Featured post
- Get link
- X
- Other Apps
တလောက breakdownပြီးတဲ့နောက်ပိုင်း social mediaမှာ သိပ်activeမဖြစ်တော့ပါဘူး။ လူသစ်တွေက မလွှဲသာ မရှောင်သာ ဝင်လာပြီဆိုတော့ အရင်လို shitposting လုပ်လို့ မရတော့ဘူးလေ😂ဒါပေမဲ့ ကျွန်မက မလုပ်ရရင် မနေနိုင်ပါဘူး။ ဒီတော့ ပြောစရာရှိတာတွေက ဒီကိုပဲ စုလာတော့မှာပေါ့😆😆
ပျောက်နေပေမဲ့ ရံဖန်ရံခါဆိုသလို updateဆိုပြီး တင်လေ့ရှိပါတယ်။ (i don't know if you care, but i'm still here ပေါ့) ဒါပေမဲ့ လူကြားကောင်းအောင် ရေးရတာဆိုတော့ ကြားထဲက ရင်တွင်းခံစားချက်တွေ အများကြီးကို ဖြတ်ထုတ်ပစ်ခဲ့ရပါတယ်။ အဲဒါကို အောက်မှာ လာရေးတာ ဖြစ်ပါတယ်။
အသက်၈၀အဘောင်မကလည်း သူငယ်ပြန်နေပါပြီ။ သမီးတွေသားတွေကို မမှတ်မိတာမျိုးတော့ မဟုတ်ပေမဲ့ မနေ့က ဘာလုပ်ခဲ့လဲ၊ ဘယ်အချိန် မီးလာလဲ၊ ခုနက ဘာပြောခဲ့လဲဆိုတာတွေ မေ့နေပါတယ်။ ပြီးတော့ အရမ်းပြိုင်ငြင်းပါတယ်။ ရယ်စရာကောင်းတာတစ်ခုက လက်ကို ဆပ်ပြာနဲ့ဆေးဖို့ပြောရင် စိတ်ကောက်ပါတယ်။ နှုတ်ခမ်းက ဂငယ်ပုံကြီးဖြစ်သွားတာကို ကြည့်ပြီး ရယ်ရခက် ငိုရခက်ကြီးပါ။
ဖီးဖီးကတော့ ပိုပြီး အိုလာပါတယ်။ အရင်ကတည်းက ပျော့ပျော့အိအိလေးဖြစ်နေတဲ့ ပါးလေးတွေက ပိုပြီး ပျော့အိတွဲကျလာပါတယ်။ (ဘောင်ဘောင်ကတော့ နင့်အဖီးမ ဝလာတယ် ပါးလေးတွေ ထုလာတယ် ဆိုပြီး ပြောနေပါတယ်😶) အရင်က ပန်ကာလေ တဝှီးဝှီးနဲ့ နေခဲ့တဲ့သူက ပူအိုက်တာတောင် ပန်ကာမဖွင့်နဲ့ မခံနိုင်ဘူးလို့ ပြောလာပါပြီ။ အသံလေးကလည်း ပိုပြီးပျော့လာပါတယ်။ ဘယ်နေ့သွားရှာလေမလဲတော့ မသိပါဘူး။
ကျွန်မကလား. . . ကျွန်မက မီးတုတ်လို ဖြစ်နေပါတယ်။ သူများက အဆင်ပြေလားလို့ မေးရင်တော့ ပြေပါတယ်ပေါ့။ တကယ့်တကယ်တော့ ပြေလား မပြေလားတောင် မသိတော့ပါဘူး။ စာရေးနေရတဲ့အချိန်ဆို ပျော်တယ်၊ အလုပ်လုပ်ရတဲ့အချိန်ဆို ရည်ရွယ်ချက်တစ်ခုရှိသလို ခံစားရတယ်၊ ချည်ထိုးနေတဲ့အချိန်ဆို ပြီးသွားမဲ့အချိန်အကြောင်းတွေးပါတယ်။ ဒီလောက်ပါပဲ။ ဟိုတနေ့က ဆေးရုံသွားတော့ ပေါင်၈၀ပဲရှိတာ သိလိုက်ရပါတယ်။ ဒီလိုနဲ့ နောက်၂နှစ်လောက်နေရင် ပေါင်၂၀ထပ်ကျပြီး သေတော့မလားပေါ့။ ဒီနောက်ပိုင်း စဉ်းစားဉာဏ်တွေလည်း ပျောက်ဆုံးလာသလို ခံစားရပါတယ်။ ကောင်းကောင်းလည်း မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ အလုပ်ကဆရာမတွေ မေးရင် ပြေပါတယ်ပဲ။
