Featured post
- Get link
- X
- Other Apps
၂၈. ၁၂. ၂၀၂၂
မနက် ၆နာရီ ၄၇ မိနစ်။
ခါတိုင်းလိုဆိုရင်တော့ အိပ်ရာမှာ ကွေးကွေးလေး အိပ်နေမှာပါ။ ဘာလို့ စာထရေးနေရလဲဆိုတော့ ကျွန်မက တစ်ရက်ကို မိနစ် ၃၀စီ စာရေးဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးထားလို့ပါပဲ။
မနေ့ညကပဲ သတင်းကောင်းတစ်ခု ရောက်လာပါတယ်။ စိတ်ကူးယဉ်ဇာတ်လမ်း (fiction)ရေးသင်တန်းမှာ ကျွန်မ ဝင်ခွင့်ရကြောင်း သိလိုက်ရပါတယ်။ အဲဒီ့သင်တန်းက ကျွန်မ အရမ်းတက်ချင်နေတဲ့ သင်တန်းပါ။ အလုပ်ချိန်နဲ့ လစာမမျှတဲ့ အချိန်ပြည့်အလုပ်ကြီးကို ဆက်မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီးနောက်ပိုင်း အပြေးလေး သွားအပ်ထားတဲ့ သင်တန်း ဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းဖြစ်စရာက လူပြည့်သွားလို့ waiting listထဲ ရောက်နေသတဲ့။ ဪ.. ဒီထက်စောစော စိတ်ပိုင်းဖြတ်လိုက်ရင် အကောင်းသားလို့ နောင်တရနေပါတယ်။ ပြီးတော့ လက်ဆောင်ရထားတဲ့ Margaret Atwood ရဲ့ masterclassပဲ ဆက်လုပ်ပါမယ်လေလို့ ဖြည့်တွေးပါတယ်။
ဘာလို့ ဒီလောက် စိတ်အားငယ်နေရလဲဆိုရင် ကျွန်မရဲ့ "အတင်းတုပ်ပေါင်းချုပ်" အကြောင်းကို အသိတစ်ချို့ကို လိုက်ပြောပြီးနောက်မှာ "နင်ရေးရင် ငါတို့ ဖတ်မှာပေါ့"လို့ ပြန်စကားတွေ ကြားရတာကြောင့်ပါပဲ။ ကျွန်မခေါင်းထဲမှာ အတွေးတစ်ချက် ဖလက်ဖလက် လက်သွားပါတယ်။ သူတို့ ဖတ်မဲ့အတူတူ ပေါက်ကရမဟုတ်ဘဲ ကောင်းကောင်းလေး ရေးပြီး ဘာလို့ မရောင်းတာလဲပေါ့။ ဘယ်သိနိုင်မလဲ တခြားသူတွေလည်း ဝယ်ရင်း အပိုဝင်ငွေလေး ဘာလေး ရနိုင်မှာပေါ့။ 😈😈 အခုသင်တန်းမှာ သင်မဲ့ ဆရာမက စာအုပ်ထုတ်ဝေရေးမှာ အကျွမ်းတဝင်ရှိသူ ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မရဲ့ အားသာချက်တွေမှာ ပေါက်ကရလျှောက်ပြောတာအပြင် ဒုတိယအကောင်းဆုံးက မိတ်ဆွေဖွဲ့တာပဲ ဖြစ်ပါတယ်။ ဆိုတော့ ဒီဆရာမဆီက သိစရာရှိတာတွေ သင်ယူပြီး နောက်နှစ်မှာ စာအုပ်ထုတ်ပါတော့မယ် 🥳🥳
စာအုပ်နာမည်နဲ့ ပါမဲ့အကြောင်းအရာတွေကို ကြိုတင်ရွေးထားပြီးပါပြီ။ ပုံစံကတော့ busပေါ်မှာ၊ metroမှာ ပျင်းနေလို့ တစ်ခုခုဖွင့်ကြည့်ချင်ရင် အလွယ်ဖွင့်ဖောက်လို့ရအောင် ပြင်ဆင်ထားတဲ့ လက်တစ်ကိုင်စာ အသီးဖျော်ရည် အထုပ်ငယ်လေးတွေလို ဖြစ်ပါတယ်။
ကျွန်မ အလုပ်လုပ်နေတဲ့ တက္ကသိုလ်က အင်္ဂလိပ်စာစီစာကုံးရေးနည်း အတန်းရဲ့ နောက်ဆုံး စာသင်ချိန်မှာ ကျွန်မတို့ စာရေးရခြင်းရည်ရွယ်ချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ သဘောကောင်းတဲ့ ဆရာမနဲ့ ကျောင်းသားတွေက ကျွန်မကိုလည်း ပြောဖို့ အခွင့်ပေးတဲ့အခါ ကျွန်မ ဒီလို ပြန်ပြောပါတယ်။ (အင်္ဂလိပ်လိုပေါ့😶)
"ကျွန်မအတွက် စာရေးရခြင်းက ပျော်ရွှင်မှုကို သယ်ဆောင်ပေးဖို့ပါ။ နေ့စဉ်ဘဝကြားထဲမှာ ပျောက်ဆုံးနေတဲ့ ရိုးရှင်းတဲ့ ပျော်ရွင်မှုတွေ၊ ရယ်စရာဟာသတွေကို မျှဝေဖို့ဖြစ်ပါတယ်။ ကျွန်မရဲ့ ဟာသတွေကို လူတွေ သိကြပြီးနောက်မှာ သူတို့ဘဝမှာလည်း ဒီလိုအတွေးပုံစံတွေကို ပြန်အသုံးချရင်း ရှေ့ဆက်မဲ့ မနက်ဖြန်တွေကို အပြုသဘောမြင်လာစေဖို့ ရည်ရွယ်ပါတယ်"
ကျွန်မရဲ့ အသီးဖျော်ရည် စာအုပ်ကို ဖတ်ပြီး နေတိုင်းမှာ ဟာသတွေ ရှာဖွေနိုင်ရင် ကျွန်မစာအုပ်က တာဝန်ကျေပြီလို့တွေးရင်း စိတ်ချလက်ချ ပြုံးပြုံးကြီး အိပ်နိုင်ပါပြီ။
- Get link
- X
- Other Apps
Comments
Post a Comment