Featured post

ကျွန်မ အတည်စာရေးတော့မယ်

 

ခေါင်းစဉ်ကြီးက တော်တော်တော့ ရယ်စရာကောင်းပါတယ်။ အတည်စာရေးတော့မယ်ဆိုတာ ဘာလဲ။ နောက်လုပ်မှာက အတည်ဆို အခုက ကလေးကစားနေတာလားပေါ့။ အင်း..နေ့တိုင်း ပန်းတိုင်နဲ့ မှန်မှန်လုပ်တာမဟုတ်ဘဲ စိတ်ရူးပေါက်မှ ထထလုပ်တာဆိုတော့ ကလေးကစားတာလို့ပဲ မှတ်လိုက်ကြပါစို့ရယ်။


ကျွန်မကို "စာအုပ်ရေးပါလား"လို့ ပြောကြတဲ့သူတွေ ရှိပါတယ်။ သူတို့ ဘာလို့ပြောတာလဲလို့ တော်တော်စဉ်းစားယူရပါတယ်။ ဘာလို့လဲဆို စာအုပ်တစ်အုပ်ဖြစ်အောင် ရေးဖို့ဆိုတာ လွယ်တာမှ မဟုတ်ဘဲ။ (ဟိုလို "ငါ့ကို ကြောင်တစ်ကောင်လို့သာ ခေါ်လိုက်ပါတော့လား။ မင်းမရှိတဲ့နောက် ကြောင်တောင်တောင်ဖြစ်နေလို့" ဆိုတဲ့ တစ်ကြောင်းနှစ်ကြောင်းလောက်ကို စာတစ်မျက်နှာတည်းမှာ အလယ်က ပုံနှိပ်ထားတာမျိုးဆိုရင်တော့ လွယ်ရင် လွယ်မှာပေါ့။) ကျွန်မကိုယ်တိုင်လည်း ကိုယ့်ခံစားချက် ကိုယ်ချရေးတာလောက်ပဲ လုပ်နေကျဆိုတော့ ဟိုလို စာမျက်နှာ ၃၀၀လောက်၊ အခန်းက ၁၀ခန်းလောက်၊ ဇာတ်ကြောင်းအခိုင်အမာနဲ့ အကွက်စေ့စေ့ရေးဖို့ ဒါမှမဟုတ် အကြောင်းအရာတစ်ခုကို နက်နက်နဲနဲလေ့လာပြီး အထောက်အထားတွေနဲ့ အကျယ်ချဲ့တွေးတောရေးဖို့ကို အင်မတန် လန့်နေပါတယ်။ "အမလေး ငါဖြစ်ပါ့မလား။ တော်ကြာ အားရပါးရ ချပြီးခါမှ ပေါတောတောကြီး ဖြစ်နေရင် ဘယ်လိုလုပ်မလဲ အရှက်ကွဲရချည်ရဲ့"ပေါ့။


အခုကျတော့လည်း တစ်မျိုးသိလာပြန်ပါတယ်။ တစ်မျိုးဆိုတာက အခုအချိန်ထိ ကြုံရာကျပန်း တွေ့သမျှအလုပ်တွေ လုပ်လာပြီးနောက်ပိုင်းမှာ သိလာ၊ သဘောပေါက်လာရတာက ကျွန်မက စာရေးပြီးတော့ပဲ အသက်မွေးချင်တယ်ဆိုတာပါပဲ။ အသက် ၁၈နှစ် မတိုင်ခင်တုန်းကတော့ ဘာအလုပ်မှမလုပ်ဘဲ စာရေးတာကိုပဲ တစ်စိုက်မတ်မတ်လုပ်မယ်ဆိုပြီး စိတ်ကူးဖူးပါတယ်။ နောက်တော့ အိမ်က မိသားစုကိုလည်း ပြည့်ပြည့်စုံစုံလေး နေစေချင်တာကတစ်ကြောင်း၊ ဒါကိုပဲလုပ်ရင် ထမင်းငတ်မှာကြောက်တာတစ်ကြောင်း (သိတဲ့အတိုင်း အနုပညာအလုပ်ဆိုတာ မပေါက်ရင် ငတ်ရောပဲ) ကြောင့် တစ်ခြားအလုပ်လုပ်ရင်း ဒါကိုဘေးတစ်ဖက်က အပိုဝါသနာအနေနဲ့ လုပ်မယ်ပေါ့ဆိုပြီး တွေးပြန်ပါတယ်။ ဒါပေမဲ့ အခု အလုပ်လုပ်ပြန်တော့ "ဒီလိုသာ ဆက်သွားနေရင် မဖြစ်ဘူး ရှင်ရက်နဲ့ သေလိမ့်မယ်"လို့ စဉ်းစားမိပြန်ပါတယ်။ တကယ်ပါ။ အခုအလုပ်က နားချိန်ဆို တစ်စက်တောင် မပေးပါဘူး။ (ကျွန်မက အလုပ်၃ခု ခွလုပ်နေတာလည်း ပါတာပေါ့😁😁) ဆိုတော့. . . စာရေးဖို့အချိန်လည်း မရှိပါဘူး။ အဲဒါတော့ မဖြစ်ဘူး။ ကျွန်မက စာရေးရမှ ဖြစ်မယ်။ ရေးရမှဖြစ်မဲ့အတူတူ တစ်ခါတည်း ကောင်းကောင်းလေးရေးပြီး သူဌေးဖြစ်အောင် လုပ်ကြတာပေါ့ မဟုတ်ဘူးလား🤔😃


