Featured post
- Get link
- X
- Other Apps
ဒီနေ့ သူငယ်ချင်းတစ်ယောက်က ကျွန်မရေးတဲ့စာတွေ ဖတ်ပေးရင်း ဝေဖန်ရင်း (ကျွန်မကလည်း သူ့ကို ပြန်ငြင်းဖို့ အချက်ရှာရင်း🤣) blogကို တစ်ချက် ပြန်ကြည့်မိပါတယ်။
အဲဒီတော့မှ တွေ့တာ။ အားလားလား...
ကျွန်မရေးတာ အပုဒ်တစ်ရာကျော်သွားပြီပဲ🙀🙀။ ပြီးတော့ ဒီနှစ်ဆို blogရေးတာ ၂နှစ်ရှိပါပြီ။ Waow တကယ်ပြောတာ ကျွန်မ ဒီလောက်အကြာကြီးနေရာတစ်ခုတည်းမှာ စာရေးတာ ဒါပထမဆုံးပဲ!
အရင်တုန်းက ကျွန်မ နေရာမျိုးစုံမှာ စာရေးဖူးပါတယ်။ ဆယ်တန်းတုန်းက ဒိုင်ယာရီစာအုပ်ထဲမှာ အဲဒါကလည်း တစ်နှစ်ပြီးတော့ အမေမြင်မှာစိုးလို့ လွှင့်ပစ်လိုက် (မြင်မှာကြောက်တာက အခြားမဟုတ်၊ crushကို ကြိုက်လှပါချည်ကြောင်းတွေ ရေးထားတာကိုး😅)
ဆယ်တန်းပြီးတော့ harry potterနဲ့ twilight နှစ်ခုရောထားတဲ့ (ဆယ်တန်းတုန်းက ကျောင်းမှာ ဆရာမ အတန်းချိန်မဝင်ရင် သူငယ်ချင်းတွေနဲ့ အာလူးဖုတ်ထားတဲ့) ဇာတ်လမ်းကို ဗလာစာအုပ်အလွတ်တစ်အုပ်မှာ ချရေး... အဲ ကံဆိုးချင်တော့ ဇာတ်လမ်းက တစ်ဝက်တောင် မရောက်ခင် ညီမတော်နဲ့ ရန်ဖြစ်လို့ သူက စာအုပ်ကို ဆွဲဖြဲလိုက်တာမှာ ရေးထားသမျှ ကုန်ပါလေရောလား🙂
နောက်ကျတော့ Facebook မှာ pageတစ်ခု ဖွင့်လို့ စာရေးပါတယ်။ တစ်နှစ်လောက်ကြာပြီးနောက်မှာ သူငယ်ချင်းစီက Wattpadအကြောင်းသိရလို့ အဲဒီမှာလည်း အကောင့်ဖွင့်ပြီး စာရေးပါတယ်။ နောက် ၂နှစ်လောက်အကြာမှာ ဘာမှမတင်ဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်ပြီး ဖျက်ပစ်လိုက်ပါလေရော။
အဲဒါတွေနဲ့ ယှဉ်ကြည့်ရင် ဒီblogက အပုံကြီးသာပါတယ်။ ကျွန်မကလည်း တစ်လမှာ အနည်းဆုံး ၂ပုဒ်တော့ ရေးသလို commentပေးတဲ့သူတွေလည်းရှိ၊ view တွေလည်း အားလုံးပေါင်း ၁၀၀လောက်ရှိတော့ အံမယ် ဘယ်ဆိုးလို့လဲပေါ့ (ဟိဟိ🤭🤭)
လာပြီး ဖတ်ပေးတဲ့သူတွေကိုရော commentပေးတဲ့သူတွေကိုရော အရမ်းအရမ်းကို ကျေးဇူးတင်ပါတယ်။ (မထင်ရင် မထင်သလို သိတဲ့သူတိုင်းကို blogလာဖတ်ဖို့၊ တစ်ခုခုရေးသွားဖို့ သွားသွားပြောနေတာကိုတော့ ဝန်ခံပါရစေ🤣)
တစ်ဆက်တည်းမှာပဲ ကျွန်မရဲ့ နောက်blogနှစ်ခုကိုလည်း သတိရသွားပါတယ်။ အဲဒီနှစ်ခုမှာလည်း စာကောင်းကောင်းရေးရဦးမယ်ပေါ့။ တကယ်ပါ.. ကျွန်မ စာရေးပြီတော့ပဲ နေချင်ပါတယ်။ စာရေးနေရတဲ့ အလုပ်ပဲ လုပ်ချင်ပါတယ်။
ကဲ. . . နောက်လာမဲ့ စာအုပ်နဲ့ post ပေါင်းသောင်းခြောက်ထောင်တို့အတွက် ကောင်းတဲ့အရာလေးတွေပဲ ဖြစ်စေဖို့ ကြိုတင်ဆုတောင်းကြပါစို့လား။ (သီချင်းကတော့ အခုတလော နားထောင်ဖြစ်တဲ့ အဆိုတော်ရဲ့ ခပ်မြူးမြူးသီချင်းတစ်ပုဒ်ပါ)
Comments
Post a Comment