Featured post
- Get link
- X
- Other Apps
ကံကြမ္မာကို လူတွေက အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ကြပါတယ်။ တချို့က ကြိုတင်သတ်မှတ်ပြီးသားလို့လည်း ပြောသလို ဒီနေ့ပြုလုပ်သမျှဟာ မနက်ဖြန်ကို ဖန်တီးတယ်လို့လည်း ပြောကြပြန်ပါတယ်။ ကျွန်မအတွက်တော့ ကံကြမ္မာက မွေးကတည်းက ကြိုတင်သတ်မှတ်ပြီးသားလို့ ထင်ပါတယ်။ ဘာလို့ဆို ဒီလမ်းကို ကြံရွယ်တယ်၊ သွေဖီသွားတယ်၊ နောက်ဆုံး ဒီနေရာ ဒီလမ်းကြောင်းကိုပဲ ပြန်ရောက်လာပါတယ်။ ရှုပ်သွားပြီလား။ ကျွန်မ ရှင်းပြပါ့မယ်။
ကျွန်မ ငယ်ငယ်တုန်းက စာအရမ်းတတ်ချင်တယ်။ တွေ့သမျှစာလုံးတွေကို အော်အော်ဖတ်နိုင်ပြီဆို အရမ်းပျော်တာပဲ။ စာဖတ်ရတာ အရမ်းကြိုက်တယ်။ မြန်မာစာလည်း အမြန်သင်တယ်၊ အင်္ဂလိပ်စာသင်နေရင်းလည်း ဒီလို စဉ်းစားမိပြန်ပါတယ် "ငါကြီးလာရင်တော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘာသာစကားတွေအကုန်သင်ပြီး သူတို့လို ရေးထားတဲ့ စာအုပ်တွေ အကုန်လိုက်ဖတ်ပစ်မယ်"
နောက် နည်းနည်းကြီးလာတော့ စာဖတ်ရုံသာမကဘဲ စာရေးတဲ့သူ ဖြစ်ချင်လာပါတယ်။ ပြီးတော့ တချို့စာတွေက တချို့ ဘာသာစကားမှာပဲ ဖတ်လို့ကောင်း၊ နားထောင်လို့ကောင်း ပိုအဓိပ္ပာယ်ရှိတာကို သိလာရပါတယ်။ အဲသလိုနဲ့ ဒီလိုတွေးပြန်ရော "ဘာသာစကားတွေသင်ပြီး တစ်မျိုးစီမှာ သူနဲ့လိုက်တဲ့ စာတွေရေးမယ်"
အဲ.. ၇တန်း ၈တန်း ၉တန်းလောက်ရောက်တော့ ကျောင်းကိစ္စတွေနဲ့ လုံးချာလည်လိုက်နေလို့ စာရေးဖို့ဘက်ကို မရောက်ဖြစ်တော့ပါဘူး။ ၁၀တန်းလည်းကျရော (အတန်းကျရှုံးတာမဟုတ်၊ 'ကျရောက်တာ'ကို ပြောတဲ့ကျ) ကျူရှင်ကတစ်ယောက်ကို crushပါလေရော။ ၈တန်းတုန်းကလည်း တစ်ယောက်ကို ကြိုက်ပါတယ်။ ဒါပေမဲ့ ဘာလို့လဲမသိ ၁၀တန်းကျမှ သေနေတဲ့ ကဗျာပိုးက ပြန်ထရော။ အဲလိုနဲ့ ဖတ်စာအုပ်က ကဗျာတွေကို ပုံစံယူပြီး လေးလုံးစပ်ကဗျာတွေ စပ်ရော။ များသောအားဖြင့် ရှင်မဟာရဋ္ဌသာရရဲ့ "နှမလက်လျှော့နေလေတော့"လို နင်နဲ့ငါက မဖြစ်နိုင်ပါဘူး။ ဒါကြောင့် စိတ်လျှော့လိုက်ပါပြီ ဆိုတာမျိုးပေါ့။ ကျောင်းက ပြန်လာတဲ့ကားပေါ်မှာ စိတ်ကူးရတာလေးကို အိမ်ရောက်ရောက်ချင်း အင်္ကျီတောင် မလဲနိုင်ဘဲ အိမ်ရှေ့က ကျောက်သင်ပုန်းမှာ အသည်းအသန်ချရေး၊ မကြိုက်တဲ့ စကားလုံးတွေ ဖြုတ်လိုက်၊ ပြင်လိုက်နဲ့ အချောသတ်ကိုမှ ဒိုင်ယာရီစာအုပ်ထဲ ထည့်ကူး၊ အသည်းအသန် ရေးခဲ့ရတာပါ။ အဲဒီ့စာအုပ်ကို တက္ကသိုလ် ပထမနှစ်လောက်အထိ မှတ်မှတ်ရရ သိမ်းထားပါသေးတယ်။ နောက်တော့ အမေတို့လည်း မတွေ့အောင်ဆိုပြီး သိမ်းထားလိုက်တာ ကိုယ်တောင် ရှာလို့ မတွေ့ဖြစ်သွားပါလေရော🥲🥲 (နှမြောလိုက်တာ အဲဒီထဲမှာ ကဗျာတွေမှ အများကြီး) အဲဒီတုန်းကတော့ သေချာခံစားရေးခဲ့ပေမဲ့ အခုတော့ မမှတ်မိတော့ပါဘူး😂😂။ မှတ်မိတာဆိုလို့ "ပြဒါးတစ်လမ်း၊ သံတစ်လမ်း" ဆိုတဲ့ နောက်ဆုံးစာကြောင်းလေးပဲ ရှိပါတော့တယ်။ အဲဒီ့အပေါ်က နှစ်ပိုဒ်ကို ဘယ်လိုမှ ပြန်ခေါ်လို့ မရတော့ပါဘူး။
တက္ကသိုလ်တက်တော့ ဖတ်စာအုပ်တွေပိပြီး စာမရေးသလောက် ဖြစ်သွားလိုက်တာ ကိုဗစ်ဖြစ်၊ အာဏာသိမ်းမှပဲ စာရေးအားပါတော့တယ်။
ဒီpostကို ရေးဖို့ စိတ်ကူးရတာက ပိုက်ဆံရှာတာနဲ့ စတာ။ ကျွန်မ သူငယ်ချင်းအတော်များများက ဘောစိတွေ ဖြစ်ကြပါတယ်။ အဖေအမေက ဘောစိတွေပါသလို ကိုယ့်ဘာသာကိုယ် တစ်လကို ဆယ်ဂဏန်းလောက် ရှာနိုင်သူတွေလည်း ရှိပါတယ်။ ကျွန်မတစ်ယောက်တည်း လက်ငါးချောင်းတောင် မပြည့်နိုင်ဘဲ လိမ်ဖယ်လိမ်ဖယ်ဖြစ်နေတာပေါ့။ ကျွန်မ အတော်ကို အသုံးမကျသလို ခံစားရပါတယ်။ "ဪ... ငါ့နှယ် ဘာသာစကားသင်ဖို့ကလည်း လက်မှတ်မရှိ၊ အရောင်းအချကလည်း မလုပ်ချင်၊ ရင်းနှီးမြုပ်နှံတာဆိုလို့လည်း အိမ်က ညီမတော်ကို အတိုးမဲ့ငွေချေးတာပဲလုပ်တတ်တော့ ဒုက္ခပါပဲ။ အိမ်အကျယ်ကြီးနဲ့ ဘယ်တော့နေရပါ့" လို့ တွေးပူနေရပါတယ်။
ဒီနေ့တော့ လမ်းတစ်ခု တွေ့ထားပါတယ်။ ကျွန်မက စာရေးနည်းသင်တန်း တက်နေတယ်လို့ ပြောတယ်ဟုတ်? အဲဒီသင်တန်းက အိမ်စာကို သူငယ်ချင်းတွေကို လှည့်ပြမိပါတယ်။ ကောင်းလားလို့။ အံ့ဩစရာ လူအတော်များများက စာအုပ်အဖြစ် ချဲ့ရေးဖို့ ပြောကြပါတယ်။ တစ်ယောက်ဆို ပြိုင်ပွဲမှာတောင် ပြိုင်သင့်ကြောင်း လာပြောပါတယ်။ ကျွန်မလည်း စဉ်းစားမိတယ်။ မြန်မာငွေရှာမရလည်း ဒေါ်လာရှာရတာပေါ့လို့။ ရွှေပုံကြီးက နီးနီးလေးမှာရှိနေတာကို မေ့နေတယ်လေ😂😂
Comments
Post a Comment