Featured post
- Get link
- X
- Other Apps
ကွန်ပျူတာရှေ့ တစ်နေ့လုံးထိုင်လို့ ခေါင်းထဲက ဘာမှ မထွက်လာတာမျိုး ကြုံဖူးပါသလား။ ဒီနေ့တော့ တစ်ခုခု လုပ်ရမယ်ဆိုပြီး စာရင်းလုပ်၊ တစ်ခုပြီးတစ်ခု ပြီးအောင်သာ လုပ်နေပေမဲ့ အသက်မပါ ဖန်တီးမှုမပါ ပျော်စရာမပါတဲ့ တုံးတိကြီး ဖြစ်နေပါသလား။ ဒါဆို သင်ရေချိုးဖို့ လိုနေပါပြီ။
သင့်ခန္ဓာကိုယ်ကတော့ ညစ်ပတ်ချင်မှ ညစ်ပတ်နေပါလိမ့်မယ်၊ ဒါပေမဲ့ သင့်စိတ်က ညစ်ညူးနေတာကတော့ သေချာပါတယ်။ အခုချက်ချင်း ရေချိုးခန်းကို ပြေးလိုက်ပါ။
ရေချိုးတဲ့အခါ စစ်သားနဲ့ ထောင်ထဲကလူတွေလို (အကျဉ်းကျနေတဲ့သူတွေပေါ့) ၂မိနစ် ၃မိနစ်နဲ့ ပြီးအောင် ချိုးရမှာ မဟုတ်ပါဘူး။ နားမထောင်တာကြာတဲ့ ခပ်အေးအေး သီချင်းတစ်ပုဒ်၊ ဒါမှမဟုတ် အားရပါးရ ကခုန်လို့ရမဲ့ သီချင်းမျိုး ဖွင့်ထားပြီး ရေကို နည်းနည်းလေးပဲဖွင့်လို့ ရေစက်တွေနဲ့ ဆော့ကစားရမှာ ဖြစ်ပါတယ်။
ရေက အင်မတန်ထူးဆန်းပါတယ်။ ဓားနဲ့ဖြတ်လို့လည်း မပြတ်၊ ဒါပေမဲ့ ခွဲလို့မရ အမျှင်တွဲနေတာလည်းမဟုတ်၊ ကိုယ်ပိုင်ပုံစံလည်း မရှိ၊ ပျော့ပြောင်းတာလည်း မဟုတ်၊ မာကျောတာလည်းမဟုတ်၊ တိကျတဲ့ စည်းမျဉ်းလည်းမရှိ။ ဒါပေမဲ့ အသုံးမဝင်တာလည်း မဟုတ်။ အဲ. . ဖန်တီးမှုစွမ်းအားတွေ မြင့်တက်ဖို့က သင့်စိတ်ဟာ ရေဖြစ်သွားဖို့ လိုမှာဖြစ်ပါတယ်။
ရေချိုးခန်းထဲအထိ စောစောက ပြဿနာတွေ ယူလာမိပြီလား။ ဒါဆိုရင်တော့ ဖွင့်ထားတဲ့သီချင်းကို လိုက်ဆိုပါ။ သီချင်းအဓိပ္ပာယ်မှာ စိတ်ကို နှစ်ထားပါ။ သီချင်းရဲ့တေးသွားမှာ စီးမျောခံစားပါ။ ပိတ်ရက်ကျရင် ဘာလုပ်မလဲ စဉ်းစားပါ။ နောက်တစ်ပတ် ဒိတ်သွားရင် ဘာလုပ်မလဲ။ crushကို ဘယ်လိုအကြောင်းရှာပြီး စကားပြောမလဲ. . .
ရေချိုးခန်းထဲမှာ တခြား ဘယ်သူမှမရှိပါဘူး။ သင်တစ်ယောက်တည်း ရှိပါတယ်။ သင့်အတွေးတွေကို ဘယ်သူမှ မသိနိုင်ပါဘူး။ သင်တစ်ယောက်တည်း ဘာတွေလုပ်နေလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ သင့်ရဲ့ သံသေးသံကြောင် သီချင်းဆိုသံတွေကို အပြင်ကလူတွေကြားလည်း နားလည်သည်းခံပေးကြပါလိမ့်မယ်။ ရေချိုးခန်းထဲမှာ သင်ဟာ သင်ပဲဖြစ်ပါတယ်။
ပူအိုက်တဲ့အချိန်မှာ ရေအေးအေးလေးကို ဖြည်းဖြည်းလေး လောင်းချပါ။ အေးတဲ့အချိန်မှာတော့ ရေနွေးနွေးလေးနဲ့ ကိုယ့်ကိုယ်ကိုယ် ဆုချဖို့ သင့်ပါတယ်။ ဖြစ်နိုင်ရင် ခေါင်းပါလျှော်ပါ။ ဆပ်ပြာမြုပ်တွေနဲ့ ဆော့ကစားပါ။ ရေချိုးခန်းထဲမှာ ဘယ်သူမဆို ဘုရင်ကြီးဖြစ်နိုင်သလို ပေါ့ပါးတဲ့ ကလေးငယ်ကလေးလည်း ဖြစ်နိုင်ပါတယ်။
ပြီးရင်တော့ ရေချိုးခန်းထဲမှာ ထွန်းထားတဲ့ မီးလုံးလေးကို လှမ်းကြည့်လိုက်ပါ။ သင့်ခေါင်းထဲမှာလည်း အလားတူ မီးလုံးတစ်လုံးရှိတာကို အံ့ဩဖွယ် တွေ့ရပါလိမ့်မယ်။
အာခီမီးဒီးလည်း ရေချိုးကန်မှာစိမ်ရင်း သီအိုရီတစ်ခု ဖော်ထုတ်ခဲ့ပါတယ်။ ကျွန်မလည်း ရေချိုးရင်းက ဝတ္ထုရေးဖို့ အကြံတွေရပါတယ်။ အခုဆို ရှင့်ပြဿနာအတွက် အဖြေလည်း တွေ့ပြီးလောက်ပါပြီ။
Comments
Post a Comment