ပြီး စောဒကတက်ပါတယ်။ ရှင်တို့ ထပ်စဉ်းစားကြည့်၊ အဖေက အမေ့ကိုရိုက်၊ ဒေါသကို ပုံချစရာမရှိတဲ့အမေက ကျွန်မတို့ကို ရိုက်၊ အမေရိုက်လို့ဆိုပြီး မသက်သာရုံတင်မက အဖေကပါ ဝင်ရိုက်၊ ဒီလို မိစုံဖစုံနဲ့ အရိုက်ခံရတာ ပျော်မလားလို့။
အမေ့ဘက်က အဘိုးတွေကလည်း မကောင်းပြန်ပါဘူး။ သူတို့က သိမ်သိမ်မွေ့မွေ့လေးနဲ့ မိသားစုအပေါ် အနွံတာတော့ ခံရှာပါရဲ့ စောစောသေသွားကြတယ်🥲။ (ဆိုတော့ ကျွန်မအမေကို အနိုင်ကျင့်တဲ့အခါ ပြန်ကာကွယ်မဲ့သူ မရှိဘူးပေါ့)
ဒီလို အိမ်တွင်းအကြမ်းဖက်မှုမျိုးမှာ အကြမ်းဖက်ခံရသူရဲ့ မိသားစုနဲ့ သူတို့ ရှိနေတဲ့ ပတ်ဝန်းကျင်က အရမ်းအရေးကြီးပါတယ်။ အကြမ်းဖက်ခံရသူမှာ အကြမ်းဖက်ခံရတဲ့ signတွေ ရှိကြပါတယ်။ မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်နေတာမျိုး ဖြစ်နိုင်တယ်၊ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ ရှိချင်ရှိမယ်၊ အရင်ကလောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတော့တာမျိုး၊ အတော်ပိန်သွားတာ ဝလာတာမျိုးတွေ မြင်ရနိုင်ပါတယ်။ ကျွန်မတို့လူမျိုးက တွေ့ရင် "ပိန်သွားတယ်နော်" "ဝလာတယ်နော်"နဲ့သာ ပေါက်ပေါက်ရှာရှာတွေမြင်ပြီး နှုတ်ဆက်ကြတာ ဘာလို့ပိန်သွားလဲ ဝသွားလဲရဲ့ နောက်ကွယ်က အကြောင်းကို သိပ်ပြီး စူးစမ်းလေ့မရှိသလို သိနေရင်တောင် ဘာသိဘာသာ နေလေ့ရှိပါတယ်။
ဒီအကြောင်းကို စာရေးဆရာမောင်ထင်ရဲ့ ထားဝယ်လုံချည်ဝတ္ထုတိုမှာ အထင်းသား တွေ့နိုင်ပါတယ်။ နည်းနည်းလေး လေရှည်ရမယ်ဆိုရင်ဖြင့် ဇာတ်လိုက်ကိုဒေါင်းက တစ်နေ့တော့ လင်မယား၂ယောက် ရန်ဖြစ်နေတာ တွေ့သတဲ့။ တွေ့တော့ တရားမျှတမှုနဲ့ ကြင်နာသနားမှုကို လက်ကိုင်စွဲတတ်သူပီပီ ဝင်ဆွဲတာပေါ့။ ဟို၂ယောက်ကလည်း သူသေကိုယ်သေချကြ။ သူသေကိုယ်သေဆိုပေမဲ့ ထင်ကြတဲ့အတိုင်း မိန်းမက ၂ဆခံရတာပေါ့။ အဲလိုနဲ့ နောက်ဆုံး မိန်းမက ကိုဒေါင်းကို ရဲစခန်းခေါ်သွား၊ ဟိုလည်းရောက်ရော သူ့ယောက်ျားကို ကိုဒေါင်းက ရိုက်ပါတယ်ဆိုပြီး ပြန်အမှုဖွင့်လို့ ဟိုဆရာမှာ အစ်မပေးထားတဲ့ မဝတ်ရက်အသစ်စက်စက် ထားဝယ်လုံချည်လေးတောင် ပေါင်ပြီး ကြေအေးခပေးလိုက်ရသတဲ့။ ဒီဇာတ်လမ်းအစမှာကတည်းက ခံထားခဲ့တာတစ်ခုက "ထိုလင်မယားနှစ်ယောက် အချစ်စမ်း"တာကို ပတ်ဝန်းကျင်တစ်ခုလုံး သိပြီးဖြစ်ပေမဲ့လည်း လက်ပိုက်ကြည့်နေတယ်ဆိုတာပါပဲ။ ရဲတွေကလည်း မိန်းမ အရိုက်ခံနေရတာကို မကြည့်၊ ကိစ္စမြန်မြန်ပြီးသွားဖို့ကိုပဲကြည့်ပြီး (ဒါမှမဟုတ် သူတို့စားပေါက်ထွက်တာလည်း ပါမှာပေါ့) ကိုဒေါင်းဆီက ငွေညှစ်ပါတယ်။ ကြည့်စမ်း. . ဒါဟာ အကြမ်းဖက်မှုကို ပတ်ဝန်းကျင်က လျစ်လျူရှုထားတာ မဟုတ်ဘူးလား။ လက်လွန်ပြီး ၁ယောက်သေသွားပြီဆိုပါစို့၊ ဒီအပြစ်က လက်ပိုက်ကြည့်နေတဲ့ ပတ်ဝန်းကျင်ပေါ်မှာပါပဲလို့ ပြောချင်ပါတယ်။
နောက်အရေးကြီးတဲ့တစ်ချက်က အကြမ်းဖက်ခံရသူရဲ့ မိသားစုပါ။ ပတ်ဝန်းကျင်ကို အရင်ပြောပြီး မိသားစုကို နောက်မှပြောတာက အကြောင်းရှိပါတယ်။ များသောအားဖြင့် အကြမ်းဖက်ခံရသူတွေက မိသားစု (မိဘ၊ မောင်နှမ) တို့နဲ့ ဝေးနေလေ့ရှိပါတယ်။ ဝေးတယ်ဆိုတာမှာ နေရာကွာလှမ်းတာအပြင် ဆွေခန်းမျိုးခန်းဖြတ်ထားတာပါ ပါပါတယ်။ ဒါမှမဟုတ်လည်း အကြမ်းဖက်ခံရသူရဲ့ မိသားစုက အကြမ်းဖက်သူအပေါ် မှီခိုနေရတဲ့အခြေအနေမို့ "သည်းခံလိုက်ပါ သမီးရယ်"ဆိုပြီး ချွှေးသိပ်ထားတာလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါကို ကြိုတွေးမိလို့ ထင်ပါရဲ့။ ဝိသာခါ ယောက်ျားယူလို့ သူတို့ဘက် အိမ်ကို လိုက်သွားတဲ့အခါ ဝိသာခါအဖေက သူဌေး၈ယောက်ကို ထည့်ပေးလိုက်သတဲ့။ တစ်ခုခုဆို ကိုယ့်ဘက်တော်သားရှိအောင်ပေါ့။
အရင်တစ်ခေါက်တုန်းက အမျိုးသမီးနဲ့ အမျိုးသား ခွဲခြားကြတဲ့အကြောင်းကို ပြောခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ အမျိုးသမီးတွေရဲ့ အိမ်တွင်းအကြမ်းဖက်ခံရတဲ့အကြောင်းကို ပြောပါတယ်။ နောက်နှစ်တော့ ဘယ်လိုအကြောင်းတိုက်ဆိုင်လို့ ဘာတွေရေးဖြစ်မလဲ မသိသေးပါဘူး။ ဒါပေမဲ့ အမျိုးသမီးများနေဆိုပြီး တရေးရေး (အော်မြည်သံ "Yay") နဲ့ ပွဲကျင်းပ၊ နောက်နေ့ကျတော့ လုပ်မြဲအတိုင်း ဆက်လုပ်၊ နှိမ်မြဲတိုင်း ထပ်နှိမ်နေတာကို တွေ့နေရသရွေ့ ရေးစရာတွေက နှစ်တစ်ရာတိုင်အောင် ကုန်မှာမဟုတ်ဘူးဆိုတာကို အသိပေးပါရစေ။
စာကြွင်း : ကျွန်မ အလုပ်လုပ်နေတဲ့ တက္ကသိုလ်က စာသင်ခန်းမှာလည်း ကျားမ အချိုးတူရှိပေမဲ့ မိန်းမတွေက ပိုစကားနည်းပါတယ်။ သူတို့ကိုယ်တိုင်ပဲ စကားနည်းတာလား ဒါမှမဟုတ် ယောက်ျားတွေက လုပြောနေလို့ "မပြောတော့ပါဘူးလေ"ဆိုပြီးပဲတွေးတွေး "ငါတို့ပြောရင် လက်ခံပါ့မလား" လို့ပဲတွေးတွေး ဘယ်လိုပဲတွေးတွေး တွေးကြပြီး မပြောထွက်ကြတော့တာလားဆိုတာလည်း ဦးနှောက်ခြောက်ရပါတယ်။ အဲ. . မတ်လ ၈ရက်နေ့လည်းကျရော စကားများတယ်လို့ နာမည်ကြီးတဲ့ ယောက်ျားလေး၂ယောက်ရယ်၊ စကားနည်းတဲ့ မိန်းကလေး ၁ယောက်ရယ် တူတူဆွေးနွေးဖို့ကျပါတယ်။ ကျွန်မကလည်း ငါ့အချက်ပဲဆိုပြီး Happy Women's Dayလို့ ပြောလိုက်ပါတယ်။ မိန်းကလေးတွေကို ဘယ်လိုအခွင့်အရေးပေးသင့်ကြောင်း တရားနည်းနည်းခြွေဖို့ စာစီနေတုန်းရှိသေး၊ စကားများတဲ့ ယောက်ျားလေးထဲက တစ်ယောက်က Yayy ဆိုပြီး လက်ခုပ်ထတီးပါတယ်။ ကျွန်မနဲ့ ကျန်တဲ့သူတွေက မျက်တောင်ပုတ်ခတ် ပုတ်ခတ်နဲ့ ကြည့်နေကြပါတယ်။
နောက်တော့ သူလည်း ခပ်ရှက်ရှက်နဲ့ တိတ်သွားပါတယ်။ ပြီးတော့ ဘာမှ ဆက်မဖြစ်ခဲ့သလိုပဲ ယောက်ျား၂ယောက်က စကားဝိုင်းကို ကြီးစိုးနေပါတော့တယ်။
Comments
Post a Comment