Featured post

MOOD KILLER

 

၁၄. ၁၂. ၂၂

ဒီနေ့တော့ အချိန်ပိစိလေးရတာနဲ့ ပြတင်းပေါက်နားက ခုံလေးမှာထိုင်၊ သီချင်းလေးဖွင့်၊ လက်ထဲမှာလည်း ခွက်တစ်ခွက်ကိုင်ကာ နေပါတယ်။ 


သူများတွေအတွက်တော့ ခွက်က ပူပူလေး ဖြစ်နေမယ်၊ ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည် ဖြစ်နေမယ်၊ ဒါမှမဟုတ် ကိုကိုးလည်း ဖြစ်နိုင်ပါသေးတယ်။ 


ကျွန်မလက်ထဲက ခွက်ကတော့ အထဲက မိုင်လိုနဲ့ ကွေကာအုတ်ကို ရေအေးနဲ့ ဖျော်ထားတာမို့ အေးစက်စက်ကြီးပါ။ သီချင်းကလည်း အဒေါ်လာလို့ အမြန်ပိတ်လိုက်ရပါတယ်


(ဒါက ၁၄ရက်တုန်းက အစပျိုးထားတာ ဖြစ်ပေမဲ့ အဲဒီတုန်းက ဟိုဟာ ထလုပ် ဒီဟာထလုပ်နဲ့ ရေးဖို့အကြောင်းအရာ မေ့သွားလို့၊ ကြားထဲမှာလည်း အချိန်မရတာကြောင့် ဒီနေ့မှ ပြန်ရေးရပါတယ်)

အဟမ်း...

၂၀.၁၂.၂၀၂၂

အဲဒီနေ့က အကြောင်းကို ပြန်တွေးမိရင်း ရယ်မိပါတယ်။ 


၂၅. ၁၂. ၂၀၂၂

အဲဒီနေ့ကလည်း ဟိုထလုပ် ဒီထလုပ်နဲ့ ဘာမှမ‌ရေးလိုက်ရပြန်ပါဘူး။ အမှန်က ကျွန်မ ဘယ်လောက်ထိ mood killer ဖြစ်ကြောင်း ပြောချင်တာပါ။ အဲဒီနေ့က 

ကောင်းကင်မှာ တိမ်လေးတွေက ဟိုတစ်လိပ် ဒီတစ်လိပ်

နေရောင်ကလည်း ဖျော့ဖျော့လေး ကျလို့

ဆောင်းလေအေးကလေးကလည်း တဖြူးဖြူးတိုက်လို့

ဒီအချိန် ကတ်သရင်းတစ်ယောက် ဘာလုပ်နေလဲ?

ပြတင်းပေါက်နားက စားပွဲလေးမှာ ထိုင်ပြီး အားချိန်လေး ရတုန်း စာရေးဖို့ စဉ်းစားနေပါတယ်။ လက်ထဲမှာလည်း ခွက်ကလေး တစ်ခွက်နဲ့ပါ။

ဒီလောက်အထိပဲ ဖတ်မယ်ဆိုရင်တော့ အင်မတန် ရိုမန်တစ်ဆန်ဆန်လေး ခံစားမှုကို ရမှာပါ။ ဒါပေမဲ့ အခုစာရေးနေတဲ့ ကတ်က ဝါရင့် mood killerကြီး ဖြစ်ပါတယ်။ ကြည့်ကြပါ ဘယ်လို killလဲဆိုတာ


သူထိုင်နေတဲ့ ခုံရှေ့က မြင်ကွင်းဟာ အားလုံး စိတ်ကူးယဉ်ထားကြသလို မြက်ခင်းပြင် စိမ်းစိမ်းလေး မဟုတ်ပါဘူး။ 

အဲလိုမဟုတ်လို့ အင်တာနာငါးရိုးတွေ ဟိုတစ်ချောင်း ဒီတစ်ချောင်းထွက်နေတဲ့ ရန်ကုန်မြို့ရဲ့ တိုက်ခန်းအလှဆိုတော့လည်း မဟုတ်ပြန်ဘူး။

အဲဒါဆို ပီပီပွမ်ပွမ်နဲ့ ကားလမ်းမကြီးလားဟေ ဆိုတော့လည်း မဟုတ်ဘူးလို့ ငြင်းရမှာပဲ။

ဒါဆို ဘာတုန်းပေါ့.


ပြောရမှာတော့ နည်းနည်း ရှက်စရာကောင်းပါတယ်။ အတွင်းခံလှန်းတဲ့တန်းကြီးပါ😶သူထိုင်နေတာက နောက်ဖေးပေါက်ကိုး။ ဆိုတော့ အင်္ကျီအစုံအစိလှန်း၊ အထူးသဖြင့် အတွင်းခံတွေ လှန်းတဲ့ တန်းကို ထားကြတာပေါ့။😁😁


လက်ထဲက ကိုင်ထားတဲ့ ခွက်ကလည်း ကော်ဖီ/လက်ဖက်ရည်ထည့်ထားတဲ့ ခပ်နွေးနွေး ခွက်ကလေး မဟုတ်ပြန်ပါဘူး။ oatmealနဲ့miloကို ရေနွေးနဲ့ဖျော်ရည် မှုတ်နေရမှာစိုးလို့ ရိုးရိုးရေနဲ့ ခပ်ပျစ်ပျစ်ဖျော်ထားတဲ့ အေးစက်စက်နဲ့ ပျစ်ချွဲချွဲကြီး ဖြစ်ပါတယ်။


ဖွင့်ထားတဲ့ သီချင်းကရော ASMR ရေလှိုင်းသံလေးတွေလား၊ စမ်းချောင်းသံလေးတွေလား လို့မေးရင် ထပ်ပြီး ခေါင်းခါရဦးမှာပါပဲ။ beatသံ ခပ်ပြင်းပြင်းနဲ့ (ကြိုက်တတ်ရင် မိုက်ပေမဲ့ မကြိုက်သူတွေအတွက် နားညည်းမဲ့) တဒုံးဒုံးသီချင်းဖြစ်ပါတယ်။ (ဒီမှာ တွဲထားတဲ့ သီချင်း မဟုတ်ပါဘူးနော်၊ ဒါက စိတ်ကူးပေါက်လို့ ထည့်လိုက်တဲ့ သီချင်းပါ)


အခုလည်း စဉ်းစားနေမိပါတယ်။ ဒီကမ္ဘာမှာ ကျွန်မလောက် mood killတဲ့သူ ရှိဦးမလား။ နောက်တစ်ခါ အလုပ်လျှောက်ရင် CVက skillsနေရာမှာ mood killingလို့ ထည့်ရမယ် ထင်ပါရဲ့🥲



Comments