Featured post
- Get link
- X
- Other Apps
အမှန်က ဒါကို ခေတ်သစ်သမီးပျိုရဲ့ အပိုင်းတစ်ခုအနေနဲ့ ရေးမလို့ပါ။ ဒါပေမဲ့လည်း အခုတောင် အချိန်တော်တော်ကြာနေပြီမို့ ဇာတ်လမ်းလိုသာ ရေးရရင် သူတို့ ဘာပြောကြမလဲဘာညာ စဉ်းစားရမှာနဲ့ ဒီထက်ကြာသွားရင် မေ့သွားမှာစိုးလို့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့နည်းနဲ့ပဲ ခဏရေးထားပါဦးမယ်။
မီယန်မာနိုင်ငံကြီးမှာ လူတန်းစားက ၃ရပ်ကွဲထွက်နေပါတယ်။ အစားအစာတွေကို နည်းနည်းစားပြီး လွှင့်ပစ်တဲ့သူတွေနဲ့ သိပ်မကောင်းချင်ဖြစ်နေတဲ့ အစာတွေကိုတောင် "နှမြောပါတယ်လေ" ဆိုပြီး စားပစ်ကြတဲ့သူတို့ ဖြစ်ပါတယ်။
အဲ… နောက်တစ်ဖွဲ့ကတော့ ထူးဆန်းတယ်။ သူတို့က "စားသမျှသည် ထမင်းနဲ့ဟင်းပဲ ဖြစ်ရမယ်"လို့ သတ်မှတ်ထားကြသူတွေပါ၊ ဥပမာ - အဘောင်မပေါ့😂။
ကျွန်မတို့ အဖီးမက မုန့်ဝယ်စားရတာကို ဝါသနာပါပါတယ်။ ဒီနေရာမှာ "မုန့်"ဆိုတာ ထမင်းမဟုတ်တဲ့အရာ အားလုံးကို ဆိုလိုပါတယ်။ ဘောင်ဘောင်တို့ ဖီးဖီးတို့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ မုန့်ဆိုတာ အာလူးကြော်၊ ကောက်ညှင်းပေါင်း၊ ရွှေရင်အေးတို့တင် မဟုတ်ပါဘူး။ မုန့်တီ၊ ခေါက်ဆွဲပြုတ်၊ ခေါက်ဆွဲကြော်၊ ပေါင်မုန့်၊ အသားကင်တွေလည်း "မုန့်"စာရင်းထဲ ပါပါတယ်။ ဖီးဖီးက အရင်ကတည်းက ထမင်းကို ခုံခုံမင်မင်မစားပါဘူး။ ညနေ ကျောင်းဆင်းရင် (သူက ကျောင်းဆရာမ ဖြစ်ခဲ့ပါတယ်) ကျောင်းနားက မုန့်တီဆိုင်မှာ မုန့်တီဝင်စားမယ်၊ ဒါမှမဟုတ် တရုတ်ခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲကြော်ဝင်စားမယ် အဲလို စားပါတယ်။ ပြောချင်တာက ညနေထမင်းလွတ်တယ်ပေါ့။
ဘောင်ဘောင်ကတော့ အဲဒါကို မကြိုက်ပါဘူး။ ဖြုန်းတီးတယ်လို့ မြင်တယ်။ လူဆိုတာ ထမင်းနဲ့ဟင်းကိုပဲ စားရမယ်လို့ မြင်တယ်၊ အပိုသွားရေစာ မုန့်တွေစားတာဟာ စာရိတ္တပျက်စီးတယ်လို့ ထင်တယ်၊ ပိုက်ဆံဖြုန်းတယ်လို့ မြင်ပါတယ်။ သူထင်ရင်လည်း ထင်ချင်စရာပါ။ အိမ်မှာချက်ထားတဲ့ ထမင်းနဲ့ဟင်း မဟုတ်တဲ့ အပြင်စာတွေက ပမာဏတစ်ဝက်လောက်သာရပြီး ၂ဆလောက် ပိုက်ဆံကုန်ပါတယ်။ အဲဒီတော့ အပြင်စာတွေ အမြဲစားနေတဲ့ ဖီးဖီးဟာ လတစ်ဝက်လောက်ရောက်ရင်ပဲ သူ့လစာကလေးဟာ တက်တက်ပြောင်ပါလေရော😆။ အဲဒီ့အခါ သူ့မုန့်စားတာလေးကို ရပ်ပြီး ဘောင်ဘောင်ဆီလာကပ်စားမယ်လို့ ထင်ရင် (ဘောင်ဘောင်က အဲဒီ့အချိန်မှာ အိမ်ထောင်ကျလို့ အိမ်ခွဲနေပါပြီ) 1 မှားပါလိမ့်မယ်။ သူက ပိုက်ဆံချေးပြီးတော့ မုန့်စားပါတယ်။ နောက်လကျ အဲဒါတွေ ပြန်ဆပ်ရတာနဲ့ လစာက တစ်ဝက်ပြောင်၊ မုန့်စား၊ လဝက်မရောက်ခင် ပိုက်ဆံပြတ်၊ ပြတ်တော့ချေးတဲ့ဆီပြန်ရောက် … အဲလိုနဲ့ အကြွေးတွေပိလာတော့ ဘောင်ဘောင်တို့က ပြန်ဆပ်ပေးရပါတယ်။ အဲဒါကြောင့်လားမသိ ဘောင်ဘောင်က အပြင်စာဆို အရမ်းမုန်းပါတယ်။ ကျွန်မတို့ ထမင်းမစားဘဲ ခေါက်ဆွဲပြုတ်စားနေကြပြီဆို "အိုး… သွားရေစာတွေ စားနေကြပြန်ပြီ၊ နင်တို့ မုန့်ပဲ စားနေကြ၊ ထမင်းကို မစားကြနဲ့"လို့ ဆောင့်အောင့်သံကြီးနဲ့ ပြောပါတယ်။
ဘောင်ဘောင်ဆီမှာနေရင် မုန့်မစားရပဲ မဟုတ်ပါဘူး။ ထမင်းနဲ့ဟင်းပဲ စားရတာမှာ ထမင်းကို အများကြီး စားရပြီး ဟင်းကို နည်းနည်းလေးပဲ စားရပါတယ်။ ဘာလို့လဲဆို (တစ်ပတ်လောက်စားရတဲ့) ဆန်တစ်ပြည်နဲ့ တစ်နပ်စားအသားက ဈေးတူနေလို့ပါပဲ၊ ပြောချင်တာက ဟင်းက ဈေးကြီးတယ်ပေါ့။ အဲဒါကြောင့် 3cm3 လောက်ရှိတဲ့ အသားတုံးတစ်တုံးကို (ဒါတောင် တော်တော်ကြီးတဲ့ အသားတုံးပါ။ များသောအားဖြင့် ဟင်းတုံးတွေက သူ့ထက် တစ်ဝက်လောက်သေးကြပါတယ်) ထမင်းတစ်ပန်းကန်နဲ့ စားရပါတယ်။ အရင်တုန်းကတော့ ဘာမှမပြောဘဲ စားပါတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ကျွန်မလည်း စိတ်တိုလာတယ်။
ကျွန်မက ထမင်းကိုမှ မကြိုက်တာ။ အသီးအရွက်တွေ ကြိုက်တယ်၊ အသီးအနှံတွေ ကြိုက်တယ်။ စွပ်ပြုတ်တွေ ကြိုက်တယ်။ ပေါင်မုန့်ကြိုက်တယ်။ ခေါက်ဆွဲကြိုက်တယ်။ ဖြူဖြူတောင့်တောင့် အစိတွေ မကြိုက်ဘူး။ အဲလိုနဲ့ ဘာလုပ်စားတယ် မှတ်လဲ။ ကွေကာအုတ်လုပ်စားတာပေါ့။ သကြားဘာညာမပါတဲ့ instant oatmealကို