Featured post

တစ်ကိုယ်တည်းပေမဲ့ အမ ကျန်


 ခေါင်းစဉ်ကြည့်ရင်း ဒီလိုစဉ်းစားမိပါလိမ့်မယ်။ 

"ဘာကြီးလဲဟ😐"

ဒီစာကတော့ ခေါင်းစဉ်အတိုင်း ဘာလို့ တစ်ယောက်တည်းဖြစ်နေရသလဲ၊ ဘာလို့ ပျော်ရွှင်မြူးတူးနေသလဲ ဆိုတာ ပြောပြမှာ ဖြစ်ပါတယ်။ (ဘာလို့လဲဆို ကျွန်မ ရည်းစားမထားဖူးကြောင်း ပြောမိတဲ့အခါ ဘာလို့လဲ ဘာလို့လဲနဲ့ လာမေးကြတော့ ကျွန်မလည်း တစ်ယောက်ချင်းစီကို အသေးစိတ် ရှင်းမပြနိုင်တော့လို့ ဖြစ်ပါတယ် 🙂)


ဪ.. စကားမစပ်တစပ်ပြောရရင် အရင်တစ်နေ့က ကျွန်မရဲ့ ကြင်ဖက်ဆိုပြီး ရှမ်းနံနံ ၃ပင်ပုံလေး တင်ထားသေးတယ် မဟုတ်လား။ အဲ.. ဒီနေ့ပဲ အဲဒီ့အပင်လေးတွေ အလျှိုလျှို သေဆုံးသွားကြပါပြီ🥲🥲။ အမလေး ကြင်ဖက်ဆို လူသာမက အပင်တောင် ကျွန်မနား မနေနိုင်ဘူး ထင်ပါရဲ့။ ဒါပေမဲ့လည်း One goes, two come - အဲဒီ့အပင်တွေ သေသွား‌ပေမဲ့ အသစ်ပေါက်နေတဲ့ သံပုရာပင်လေး ရှိပါသေးတယ်😏။ (ဘုရား ဘုရား ဒီတစ်ပင်တော့ မသေပါစေနဲ့🙏၃၀.၁.၂၃ update: သေသွားပါပြီ)

ဒီတော့ အဓိက အကြောင်းအရာကို ပြန်ဆက်ရအောင်ပါ။ အသက် ၂၃နှစ်အထိ ဘာလို့ ရည်းစား တစ်ယောက်မှ မရတဲ့အပြင် နောက်လည်း ရှိမှာမဟုတ်ဘူးလို့ ကြွေးကြော်နိုင်ရတာလဲ?🤔🤔


အကြောင်းပြချက်တွေကတော့ တစ်ချက် နှစ်ချက်မကပါဘူး. .

၁။ "ပိုက်မှာမကန် ကွန်မှာမဆန့် ငါးကန့်လန့်"

ပစ္စည်းပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် အံဝင်ခွင်ကျ ဖြစ်မနေဘူးဆို "ပိုက်မှာမကန် ကွန်မှာမဆန့် ငါးကန့်လန့်" လို့ အမေက ဆိုလေ့ရှိပါတယ်။ ပြောချင်တာကတော့ ဂွစာပေါ့။ ကျွန်မကလည်း အဲဒီ့အတိုင်းပါပဲ။ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဟိုဟာလည်းမဟုတ်၊ ဒီဟာလည်းမဟုတ်၊ ညှိယူဖို့ တော်တော်ခက်တဲ့သူဖြစ်ပါတယ်။ ဥပမာ ရုပ်ရှင်ပဲဆိုပါစို့။ romanceဆို ဝေးဝေးက ရှောင်ပါတယ်။ အတွဲတွေ ရုံမှာကြည့်လို့ကောင်းတဲ့ သရဲကားတို့ horrorတို့ကျတော့လည်း ဝေးဝေးက ရှောင်ပြန်ပါတယ် (ရှင်တို့ပဲစဉ်းစားကြည့် အပန်းပြေဖို့ ရုပ်ရှင်ကြည့်ပါတယ်ဆို ကြောက်အားလန့်အားနဲ့ အော်ဟစ်ပြီး ညဘက် အိပ်မရတော့ ဘာလုပ်မှာလဲ။ မဟုတ်ဘူးလား) ဘာရုပ်ရှင်တွေများ ကြည့်သလဲလို စပ်စုမယ်ဆိုရင်တော့ စုံထောက်ကား၊ စစ်ကား နဲ့ သမိုင်းကားတွေကို အသည်းစွဲကြည့်တယ်လို့ ပြန်ဖြေပါရစေ။ ခက်တာက ကျွန်မကြည့်တဲ့ကားတွေကို ဘယ်သူမှ မကြည့်ကြတာပါပဲ😐


