Featured post
- Get link
- X
- Other Apps
Februaryလကို အချစ်လ လို့ ပြောကြပါတယ်။ အင်း.. ပါးစပ်က ထုတ်မပြောရင်တောင် နေရာတိုင်းလိုလိုမှာ ပန်းရောင်အသည်းပုံလေးတွေနဲ့ အတွဲတွေရော မတွဲတွေရောကို promotionဆင်းနေတာကို မမြင်ချင်အဆုံး မြင်နေရပါတယ်။
ကျွန်မလည်း လမ်းသွားတဲ့အခါ အတွဲတွေ လက်ကိုင်လိုက် ဆံပင်ကိုင်လိုက် လုပ်နေကြရင် အမြဲတမ်း စဉ်းစားပါတယ်။ "ဒီလူတွေ ဘာများ ကြည့်ကြိုက်ကြလဲ" ပေါ့။ ပြီးတော့ "ပူးကပ်နေကြတာ မအိုက်ကြဘူးလား" ပေါ့။ အဲ. . . နောက်တော့လည်း ကျွန်မက သူငယ်ချင်းတွေနဲ့ သွားတွေ့ရင် ပြုံးပြီး မျက်တောင်မခတ်တမ်း ထိုင်ကြည့်နေတာတို့
လက်ကို တဖွဖွနမ်းနေတာတို့
ပြေးဖက်ထားတာတို့
တို့ လုပ်တာကို ပြန်တွေးမိတော့ "ငါလည်း ဘာမှ မထူးပါလား" လို့ ပြန်ဘရိတ်အုပ်ရပါတယ်။
တစ်နေ့တော့ စကားပြောကြရင်း ကျွန်မက ဒီလိုပြောပါတယ်။
"ဒီအလုပ်က ပြန်မဆက်သွယ်ရင်တော့ ငါတကယ် အသည်းကွဲမှာပဲ💔💔"
သူက "ဪ.. senpaiမှာ အသည်းနှလုံးလည်း ရှိသေးတာလား"
"အိုး... သိပ်ရှိတာပေါ့။ အဲဒီ့နှလုံးက နင့်အတွက် ခုန်နေတာလေ" ဆိုပြီး ပြန်ပြောလိုက်ချင်ပေမဲ့ "တော်ကြာ ရွဲ့တာမှန်းမသိ ပေါက်ကရထင်နေမှ ဒုက္ခ"ဆိုပြီး ဒီတိုင်းလေး ထားလိုက်ရပါတယ်။ အဲ.. ကျွန်မက တွေ့တဲ့လူတိုင်းကို ဒီစကား ၃ ခွန်းပြောလေ့ရှိပါတယ်။
၁။ ကျွန်မက စက်ရုပ်ဆန်တယ်၊
၂။ ကျွန်မက ဘုဂလန့်မို့ ဘယ်သူမှ သည်းမခံနိုင်တတ်ဘူး။
၃။ ကျွန်မက ဘယ်တော့မှ ယောက်ျားယူမှာ မဟုတ်ဘူး။
ဒါကြောင့် ကျွန်မကို အပေါ်ကလို ပြောကြတာ ထင်ပါရဲ့။ ဒီနေ့တော့ အဲဒါတွေကို debunkလုပ်ပြီး ကျွန်မက ဘယ်လိုလူမျိုးကို ချစ်လဲဆိုတာ ပြောပြမှာ ဖြစ်ပါတယ်။ (တော်ပါတော့🙄🙄)
Social Psychologyရဲ့ လေ့လာချက်တွေအရ လူတွေ တစ်ယောက်နဲ့တစ်ယောက် သတိထားမိ ဆွဲဆောင်မိတာ ဒီ ၃ ချက်ကြောင့် ဖြစ်နိုင်ပါသတဲ့။
၁) အနေနီးတာ
၂) ရုပ်ရည် ကြည့်ကောင်းတာ
၃) တူညီတာ။
၁) အနေနီးတာ