တစ်ခါတုန်းကတော့ မပြေဘူးလို့ ညည်းဖူးပါတယ်။ အဲဒီမှာ သူတို့ကလည်း ပြာပြာသလဲနဲ့ ဘယ်လိုကူညီရမလဲ ဝိုင်းစဉ်းစားပေးကြတော့ အားတောင်နာမိပါတယ်။ (သူတို့အလုပ်လည်း မဟုတ်ဘဲနဲ့လေ) ပြီးတော့ စဉ်းစားမိပါတယ်။ "ဪ. . . ငါဟာလည်း သူများတကာကို လိုက်ညည်းနေမှ အဆင်ပြေတော့မှာလား"လို့ပေါ့။ အဲဒီကစပြီး လူရှေ့မှာ မညည်းမိအောင် သတိထားပါတယ်။ အဲလိုနေရတာ တော်တော်တော့ အဆင်မပြေပါဘူး။ အဆင်မပြေတာတွေကို ပြောဖို့ လူတစ်ယောက်တော့ ရှိသင့်တာပေါ့။ အရင်ကတော့ သွားသွားညည်းတဲ့တစ်ယောက် ရှိခဲ့ဖူးပါတယ်။ အခု သူလည်း နံနံခြားသွားပြီဆိုတော့ ပြောစရာလူလည်း မရှိတော့ပါဘူး။ အဲလိုနဲ့ အဆင်ပြေမနေဘူးတွေက အလုပ်အထိ ပွင့်အံထွက်လာတယ်ပေါ့။
အခုတော့ မပြောဘူးလို့ ဆုံးဖြတ်ထားတော့ တစ်ခုခု စိတ်ညစ်ရင် အလုပ်မှာပဲ စိတ်နှစ်ထားလိုက်ပါတယ်။ စိတ်ညစ်ရင် ညစ်တာကို ဇာတ်လမ်းတွေ ရေးပစ်တယ် (အခုဆို ဝတ္ထုတစ်ပုဒ်စာတောင် အစီအစဉ်ဆွဲထားပြီး ဖြစ်ပါတယ်။ နောက်တော့ behind the storyတွေ လာပါဦးမယ်) အဲလိုနဲ့ အလုပ်မရှိဖြစ်နေတဲ့ စနေတနင်္ဂနွေတွေဆို ဟာတာတာဖြစ်နေပါတယ်။ စနေနေ့ဆို တနင်္လာကိုမျှော်တော့တာပဲ။ ဒီနေ့လို တနင်္လာမှာ သူများတွေ အိပ်ချင်နေတဲ့အချိန် ကျွန်မကတော့ တက်ကြွနေပါတယ်။
စာသင်ခန်းထဲရောက်သွားရင် ကျောင်းသားတွေ ပြောတာ ဆိုတာတွေနားထောင်ပြီး ပျော်ရပါတယ်။ သူတို့ကို ကြည့်လေ ပိုပြီး ကျောင်းပြန်ရောက်ချင်စိတ် ဖြစ်ပါတယ်။ အဲလိုနဲ့ အတန်းချိန်တွင်းမှာ တဖြီးဖြီးနဲ့နေပေမဲ့ အချိန်ပြီးသွားရင် ပိုစိတ်ညစ်ရော။
ရယ်တော့ ရယ်ရတယ်။ အရင်နေ့က အတန်းထဲမှာ အုပ်စုဖွဲ့ပြီး ဆွေးနွေးနေတဲ့အချိန် ကိုယ်ကလည်း နည်းနည်းslack offပြီး နားကြပ်တစ်ဖက် ဖြုတ်ပြီး အမေနဲ့ မျောက်စိန်လေးအကြောင်း စကားပြောနေမိရော။ တူမတော်က သူ့ကိုပေးထားတဲ့ laptopကို အောက်မှာချ၊ သူကတော့ ခုံပေါ်တက်ပြီး သီချင်းနဲ့ ကလိုက်တာ အကလွန်ပြီး ခုံပေါ်က ပြုတ်ကျပြီး laptopကို တက်နင်းမိပါလေသတဲ့။ အဲဒါနဲ့ သူ့အပြစ်နဲ့သူ ကုပ်နေရောတဲ့။ ကိုယ့်ဟာနဲ့ကိုယ် ပြုံးစိပြုံးစိ ဖြစ်နေတာကို စာသင်ခန်းထဲက ကျောင်းသားတွေက ချက်ချင်း သတိထားမိပြီး ပြောပါလေရော။ ကိုယ်ကပဲ သူတို့ကို စောင့်ကြည့်နေတာမဟုတ်ဘဲ သူတို့ကလည်း ပြန်စောင့်ကြည့်နေကြတယ် ထင်ပါရဲ့😆😆
Comments
Post a Comment