Featured post

ကပ်စေးနှဲတစ်ယောက်၏ ခေါင်းထဲ၌. .

 

ကပ်စေးနှဲတစ်ယောက်ရဲ့ ခေါင်းထဲမှာ ဘာတွေ ရှိမလဲ သင်တို့ စပ်စုချင်ကြပါသလား။ 

 စားကောင်းသောက်ဖွယ်တွေက အဆင်း၊ အနံ့၊ အရသာတွေနဲ့ အမျိုးစုံ ဆွဲဆောင်နေကြတဲ့ အလယ်မှာ ပြတ်သားတဲ့ သန္နိဋ္ဌာန်နဲ့ "မစားဘူး" လို့ ငြင်းဆန်နိုင်သူတွေ

ဝတ်စရာ လှလှလေးတွေ ခေါင်းခေါက်မကုန်နိုင်အောင် လှုပ်ခါပြနေတဲ့ကြားက "မဝတ်ဘူး" လို့ တင်းခံနိုင်ကြသူတွေ

တစ်ရှူးတစ်ရွက်ကို နှစ်ဖတ်ခွာသုံးသူ

ဘယ်သွားသွား ရေဘူးတစ်ဘူးယူလို့ အအေးမှာမသောက်ဘဲ ကိုယ့်ရေဘူးထဲက ရေဘဲ ထိုင်သောက်နိုင်ကြသူတွေဟာ အင်မတန်ကို အံ့အားသင့်ဖွယ် သံမဏိစိတ်ဓာတ် ပိုင်ရှင်ပဲ ဖြစ်ပါတယ်။

(ဒီအထိတော့ ရှင်တို့ ခပ်တည်တည်နဲ့ ဖတ်နိုင်ကြပေမဲ့ အပေါ်ကအရာတွေအကုန်လုံးဟာ ကျွန်မအကြောင်း ပြန်ရေးထားတယ်ဆိုတာသိရင် ခွိခနဲ ရယ်မိကြမှာ အမှန်ပါပဲ)

အဲသလို သံမဏိစိတ်ဓာတ်ပိုင်ရှင် ဖြစ်ခွင့်ရတဲ့ ကျွန်မကလည်း အလွန်ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောပါရစေ။ 

ကပ်စေးနှဲသူဖြစ်ဖို့ဆို ပေါ့သေးသေးလောက်နဲ့ မဖြစ်နိုင်ပါဘူး။ အောက်ပါကျွမ်းကျင်မှုတွေ အထူးလိုအပ်ပါတယ်။ 


၁) စေ့စပ်သေချာတဲ့ မျက်လုံး ရှိရမယ်

ဘယ်နေရာမှာ ဘယ်လိုချွေတာရမလဲ။ ဘယ်နားလေးကို ဘယ်လိုလုပ်ရင်ဖြင့် အကုန်အကျသက်သာမလဲဆိုတာ မြင်နိုင်ရပါမယ်။ ဥပမာ တစ်ရှူးတစ်ရွက်ကို ခွာသုံးချင်ရင်တောင် ဘာအတွက်သုံးမှာလဲ၊ ဘယ်brandကဖြင့် ဘယ်လောက်အထူနဲ့ ထုတ်ထားလဲ ဆိုတာ တစ်ခါသုံးကြည့်ရုံနဲ့ သိနိုင်ဖို့ လိုပါတယ်။ 


၂) ဗဟုသုတ ပေါများရမယ်

ကပ်စေးနှဲချင်တဲ့သူတစ်ယောက်ဟာ သတင်းအချက်အလက် များများ သိဖို့လိုပါတယ်။ ဘယ်နေရာမှာ ဘာပစ္စည်းတွေ အဖိုးနည်းဝန်ပါ ရနိုင်သလဲ၊ ဘယ်နေရာမှာဖြင့် ဘယ်နေ့ ဈေးချမလဲ၊ ဘယ်ဆိုင်ကတော့ဖြင့် ဘယ်ပစ္စည်းတွေ ကောင်းကောင်းချိုချိုရတတ်လဲဆိုတာ မသိထားရင် ကပ်စေးနှဲခြင်းဟာ ပင်ပန်းခက်ခဲစရာလို့ပဲ မြင်နေမိမှာပါပဲ။