မြန်မာမှာ စကားပုံ ရှိပါတယ်။ "အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိ"တဲ့။ အနေနီးရင် ရည်းစားဖြစ်ဖို့ ပိုလွယ်မယ်ပေါ့။ ရှင်တို့ပဲ စဉ်းစားကြည့်။ လုံးဝမမြင်ဖူး၊ မသိဖူးတဲ့လူတစ်ယောက်ကို ချစ်ကြိုက်သွားတာဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။ စာအုပ်ထဲက ဇာတ်ကောင်ကို ကြိုက်တယ်ဆိုတာတောင် သူတို့အကြောင်းကို စကားလုံး၁သောင်းလောက် ဖတ်ဖူး၊ သိဖူးနေလို့ ကြိုက်မှန်း မကြိုက်မှန်း ခွဲသိကြတာ မဟုတ်လား။ အခု ဒီခေတ်ရောက်ပြန်တော့လည်း အပြင်မှာ မတွေ့ဖူးပေမဲ့ အင်တာနက်ကနေ အချင်းချင်း သိကြဖို့ (အဲဒီကနေ ကြိုက်ကြဖို့) ဖြစ်လာပါတယ်။ ကျွန်မက အစတုန်းကတော့ ထင်တာပေါ့။ "ငါတော့ အပြင်မှာ မတွေ့ဖူးဘဲ အင်တာနက်ကနေပဲ ဘယ်လိုလုပ် ကြိုက်နိုင်မလဲ"လို့။ နောက် ကိုဗစ်ဖြစ်တော့လည်း မတတ်နိုင်ဘူး။ အရှုံးပေးရတာပဲ။
အဲဒီတော့ ကျောင်းအတူတူတက်တဲ့သူတို့၊ အလုပ်အတူတူလုပ်တဲ့သူတို့၊ volunteerအဖွဲ့မှာ တူတူလုပ်တဲ့သူတို့ဆို ပိုရင်းနှီးလွယ်၊ သူ့မကောင်းကြောင်း ကောင်းကြောင်း ပိုသိလွယ်၊ ပိုယုံလွယ်ပြီး ပိုချစ်ဖို့ အခွင့်အလမ်းများပါတယ်။
ကျွန်မက အထူးသဖြင့် စာပို့ပြီး စကားများရတာကြိုက်တော့ မညည်းမညူ စာပို့နိုင်၊ ဟိုအကြောင်း ဒီအကြောင်း ပြောနိုင်တဲ့သူဆို တအားသဘောကျပါတယ်။
၂) ရုပ်ရည် ကြည့်ကောင်းတာ
ချောချောလေးကို မကြိုက်တဲ့သူ ဘယ်သူရှိမလဲ။ မရှိပါဘူး။ ကျွန်မကရော ကြိုက်လား. အရမ်းကြိုက်တာပေါ့။ ပြီးပြည့်စုံမှုကို မက်မောတဲ့ ကျွန်မက ပိုတောင် အကဲဆတ်ပါသေးတယ်။ အရင်က ယောက်ျားလေးတချို့က သူတို့ဓာတ်ပုံတွေ လာပို့ကြပါတယ် (ဘာလို့ပို့ကြလဲ ကျွန်မတော့ နားမလည်ပါဘူး။ သူတို့ချောတယ်ဆိုပြီး ပြတာလား) အဲလိုလာပို့ပြီဆို ဖွင့်ကြည့်ဖို့ အင်မတန်တွေဝေပါတယ်။ တော်ကြာ ကြည့်လို့မကောင်းရင် ငါ့မျက်လုံးတော့ သွားပါပြီပေါ့။ (oh yeah. . I was also traumatised by the banana pics. eww) (I'm very biased and judgmental, I know😞😞) ဒါပေမဲ့ ဟိုသွားဒီသွားရင် ခပ်ချောချောဆို ကောင်လေးပဲဖြစ်ဖြစ် ကောင်မလေးပဲဖြစ်ဖြစ် သူတို့လမ်းလျှောက်သွားတာဖြစ်ဖြစ် ကားပေါ်က ဆင်းသွားတာဖြစ်ဖြစ် မမြင်ရတော့သည်အထိ လိုက်ကြည့်တတ်ပါတယ်။