၂။ "ကဏန်း"

မြန်မာစကားမှာ ကဏန်းဆိုတာနဲ့ ပြေးမြင်ရမှာ ၂ခုရှိပါတယ်။ ဈေးကြီးပြီး စားရတာ ကရိကထ များတယ်ဆိုတာပါ (ဘေးတိုက်သွားတယ်ဆိုတာကတော့ အပေါ်ကဟာနဲ့ အဓိပ္ပာယ်တူလို့ မပြောတော့ပါဘူး) ကျွန်မက ဈေးကြီးပါတယ်။ သက်သက်သာသာနဲ့ မရပါဘူး။ တစ်ပတ်လောက် လာစကားပြောရုံနဲ့ ပါလာမှာမဟုတ်သလို အရုပ်ဘာညာ ဝယ်ပေးရုံနဲ့ ပြန်ကြိုက်မှာ မဟုတ်ပါဘူး။ လနဲ့ချီ၊ နှစ်နဲ့ချီအောင် ရှင့်ရဲ့အချိန်နဲ့ စိတ်နှလုံးတွေ ကျွန်မဆီမှာ မြှုပ်နှံရမှာ ဖြစ်ပါတယ်။

ပြီးတော့ ကရိကထ များပါတယ်။ ကဏန်းလက်မထဲက အသားစားချင်ရင် လက်နဲ့စားဖို့ လက်ဆေးဦး၊ ထုဖို့ တူရှာဦး၊ အခွံတွေကို စိတ်ရှည်လက်ရှည်ဖယ်ဦး လုပ်ပြီးမှ ၃စက္ကန့်လောက် အရသာခံပြီး မျိုချရမဲ့ အသားတစ်မျှင်ကို စားရမှာပါ။ အဲဒီလိုပဲ ကျွန်မနဲ့ တွေ့ချင်တယ်ဆိုပါစို့။ "ဟေး နောက်တစ်ပတ် တွေ့ကြမယ်လေ" ဆိုရုံနဲ့ မရပါဘူး။ ကျွန်မ အပြင်ထွက်တော်မူတဲ့နေ့ကို ရှင်တို့ စောင့်မျှော်ရမယ်၊ ပြီးရင် ကျွန်မ အဆင်ပြေတဲ့နေရာကိုပဲ လာရမယ်၊ ဒါတောင် ကျွန်မက ခဏပဲကြည့်ပြီး လှစ်ခနဲ ထွက်ပြေးသွားတာကို ကြုံရမှာ ဖြစ်ပါတယ်။ ကံကောင်းလို့ အတွေ့ခံရင်တောင် အတို့အထိခံမှာ မဟုတ်ဘဲ ပြင်းပြင်းထန်ထန် ပုတ်ချဆန့်ကျင်မှာ ဖြစ်ပါတယ်။ (သူတို့လက်တွေက ဘာတွေကိုင်ထားမှန်းမသိ😬😬)


၃။ သင်းခွေချပ်

သင်းခွေချပ်တွေက ဘာလုပ်တတ်ကြပါသလဲ။ သာမန်ဆိုရင်တော့ ကုန်းကုန်း ကုန်းကုန်းနဲ့ သွားနေတတ်ကြပေမဲ့ တစ်ခုခုနဲ့ တွေ့တဲ့အချိန်ကျရင်တော့ ဖျက်ခနဲ အလုံးလေးဖြစ်အောင် ခွေလိုက်ပါတော့တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တယ်ပဲ ခေါ်မလား၊ ရှက်တတ်တယ်ပဲ ပြောမလား၊ ဘယ်လိုပြောပြော သူတို့ဟာ အချဉ်းကပ်မခံတဲ့ သတ္တဝါတွေအဖြစ် ထင်ရှားပါတယ်။ ကျွန်မလည်း ထိုနည်း၎င်းပါပဲ။ တွေ့ဖို့ချိန်းရင် ဟိုရွှေ့ဒီရွှေ့လုပ်တာ၊ လူတွေ့ရင် လှစ်ခနဲပြေးတာကတော့ လူအတော်များများ လက်ခံနိုင်ကြပေမဲ့ ဖုန်းမပြောဘဲ ချပစ်တာတို့၊ voice messageတွေဆို နားမထောင်ချင်တာတို့ကိုတော့ သူတို့သည်းမခံနိုင်ကြပါဘူး။ တစ်ယောက်ဆို အတင်းဖုန်းခေါ်လို့သာ ကိုင်ထားရတယ်၊ သူဘက်ကတော့ အသံနဲ့ စကားတွေ ပြောနေပြီး ကျွန်မဘက်က တတောက်တောက်နဲ့ စာတွေရိုက်ပို့နေလို့ "စာရိုက်တာ မြန်သဟ မြန်သဟ"နဲ့ ကျွန်မရဲ့ typing skillsကို အံ့ဩမဆုံး ဖြစ်လိုက်ပါသေးတယ်။ (အမလေး..  စာရေးဆရာမက စာရိုက်နှေးနေလို့ ဖြစ်မလား🙂🙂) 