ပန်းကန်တစ်လုံးမှာထည့်၊ ဒိန်ချဉ်ထည့်၊ ဖရဲသီး စပျစ်သီး ပန်းသီးတွေ လှီးထည့်၊ အား ရှယ်မိုက်ပဲ။ စားပြီးမှ သဘောပေါက်လိုက်တာက ဒီတစ်နပ်စာစားတာက ထမင်းဟင်းတစ်ရက်စာ ကုန်တယ်ဆိုတာပါပဲ။ အသီးအနှံတွေက ဈေးကြီးတယ်လေ။ ဒီတော့ အိမ်က ထမင်းကိုပဲ ပြန်ကြိတ်ရတော့တာပေါ့။
နောက်တော့ စဉ်းစားမိတယ်။ မြန်မာတွေ ထမင်းစားတဲ့ပုံက အဆန်းသား။ ပုံမှန်ထမင်းစားပွဲတစ်ခု တည်ခင်းရင် ပါဝင်ရမဲ့ ပန်းကန်တွေက
- ထမင်းပန်ကန်
- အသားဟင်း/ငါးဟင်း - များသောအားဖြင့် ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူနီရောထောင်းထားတဲ့အနှစ်နဲ့ ချက်တဲ့ ဆီပြန်ဟင်း ဖြစ်ဖို့များပါတယ်။
- ငါးပိရည်
- တို့စရာ ဟင်းရွက်စုံ - ခံတက်ချဉ်၊ မုန်လာချဉ်လို အချဉ်တည်ထားတာတွေကအစ ကန်စွန်းရိုးနီပြုတ်လို အပြုတွေအပြင် ခရမ်းကျွတ်သီးလို အစိမ်းစားရတဲ့ အသီးအရွက်တွေအထိ အမယ်စုံပါတယ်။
- ဟင်းချို / အရည်သောက် - ငါးကလေး အသားကလေး ပြုတ်ရည်မှာ ဟင်းရွက်ခက်ထားတဲ့ ဟင်းရည်၊ ချဉ်ပေါင်လို မွှေချက်တဲ့ အရည် စသည်ဖြင့် ပါပါတယ်။
ပြင်ဆင်ရာမှာ စည်းကမ်းရှိသလိုပဲ စားတဲ့အခါမှာလည်း စည်းကမ်းတွေ ရှိပါသေးတယ်။ ထမင်းကို လက်နဲ့စားတဲ့အခါ ပန်းကန်အလယ်လေးမှာ စုပြီး စားရမယ်၊ အနားသတ်ပေါင်တွေကို မပေစေရ၊ ထမင်းဟင်းက ဆီတွေ ထမင်းလုံးတွေက လက်အလယ်ဆစ်ရဲ့ အောက်နားမှာသာ ရှိရမယ်၊ စားမယ်ဆို ကိုယ်နဲ့ အနီးဆုံးနားကနေ စစားရမယ် အလယ်က ဖောက်စားတာ ဘေးဘက်ကို အရင်စားတာမျိုး မလုပ်ရ၊ ထမင်းနဲ့ ဟင်းနဲ့ မျှတအောင် စားရမယ် ထမင်းမကုန်ခင် ဟင်းအရင်ကုန်တာမျိုး မဖြစ်ရ စသည်ဖြင့် ခက်ခဲရှုပ်ထွေးတဲ့ စည်းမျဉ်းပေါင်း များစွာ ရှိပါတယ်။ ဒါကြောင့် ကျွန်မကတော့ ဇွန်းနဲ့ပဲ စားပါတယ်။ အလုပ်ရှုပ်သက်သာတာပေါ့။
အဲ.. တကယ်လို့ ထမင်းနဲ့ဟင်း နယ်ဖတ်စားတာကို ရွံစရာကောင်းတယ်လို့ မြင်ရင်တော့ ထမင်းနဲ့ ငှက်ပျောသီး၊ သရက်သီးတို့ကို နယ်စားတတ်တဲ့သူတွေလည်း ရှိကြောင်း အသိပေးရင်း နိဂုံးချုပ်ပါရစေ။
Comments
Post a Comment