Featured post
- Get link
- X
- Other Apps
အရင်လက ပြောတဲ့ Writing Fictionအတန်းကို တက်နေပါတယ်။ ဝင်ခွင့်ရတဲ့အချိန်တုန်းကဆို အရမ်းပျော်လို့ ကပ်စေးနှဲပြီး တွန့်တိုနေတဲ့စိတ်တောင် ဘယ်ရောက်သွားမှန်းမသိ၊ သင်တန်းကြေးကို ချက်ချင်းလွှဲပေးလိုက်ပါတယ် (နောက်ကျသွားရင် ဝင်ခွင့်မရတော့မှာ စိုးလို့🤣)
ဆရာမအသံလေးကလည်း အရမ်းချစ်စရာကောင်းပြီး အတန်းဖော်တွေကလည်း အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။ တစ်ခုတော့ ရယ်ရတယ်။ ဆရာမက သူနည်းနည်းပြောပြီး ကျွန်မတို့ကို အတန်းထဲမှာ စာရေးခိုင်းပါတယ်။ အချိန်စေ့တော့ "ပျော်စရာကောင်းတယ်မဟုတ်လား။ ပျော်စရာကောင်းတယ်နော်" နဲ့။ ဘေးလူတွေအမြင်တော့ "စကားနည်းနည်းပြော၊ အမေးအဖြေလေး နည်းနည်းလုပ်၊ ပြီးတော့ ကင်မရာတွေ ပိတ်သွားကြ၊ စာတွေ တစ်ဒေါက်ဒေါက်ရိုက်၊ ပြီးလည်းပြီးရော ပျော်စရာကောင်းရဲ့လားတဲ့၊ အိုး… ဘာကိုပျော်စရာကောင်းမှာလဲ" လို့ တွေးနိုင်စရာ ရှိပါတယ်😂😂။ ဒါပေမဲ့ တကယ်လည်း ပျော်စရာကောင်းတာပဲ။
သူက တစ်ပတ်ပြီးတစ်ပတ် ရေးစရာ အိမ်စာတွေလည်း ပေးပါတယ်။ စာရေးနည်းကို ထဲထဲဝင်ဝင်တော့ မသင်သေးတဲ့ ပထမအပတ်မှာ အခုက စမ်းကြည့်တဲ့အနေနဲ့ပဲလား.. "ဒီရက်ပိုင်းအတွင်း ကြုံခဲ့ရတဲ့ မှတ်မှတ်ရရ အဖြစ်အပျက်"ကို ရေးခိုင်းပါတယ်။ ကျွန်မလည်း လောလောလတ်လတ် ဖြစ်ထားတဲ့ ကားမောင်းတဲ့ဇာတ်လမ်းကို ချရေးတာပေါ့။ (ကိုယ့်ဘာသာကိုယ် ဖတ်ကြည့်တာတော့ အတော်ရယ်ရပါတယ်။ နောက်မှ သင်တန်းပြီးသွားတဲ့အခါဖြစ်ဖြစ် အချောပြန်သတ်ပြီး တင်ပါ့မယ်)
နောက် ဇာတ်လမ်းတည်ဆောက်ပုံနဲ့ ဇာတ်ကောင်အကြောင်း အနည်းအကျဉ်းပြောပြီးနောက်မှာ "တစ်ယောက်က ပစ္စည်းလိုချင်၊ နောက်တစ်ယောက်က စိတ်ခံစားမှုတုန့်ပြန်တာကို လိုချင်ပေမဲ့ ၂ယောက်စလုံး လိုချင်တာမရတဲ့ ဇာတ်လမ်းရေးပါ" လို့ အရေးခိုင်းပြန်ပါတယ်။
ဒီတစ်ပတ်ကတော့ သရဲဇာတ်လမ်းအလှည့်ပါ။ ကျွန်မက သိပ္ပံဇာတ်လမ်းနဲ့ စုံထောက်ဇာတ်လမ်းကလွဲလို့ ကျန်တာတွေ အနည်းအကျဉ်း ရေးဖူးပါတယ်။ ကျွန်မ ၅တန်းတုန်းက အိမ်ကလူတွေ နာမည်ပြောင်းပြီး ဟာသလုပ်ရေးတယ်၊ နောက် ၆တန်းကျတော့ သူငယ်ချင်းနဲ့ ကျောင်းမှာ ပုံပြောတမ်းဆော့ပြီးနောက် ဒီဇာတ်လမ်း အတော်မိုက်သဟ ဆိုပြီး နည်းနည်းချဲ့ထွင်လို့ သရဲဇာတ်လမ်း ရေးပါတယ်။ နောက် ၁၀တန်းအောင်တော့ romance (အဲဒါကိုတော့ ချရေးရမှာ ရှက်လို့ ခေါင်းထဲမှာပဲ ထားပါတယ်😶🌫️😶🌫️)
ဒီတစ်ပတ်တော့ သရဲဇာတ်လမ်းအကြောင်း နည်းနည်းပြောပြီး ပထမဆုံး assignment ပေးပါတယ်။ စကားလုံးရေ ၆၀၀ ကနေ ၁,၀၀၀ အတွင်းရှိတဲ့ ဇာတ်လမ်းရေးပြီး ထပ်ပါတဲ့။ အဲလိုနဲ့ပဲ ၆တန်းတုန်းက စာရေးရင်း ကျောချမ်းရတဲ့အချိန်ကို ပြန်ရောက်သွားတယ်ဆိုပါစို့။
အစတုန်းကတော့ အတော်ဖျစ်ညှစ်ရေးရမယ်လို့ ထင်တာပါ။ ဘာလို့လဲဆို ကျွန်မ ဒီမှာလာရေးရင်၊ ကျောင်းက assignmentတွေအတွက် ရေးရင် စကားလုံးရေ ၃၀၀ ကျော်ဖို့တောင် မနည်းရေးရတာကိုး။ အခုက ၈၀၀ကျော်လောက်ရေးမှ ရမှာဆိုတော့ မလွယ်ဘူး ထင်မိတာပေါ့။ ဇာတ်လမ်းတစ်ပုဒ်လုံးတောင် ပြီးသွားမယ် ထင်မိပါတယ်။ အားလားလား ဒါပေမဲ့ တကယ်လည်းရေးရော ၁,၀၀၀ ကျော်သွားလို့ တစ်ပိုဒ်ကျော်တောင် ပြန်ဖျက်လိုက်ရပါလေရောလား။ ဒါတောင် နိဒါန်းလေးပဲ ရှိပါသေးတယ်၊ တကယ့်ဇာတ်လမ်းရဲ့ တစ်ဝက်တောင် မရောက်သေးပါဘူး။
ကိုယ့်ဟာကိုယ်လည်း အင်မတန် အံ့ဩရပါတယ်။ ကျွန်မက ဟုတ်တိပတ်တိသာ မထွက်တာ၊ ဒါမျိုးကျ အတော်ထွက်သားပဲလို့။ တစ်ချိန်တည်းမှာပဲ online webnovelတွေရေးတဲ့ သူငယ်ချင်းပြောတဲ့ စကားကို သတိရမိပါတယ်
"ပိုက်ဆံမရှိရင် တခြားဟာလျှောက်လုပ်နေမဲ့အစား webnovelရေးပါလား။ တစ်ရက်မှ စကားလုံးရေ ၁၅၀၀ပဲ ရေးရမဲ့ဟာကို။ ရေးနိုင်တာပဲ"
ဟုတ်သားပဲဟ။
Comments
Post a Comment