၄။ "ယောက်မ"

"ဟင်းသာမွှေတယ် အရသာကို မသိရှာဘူး" လို့ ယောက်မတွေကို ပြောကြပါတယ်။ ကျွန်မမှာလည်း ရည်းစားရှိတဲ့ မိတ်ဆွေတွေ များပါလျက်နဲ့ ဒိတ်သွားရင် ဘာလုပ်ရမှန်းမသိပါဘူး။ ထိုင်ပြီးတစ်ခုခု စားကြမယ်ဆိုပါစို့၊ အဖြစ်နိုင်ဆုံး scenario ကတော့ ကျွန်မက ဘာမှမပြောဘဲ ပြုံးကြည့်နေမယ်၊ ရှင်ကတော့ ကြောင်တောင်တောင်နဲ့ နေရခက်တဲ့ တိတ်ဆိတ်မှုမျိုး မဖြစ်ရလေအောင် တွေ့ကရာ အကြောင်းတွေကို လွှတ်ပြောနေရမယ်၊ နောက်ဆုံး "ငါတော်တော်စကားများတာပဲ" ဆိုပြီး ရှက်ကိုးရှက်ကန်းနဲ့ တွေးနေမိမယ်၊ ဒီလိုနဲ့ ဟင်းပွဲကုန်တဲ့အခါ ကျွန်မက အရမ်းအိမ်ပြန်ချင်လာပြီး စောစောက ဘာမှမဖြစ်ခဲ့သလို ကိုယ့်လမ်းကိုယ်ဆက်လျှောက်သွားကြမှာ ဖြစ်ပါတယ်။ (အစကတော့ ကျွန်မက ဒါကို သိပ်သတိမထားမိပါဘူး။ မနေ့က နိုင်ငံခြားသွားတော့မဲ့ ရှမ်းခေါက်ဆွဲအစ်ကိုကြီးနဲ့ သွားတွေ့တဲ့အခါမှ ကျွန်မ ဘယ်လောက် အခြေအနေဆိုးနေတယ်ဆိုတာ သတိထားမိတာ ဖြစ်ပါတယ်။ ဒါတောင် သူငယ်ချင်းနဲ့ သွားတွေ့တဲ့ ပုံစံပဲ ရှိပါသေးတယ်။ တကယ်သာ ဒိတ်ရင် ဘယ်လိုပုံဖြစ်မယ်ဆိုတာ မြင်ယောင်သာ ကြည့်ပါတော့)

ကျွန်မ အလုပ်ကသူတွေက ကျွန်မဟာ socially awkwardဖြစ်တယ်လို့ပြောရင် လက်မခံကြပါဘူး။

 "ဟယ် ဘယ့်နှယ်လဲ၊ အတန်းထဲမှာ ဒီလောက်သွက်တာကိုလေ" 

"အရင်ကတော့ ဟုတ်ချင်ဟုတ်မယ်၊ အခုတော့ လုံးဝ မဖြစ်နိုင်ဘူး"