စာအုပ်အရဆို ချောတာကို ၂မျိုးခွဲနိုင်သတဲ့။ မျက်လုံးကြီးကြီး၊ နှာခေါင်းသေးသေး၊ မျက်နှာသေးသေးနဲ့ ချစ်စရာပုံစံရယ် ပါးရိုးမြင့်မြင့်နဲ့ ရင့်ကျက်တဲ့ပုံစံဆိုပြီးတော့ပါ။ အိုး... ကျွန်မကတော့ မျက်လုံးကြီးကြီးနဲ့ ဆံပင်ပျော့ပျော့လေးတွေကို ကြိုက်ပါတယ်။
ဪ.. စာအုပ်မှာ ရေးထားတာမှာ physical attractivenessဆိုပြီး မျက်နှာတစ်ခုပဲ ပါပါတယ်။ ကျွန်မလိုမျိုး မျက်နှာကြီးကို မကြည့်ချင်သူ၊ လူကြားထဲမှာ နေရတာ သိပ်အဆင်မပြေတဲ့သူမျိုးအတွက်တော့ အသံက ရုပ်ထက်တောင် ပိုပြီး ဆွဲဆောင်နိုင်ပါသေးတယ်။ သီချင်းနားထောင်ရင် MVကြည့်တာထက် MP3ကို နားထောင်တာ ပိုများပါတယ်။ ဘာလို့လဲဆို သူတို့ လုပ်ချင်ရာလုပ်နေတာကို ထိုင်ကြည့်ရတာက နည်းနည်းကြောင်တောင်တောင်နိုင်တယ် ထင်လို့ပါ။ အဲဒါကြောင့် အသံဇာတ်လမ်းတို့၊ animeတို့ကို ပိုကြိုက်ပါတယ်။ သိတယ်မဟုတ်လား.. အသံပဲကြားရတာက ပိုပြီး လျှို့ဝှက်သလို ပိုစိတ်ဝင်စားဖို့ကောင်းတယ်လေ။ (Kenshi Yonezuအသံမျိုးဆို အရမ်းမိုက်🤩)
ဒါပေမဲ့လည်း ကျွန်မကို voice messageတွေ လာပို့ရင် နားထောင်ဖို့ ရွံ့တတ်ပါတယ်။ ဘာလို့လဲဆို အပေါ်က(ငှက်ပျောသီးပုံ)လို ညစ်တီးညစ်ပတ်တွေပြောပို့မှာ ကြောက်တာကြောင့် ဖြစ်ပါတယ်။
၃) တူညီတာ/ဆင်တူတာ/အကြိုက်တူတာ
"ဘာလို့ တူညီတဲ့သူကို ကြိုက်ရတယ်လို့ ပြောတာလဲ။ opposites attractဆိုပြီး ရှိတယ် မဟုတ်ဘူးလား? တူနေရင် ပျင်းစရာကောင်းမှာပေါ့၊ လိုက်ဖက်ညီတာကိုပဲ ကြိုက်တာဖြစ်မယ်" ဘယ်လိုပဲ ငြင်းချက်ထုတ်ထုတ် သုတေသနတွေကတော့ "implicit egotism" လူတွေမှာ မိမိကိုယ်ကိုယ်နဲ့ ဆက်စပ်သက်ဆိုင်တဲ့အရာတွေကို ပိုသဘောကျတတ်တာမျိုးကြောင့် ဆင်တူခြင်းက ပိုမိုကြိုက်နှစ်သက်ချစ်ကျွမ်းဝင်စေတယ်လို့ ပြောပါတယ်။ social comparison theoryအရဆို လူတစ်ယောက်ဟာ သူ့ရဲ့ယုံကြည်ချက်၊ လုပ်ဆောင်ချက်တွေ မှန်မမှန် တိုက်ဆိုင်စစ်ဆေးဖို့ သူနဲ့ တူတဲ့သူကို ရှာဖွေနေသတဲ့။ ဒီတော့ ကိုယ်နဲ့တူတဲ့သူတစ်ယောက်တွေ့ပြီဆို ကောင်းတဲ့ခံစားချက်တွေ ဖြစ်လာတာပေါ့။