၃) ကွက်ကျော်မြင်ရမယ်

ရောင်းချတဲ့သူက သူတို့အမြတ်ရဖို့ ရောင်းချတာပါ။ အဲဒါကို အမြတ်တွေ ဝယ်သူဆီပြန်ရောက်နိုင်ဖို့ဆိုတာ အတွက်အချက်ကောင်း၊ ကွက်ကျော်မြင်နိုင်တဲ့ စီးပွားရေးအမြင်ရှိဖို့ လိုပါမယ်။ မမြင်တတ်ရင်တော့ လားလားလား သာမန်သူထက်တောင် ပိုအကုန်အကျ များသွားပါလိမ့်ဦးမယ်။


၄) ရဲရင့်ရမယ်

ပစ္စည်းတစ်ခုကို လိုချင်လို့ သူ့အကြောင်း စေ့စေ့ပေါက်ပေါက် မေးပြီးလို့ ဈေးသိလိုက်ရတဲ့အချိန်မှာ ငေါက်ခနဲ ပြန်လှည့်လာနိုင်ဖို့ဆိုတာ တော်ရုံသတ္တိနဲ့ မရပါဘူး။ ကျွန်မ တစ်ခါက ကျောင်းနားက အသစ်ဖွင့်တဲ့ bubble teaဆိုင်ကို ကျွန်မသူငယ်ချင်းနဲ့အတူ သွားကြည့်ပါတယ်။ ဆိုင်က စားပွဲထိုးက သူ့teaက ဘယ်လောက်ကောင်းကြောင်း၊ ပရိုမိုးရှင်း ဘယ်လိုရှိကြောင်း အာပေါင်အာရင်းသန်သန်နဲ့ ရှင်းပြတာကို ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်သား စိတ်ပါဝင်စားစွာနဲ့ နားထောင်ကြပါတယ်။ ပြီးတာနဲ့ ဈေးလည်း မေးကြည့်ရော တစ်ခွက်ကို ၃,၀၀၀ဆိုလို့ "ရှင်းပြပေးတာ ကျေးဇူးနော်" ဆိုပြီး ကျွိခနဲ ပြန်ထွက်လာခဲ့ပါတယ်။ shopping centreရဲ့ အပြင်ဘက်ရောက်တော့ ကျွန်မသူငယ်ချင်းက ကျွန်မကို စစ်ပွဲက အနာတရမရှိဘဲ ပြန်လာတဲ့ ချစ်သူမောင်ကြီးကို ကြည့်သလို အထင်ကြီးလေးစားမှုအပြည့်နဲ့ ကြည့်ပြီး ဒီလိုပြောပါတယ်။ 

"နင်က အရမ်းသတ္တိရှိတာပဲ။ ငါဆို ဒီတိုင်း ခပ်တည်တည်နဲ့ ဘာမှမဖြစ်သလို ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး။ အားနာပါးနာနဲ့ တစ်ခွက် သောက်မိမှာပဲ" တဲ့။

ကျွန်မ ပြန်မပြောဖြစ်လိုက်တာကတော့ "ငါလည်း နင်ပါလို့ လှည့်ထွက်ရဲတာပေါ့" လို့ပါ။ 

အဲဒီတော့ မဝယ်ချင်ပေမဲ့ ငြင်းဆိုရဲတဲ့ သတ္တိမရှိရင် အချစ်ဆုံးသူငယ်ချင်းရဲ့ လက်မောင်းလေးကို ဖက်ပြီး "ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ ပြုံးပြီး ပြောလိုက်ပါလို့ ဟောဒီက ဝါရင့်ကပ်စေးနှဲမှ အကြံပေးလိုပါတယ်။ 

ကဲ. . . ရှင်တို့လည်း ကပ်စေးနှဲဖြစ်ချင်သွားပြီမဟုတ်လား😃😂

ပြောပါတယ် ကပ်စေးနှဲတယ်ဆိုတာမှာ ကောင်းချက်တွေ အများကြီး ရှိပါတယ်လို့😏😏

Comments

  1. ရေတောင် အပြင်မှာ ဝယ်မသောက်တဲ့ ကလေးမ

    ReplyDelete

Post a Comment