ဒီလိုမျိုးတွေ ပြောကြပါတယ်။ သူတို့ မေ့နေတာ တစ်ခုရှိပါတယ်။ သူတို့နေ့တွေ့ဆုံတဲ့ settingဟာ လုပ်ငန်းခွင်နဲ့ကျောင်း ဖြစ်ပြီး သူတို့ဟာ ကျွန်မကို တန်ဖိုးရှိတဲ့ အချက်အလက်တွေပေးမဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ အတန်းဖော်တွေ ဖြစ်ကြတယ်ဆိုတာပါပဲ။ ထမင်းစားလက်မှတ်ပေးမဲ့ ဒီလိုနေရာတွေမှာမှ နဝေတိမ်တောင်လုပ်နေရင် ကျွန်မ စားစရာမရှိဖြစ်သွားမှာပေါ့🥹 အဲဒါကြောင့် ဆက်ဆံရေး ချောမွေ့စေဖို့ ဘယ်လိုအချိန်ဆို ဘာစကားပြောရမယ်ဆိုတာ လေ့ကျင့်သင်ယူထားရပါတယ်။ (ဟုတ်ကဲ့ ကျွန်မမှာ autism traitတွေ ရှိပါတယ်။ အဲဒီ့အဲဒီ့ ကိုယ့်စည်းချက်နဲ့ကိုယ် လှုပ်နေတတ်တာရော၊ စကားပြောတစ်ခုကို ထပ်ခါထပ်ခါ စဉ်းစားပြီး ပြစ်ချက်လိုက်ရှာလေ့ကျင့်နေတတ်တာရော၊ ဟာသတွေ နားမလည်တာရော၊ ကျွန်မရဲ့ responseတွေက သဘာဝမဆန်ဘဲ တုံးတိကြီးဖြစ်နေတာရောပေါ့)

၅။ I am apathetic

ကျွန်မက လူတွေ ခံစားချက်ကို သိပ်နားမလည်ပါဘူး။ ရှင်နဲ့ စကားပြောနေရင်း ရှင်ဘာတွေ ခံစားရမှန်း မသိဘဲ ကျွန်မဘက်ကပဲ ပြောချင်တာ ပြောတာ များပါတယ်။ ဒါကြောင့် အောင့်သက်သက် ဖြစ်သွားသူတွေလည်း မနည်းပါဘူး။ ဥပမာ လူတစ်ယောက်က  "ကိုယ့်ဘဝမှာ ဒီလိုလူမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ဒီလို ဂွစာလေးနဲ့လည်း ဒီလောက်အကြာကြီး စကားပြောဖြစ်မယ် မထင်ဘူး"လို့ ပြောမယ်ဆိုပါစို့။ ဒါဆို ကျွန်မက "ဂွစာဆိုရင် ဘာလို့ စကားလာပြောနေသေးလဲ" ဆိုပြီး ပြန်ပြောမှာ ဖြစ်ပါတယ်။ အဲဒါမျိုးအပြင် အခြားသော အခြားသော စကားတွေကိုလည်း စာနဲ့ပဲ ရေးပို့တော့  ဟိုဘက်က ကျွန်မကို အမြဲအော်နေတတ်တယ်ထင်တာမျိုးအထိ ပိုဆိုးကုန်ပါတယ်။ အမှန်က ကျွန်မက မအော်ဘူး သိလား။ လေသံအေးအေးနဲ့ပဲ ပြောနေတာ ဖြစ်ပါတယ်။ အခုတလော computerကို စကားပြောနိုင်တဲ့ formal languageတွေ သင်နေတော့ စဉ်းစားမိပါတယ်။ အမလေးလေး လူ့စကားဟာ အင်မတန် ရှုပ်ထွေးလှပါကလားလို့။ 

ဪ.. ပြီးတော့ ကျွန်မက လူတွေငိုတာတွေ့ရင် သနားစိတ် ဖြစ်ရမဲ့အစား ရယ်ချင်ပါတယ်။ အဲလိုဖြစ်နေတဲ့ ကျွန်မက ဝတ္ထုဖတ်ရင်တော့ ဇာတ်ကောင်တွေကို သနားလို့ ရှိုက်ကြီးတငင် ငိုပါသတဲ့တော်။ 

အင်း.. အဲဒါတွေကြောင့် တစ်ကိုယ်တည်း ဖြစ်နေပါတယ်။ ဒါပေမဲ့ အထီးမကျန်ရတဲ့အကြောင်းရင်းတွေကတော့ ကျွန်မဘေးမှာ ကျန်ရှိနေတဲ့ အမသတ္တဝါ သူငယ်ချင်းနဲ့ ပျော်ပါးနေလို့ပဲ ဖြစ်ပါတယ်😂😂

ကျွန်မကို မေးခွန်းတွေ လာမေးတဲ့သူတွေအတွက်လည်း မေးခွန်း ရှိပါတယ်။ 

"ဘယ်လိုများ ရည်းစားရကြသလဲ? ပြီးတော့ ရည်းစားရရင် ဘာတွေ လုပ်ကြသလဲ? ဘာများ ထူးခြားလို့လဲ?"

ပြန်ဖြေကြမယ်ဆိုရင်တော့ ကျွန်မလည်း ရှင်တို့ကို ပြန်ဖြေရကျိုးနပ်ပြီ ဖြစ်ပါတယ်။ 

Comments