ကျွန်မလည်း ကိုယ်နဲ့တူတဲ့သူကိုမှ ကြိုက်ပါတယ်။ အလုံးစုံတူနေစရာမလိုပေမဲ့ တူတဲ့နေရာ တစ်ခု နှစ်ခုတော့ ရှိရပါမယ်။ ပြီးတော့ တူတဲ့အရာက ကျွန်မအတွက် ဘယ်လောက်အရေးကြီးတဲ့နေရာမှာ ရှိလဲဆိုတာနဲ့လည်း ဆိုင်ပါသေးတယ်။ ဥပမာ ရှင်လည်း အပြာရောင်ကြိုက်ပြီး ကျွန်မလည်း အပြာရောင်ကြိုက်တယ်ဆိုပါစို့။ အကြိုက်ချင်းတူပေမဲ့ နီးစပ်တဲ့ သူငယ်ချင်းဖြစ်ဖို့တော့ အဝေးကြီးလိုပါဦးမယ်။ ဘာလို့ဆို ကြိုက်တဲ့အရောင်ဘာညာကို ကျွန်မက အရေးကြီးစာရင်းထဲ မထည့်လို့ ဖြစ်ပါတယ်။ ဥပမာ ရှင်က စာဖတ်ရတာ၊ ရေးရတာမကြိုက်ဘူးဆိုရင်တော့ တော်တော်ခက်ခဲမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆို ကျွန်မက စာအုပ်အကြောင်းတွေပြောတာ စာရေးပြီးပြတာမျိုးကို အတော်ကြိုက်လို့ ဖြစ်ပါတယ်။ တကယ်လို့ ရှင်က စာဖတ်တာအပြင် ရေးတာကိုလည်း ဝါသနာပါပြီး ကျွန်မကို လာပြမယ်ဆိုရင်တော့ အတိုင်းထက်အလွန် ပျော်မှာဖြစ်ပြီး တုန့်ပြန်စာရေးတာမျိုး လုပ်ပေးမှာ ဖြစ်ပါတယ်။ (ရှင့်ကိုလည်း အရမ်းချစ်သွားနိုင်ပါတယ်)
ဘယ်လိုပဲချစ်ချစ် ကျွန်မရည်းစားဖြစ်ဖို့တော့ အတော်ခက်ပါလိမ့်မယ်။ ဘာလိုလဲဆို ကျွန်မက commitmentပေးရတဲ့ ဟာမျိုးဆို အရမ်းကြောက်လို့ဖြစ်ပါတယ်။ ပြီးတော့ ရည်းစားဆို တစ်ယောက်ပဲထားပိုင်ခွင့်ရှိမယ်၊ သူငယ်ချင်းဆို မဟော်သဓာလို အယောက်တစ်ထောင်ရှိလည်း ကိစ္စမရှိဘူးမဟုတ်လား😈😈😈
အောက်ကဟာကတော့ နောက်စာအတွက် စာမြည်းဖြစ်ပါတယ်။ ဘာအကြောင်းဖြစ်မယ်ထင်လဲ..
ကျွန်မရဲ့ သီအိုရီအရတော့ လူသားတိုင်းက ချစ်တတ်ကြပါတယ်။ သူတို့ ချစ်ပုံချစ်နည်းက ကွဲပြားတာပဲ ရှိတာပါ။ တချို့တွေကတော့ နည်းလမ်းမှန်မှန်ချစ်နည်းကို မသင်ယူခဲ့ရတော့ သူတို့ရဲ့ နည်းလမ်းတွေက တပါးသူကို အနှောင့်အယှက်ဖြစ်စေပြီး စိတ်ဒုက္ခရောက်စေတယ်ပေါ့...
- Get link
- X
- Other Apps
Comments
Post a Comment