ပြီးတော့ နောက်တစ်ခုက ကျွန်မရဲ့ နေရာတကာဝင်ပါ ဆရာကြီးလုပ်တတ်တဲ့ဝါသနာကြောင့် ကျွန်မကို Facebook မှာ friend requestလုပ်တဲ့သူ များလာပါတယ်။ ကျွန်မက အစက နည်းနည်းတော့ ကြောင်အမ်းအမ်း ဖြစ်တာပေါ့။ "ဘယ့်နှယ် ဒီလူတွေကို ငါ တစ်ခါမှလည်း မမြင်ဖူးပါလား" ပေါ့။ အရင်ကတော့ အဲလိုလူတစ်ယောက်တွေ့ပြီဆို "ဘာလို့လာတာလဲ"ဆိုပြီး သွားသွားမေးလေ့ ရှိပါတယ်။ နောက်ကျတော့ "ငါ့ဟာက ကြောင်တောင်တောင်နိုင်လိုက်တာလေ" ဆိုပြီး မမေးဖြစ်ပါဘူး။ တစ်နေ့သောအခါတော့ ကြုံလို့ မေးကြည့်တော့ ကျွန်မက အဖွဲ့တွေမှာ တစ်ခုခုမေးတိုင်း ဝင်အာရှည်နေကျမို့ "ဒီသူ့ကိုတော့ ချိတ်ဆက်ထားရင် ဗဟုသုတတွေ သင်ယူစရာတွေ ရမှာပဲ"ဆိုပြီး လာလုပ်တာပါတဲ့။ အဖြေသိရတော့ ကျွန်မ အင်မတန် အားနာသွားပါတယ်။ ဘာလို့လဲဆို Facebookက ကျွန်မတင်ထားသမျှတွေဟာ သူတို့မှန်းထားသလို ဗဟုသုတရစရာ သင်ယူစရာတွေ တစ်ခုမု မပါဘဲ ကျွန်မ ကပ်စေးနှဲကြောင်းနဲ့ ရည်းစားလိုချင်ကြောင်းသာ များပါတယ် (ဘုရားစူး တကယ် အရည်မရ အဖတ်မရသာ များပါတယ်။ တစ်ခါတစ်လေ စိတ်ကူးပေါက်မှသာ စာအရှည်ကြီး ရေးပါတယ်။ အဲဒီ့စာအရှည်ကြီးကလည်း ဘာလို့ထင်လဲ။ သိတဲ့အတိုင်း ကျွန်မအကြောင်းနဲ့ ပြန်လည်ဆန်းစစ်သုံးသပ်ချက်တွေပဲပေါ့ 🙄🙄)


နောက်တစ်ခုကတော့ so called content writerတွေကြောင့်ပါပဲ။ သူတို့ကို ကျွန်မ အမြင်ကတ်ပါတယ်။ ကျွန်မ တွေ့ဖူးသလောက် သူတို့ဟာ ဘာသာရပ်တစ်ခုကို အထူးပြုတာမျိုးမရှိဘဲ အကုန်အစုံရေးပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်သိကျွမ်းနားလည်တယ်ဆိုတာကတော့ ကောင်းပါရဲ့။ ဒါပေမဲ့ တလောကတော့ သူ့တို့ ကျယ်ကျယ်ပြန့်ပြန့်သိတယ်ဆိုတာ အပေါ်ယံတွေပဲလည်း ဖြစ်နိုင်တယ်ဆိုပြီး တွေးမိလာပါတယ်။ ဟိုစကားလိုပေါ့ "Jack of all trades, master of none" (ဘာကြောင့်လဲဆိုတာတော့ မပြောတော့ပါဘူး။ တော်ကြာ အဲဒီတစ်ယောက်တွေ့သွားရင် အသည်းအသန် လာဖျက်ခိုင်းမှာစိုးလို့ 🤭) ကျွန်မက မှားတာတွေ့ရင် မနေနိုင်တဲ့ ရောဂါရှိပါတယ်။ အဲဒီတစ်ယောက်ရေးတာတွေ့တော့ မနေနိုင်လို့ အမှန်သွားပြောတော့လည်း လက်မခံပါဘူး။ အဆိုးဆုံးကတော့ သူက စာဖတ်ပရိတ်သတ်အပေါ် စေတနာမထားတာပါ။ ကျွန်မ ဒီမှာ ရေးချင်တာ ရေးတယ်ဆိုတာက ဖတ်တဲ့သူ မရှိတာကြောင့်ပါ။ လူတစ်ရာလောက်သာ လာဖတ်ကြည့်၊ ကျွန်မရဲ့ အရှုပ်တော်ပုံတွေကို ဒီလောက် ပြောချင်မှ ပြောပါလိမ့်မယ်။ ဒါပေမဲ့ သူကတော့ ဂရုမစိုက်ပါဘူး။ ကျွန်မ အတော်စိုးရိမ်ပြီး လန့်သွားပါတယ်။ "တော်ကြာ ဒီလိုလူတွေသာ ပေါများနေရင် ဖတ်တဲ့သူတွေတော သေရချည့်" အဲဒါကြောင့်ပဲ ကျွန်မ စာရေးတော့မှာ ဖြစ်ပါတယ်။ 


ရေးမဲ့စာတွေကို ကျွန်မရဲ့ portfolioနဲ့ NawTar&Hemuwaမှာ စောင့်မျှော်နိုင်ပါတယ်။ 

စာကြွင်း။    ။ စာအုပ်ထုတ်တာများ ဘာခက်လို့ ဒီမှာ ရေးထားသမျှကို ထုတ်ရင် ဖြစ်တာပဲလို့ ပြောရင်တော့ ထွက်လာမဲ့စာအုပ်အတွက် နာမည်စဉ်းစားပြီးသား ရှိပါတယ်။ "အတင်းတုပ် ပေါင်းချုပ်" လို့ပါ။ ဘယ်သူတွေ ဝယ်ဖတ်ကြမလဲ ကျွန်မတော့ ရင်ခုန်နေပါပြီ

Comments