Featured post

ကမ္ဘာကြီးပေါ်တွင် ရှင်သန်ခြင်း



 ကျွန်တော်တို့သည် ကမ္ဘာကြီးပေါ်တွင် နေထိုင်ကြပါသည်။ ကမ္ဘာကြီးသည် မီးတောင်ကြီးတစ်ခု ဖြစ်ပါသည်။ ကျွန်တော်တို့ ရှင်သန်ရာ မြေကြီးကျောက်သားလွှာအောက်တွင် ချော်ရည်ပူများ ရှိပါသည်တဲ့။ ထိုချော်ရည်ပူများက အမျိုးမျိုးသော အပေါက်များမှ ပေါ်ထွက်လာတတ်ကြပါသည်။


ကမ္ဘာကြီးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက အာကာသထဲတွင် ဘာမှမရှိရာမှ ပိစိပိစိ အပိုင်းအစလေးများ စုပေါင်းကာ အံ့ဩဖွယ် ဖြစ်တည်လာပါသည်။ ကျောက်အလုံးကြီးအဖြစ်ပဲ ရှိနေသည်မဟုတ်၊ လေထုလည်းပေါ်လာ၊ ရေများလည်း ရှိလာပါသည်။ ထိုသို့ဖြင့် သင့်တော်သော အပူချိန်အနေအထားတစ်ခုသို့ ရောက်သည့်အခါ သက်ရှိများ ဖြစ်ပေါ်လာပါသည်။ 


လှုပ်စိလှုပ်စိလေး လုပ်နိုင်ရုံ အရွယ်အစားသက်ရှိများမှသည် တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် သစ်ပင်ကြီးများ လဲပြိုသွားစေနိုင်သည့် သက်ရှိကြီးများ၊ တစ်ခါမှ မရှိဖူးသည့် ယာဉ်အထူးအဆန်းများ ထွင်ကာ ကမ္ဘာမြေအပြင်ဘက်သို့ အရောက်သွားနိုင်သည့် သက်ရှိများ ပေါ်ထွန်းလာကြပါသည်။ 


တုတ်ချောင်းကြီးနှင့်တူသည့် သတ္တဝါများက သူတို့သာ အတော်ဆုံး၊ အတတ်ဆုံးဟု ကြွေးကြော်ကြပါသည်။ အတူယှဉ်တွဲနေကြသည့် အခြား သတ္တဝါများကိုလည်း မတူသလို မတန်သလို ဆက်ဆံကြပါသည်။ သူတို့ထက် အရင် ရှိနှင့်သည့် ကျေးဇူးရှင်များကို သတ်ပစ်ကြပါသည်။ မျိုးကွဲများကို သတ်သည်သာမက သူတို့အချင်းချင်းလည်း သတ်ဖြတ်ကြပါသေးသည်။ 


သူတို့သည် သဘာဝမဆန်သည့် ထူးထူးဆန်းဆန်းအရာများကို လုပ်ဆောင်ကြပါသည်။ ခန္ဓာကိုယ်ပေါ်တွင် အမျိုးမျိုးသောပုံများ ရေးခြစ်ခြင်း၊ နေရာတစ်နေရာ သတ်မှတ်၍ ဦးညွတ်ကြခြင်း၊ အမျိုးမျိုးသော အရွက်များပေါ်တွင် ဘာမှန်းမသိနိုင်သည့် အဝိုင်းများ အချောင်းများ ကွေးကွေးကောက်ကောက်များကို ရေးခြစ်ကြခြင်း၊ တစ်စုက အခြားသူတို့ကို တုပကာ အမျိုးမျိုးသော ဟန်အမူအရာတို့ကို လုပ်လျက် အခြားတစ်စုက ကြည့်ကြခြင်း၊ အပြားတစ်ပြားကို အာရုံစိုက်ကာ ကြည့်ကြခြင်း စသည့် အလုပ်အမျိုးမျိုးတို့ကို လုပ်ကြပါသည်။ 


အိုး. သည်အရာကို သင်တို့ တွေ့ဖူးကြပါသလား . . . 
ထိုသို့ လုပ်နေရင်းပင် ဗလာနတ္ထိအခြေအနေသို့ ရောက်သွားကြပါသည်။
ရယ်မောနေရင်းပင် ငိုကြွေးကြရပါသည်၊ ပျော်ရွှင်နေရင်းပင် ဝမ်းနည်းကြရပါသည်၊ မျှော်လင့်နေရင်းပင် ဦးတည်ချက် မဲ့သွားကြရပါသည်။
ထိုသို့ လုပ်နေရင်းပင် ရုတ်တရက် လဲလျောင်းက ရပ်တန့်သွားကြပါသည်။ 
ပြီးတော့ နစ်မြုပ်သွားကြပါသည်။ 

ကမ္ဘာကြီးသည် တည်မြဲနေသည့်အရာ မဟုတ်ပါ။ မြေကြီးအောက် ကျောက်သားအလွှာအောက်တွင် ချော်ရည်ပူများ ရှိပါသည်။ ထိုချော်ရည်ပူများသည် ကျွန်တော်တို့ကိုယ်ထဲတွင်လည်း ရှိနေပါသည်။ 

သင်တို့ သတိပြုရန်သာ လိုပါသည်။ 


ညများသည် ရှည်လျားပါသည်။ ညများသည် စဉ်းလဲမှုတို့နှင့် ပြည့်နေပါသည်။ သို့သော် အခြားကို ကြံရွယ်ရန် မတတ်နိုင်ပါ။ ပွေ့ဖက်နမ်းရှုပ်ရုံသာ ရှိပါသည်။ အလွန်အမင်း စိတ်မပျက်ပါနှင့်။ စဉ်းလဲမှုများကြားတွင်လည်း အပြစ်ကင်းစင်မှုများ တစ်ခါတရံ ပေါ်လာတတ်ပါသေးသည်။ 

ကျွန်တော်တို့ထဲရှိ ချော်ရည်ပူများကို သတိပြုမိပြီးနောက် ဆက်လက်လုပ်ဆောင်ရမည်မှာ လမ်းမပျောက်သွားရန် ဖြစ်ပါသည်။ 
အဲ. . . ဒါကိုတော့ ကျွန်တော်လည်း နားမလည်ပါ။ 



Comments