Featured post

တန်ဆောင်မုန်း

  

 ဒီနေ့က တန်ဆောင်မုန်းလပြည့်ကျော် ၂ရက်နေ့ ဖြစ်ပါတယ်။ ဒီနေ့က အင်မတန်ထူးခြားတဲ့နေ့ဖြစ်ပါတယ်။ ဘာလို့လဲဆို ကျွန်မရဲ့ မြန်မာလို မွေးနေ့ဖြစ်လို့ပါ။ 😂😂 ဒီနှစ်တော့ မကြားဖူးတဲ့သတင်းတွေလည်း ကြားရပါတယ်။ လတွေလည်း ကြတ်ပါတယ်။ 


အကြမ်းဖျင်းခြုံပြောရရင်တော့ တန်ဆောင်မုန်းလက အင်မတန်သာယာပြီး နေသာထိုင်သာရှိတဲ့လ ဖြစ်ပါတယ်။ မိုးလည်းကုန်ပြီး ကောင်းကင်မှာ တိမ်တွေမရှိဘဲ အပြာရောင်ကြည်ကြည်လေးကို မြင်ရတဲ့အချိန်၊ မနက်ခင်းဆို လေပြည်လေအေးလေးတွေ တိုက်တဲ့အချိန်၊ နေသာပေမဲ့ အရမ်းကြီးလည်း အပူရှိန်ကို မခံစားရတဲ့အချိန် ဖြစ်ပါတယ်။ သီတင်းကျွတ်ပြီးတော့ လူတွေလည်း စပါးသိမ်းပြီး၊ ရောင်းလည်း ရောင်းကြပြီး လက်ထဲငွေရွှင်တဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒါကြောင့် အပျော်အပါးတွေလည်း တအားများပါတယ်။ သင်္ကြန်ကျတဲ့ တန်ခူးလကလွဲရင် အပျော်ဆုံးလလို့တောင် ပြောလို့ရပါတယ်။ 


အဲဒါကြောင့်လည်း "အဘွားကြီးအို ခါးကုန်းကုန်း၊ မသေပါနဲ့ဦး၊ နောက်နှစ်ခါ တန်ဆောင်မုန်း၊ ပွဲကြည့်ပါဦး" လို့ စာစပ်ရှိတာပေါ့။ (စကားမစပ် ကျွန်မအိမ်က အဘွားကြီးကတော့ နောက် တန်ဆောင်မုန်း ၁၀ခါလောက်တော့ အေးဆေး ပွဲကြည့်နိုင်မယ် ထင်ပါရဲ့) တန်ဆောင်မုန်းရဲ့ အဓိကပြယုဒ်ကတော့ ကထိန်ပါ။ တစ်မိုးလုံး စုဆောင်းချွေတာလာသမျှကို တန်ဆောင်မုန်းလရဲ့ ကထိန်မှာ ပုံအောလို့ လှူကြပါတယ်။ ကထိန်ရာသီဆို ကိုယ့်ဘုန်းကြီးကျောင်းအတွက် ထည့်ရတာတစ်ခု၊ ရပ်ကွက်ကထိန်ကတစ်ခု၊ ကျောင်းကထိန်ကတစ်ခု၊ လမ်းမှာ ခွက်ထိုးခံလို့ ထည့်လိုက်ရတာက တစ်ခု အမလေး စုံမှစုံပဲ။ သီတင်းကျွတ်လပြည့်ကျော်ပြီဆိုတာနဲ့ ဘုန်းကြီးကျောင်းမှာ ဒကာ၊ ဒကာမတွေ စုရုံး စုရုံးနဲ့ ပဒေသာပင်သီးဖို့ ပြင်ဆင်နေကြပါပြီ။ တချို့က ဘုန်းကြီးကျောင်းမှာတင် ပြင်ဆင်တာမဟုတ်ဘဲ လမ်းမှာ လော်တွေနဲ့ အော်ပြီး အလှူခံတာရှိပါသေးတယ်။ လော်နဲ့အော်တာကမှ တော်သေး။ ဘာသီချင်းတွေမှန်းမသိ အသံချဲ့စက်တွေနဲ့ ရင်တုန်အောင် အကျယ်ကြီးဖွင့်ပြီး လူတွေကလည်း ကျွဲရုပ်၊ ဖိုးဝရုပ် စသည်ဖြင့် ကခုန်ပြီး အလှူခံတာကတော့ အတော်ဆိုးပါတယ်။ ကျွန်မတို့ရပ်ကွက်က အဲဒါတွေ လုပ်တတ်တာမို့ သီတင်းကျွတ်ပြီဆိုတာနဲ့ တန်ဆောင်မုန်း လမပြည့်ခင်အထိ နားကို ဂွမ်းဆို့ထားပေရော့ပဲ။ (မနှစ်ကတော့ ကိုဗစ်နဲ့မအလကောင်းမှုကြောင့် နားချမ်းသာရပါတယ်။ ဒီနှစ်တော့ လူတွေ နေကောင်းကြလို့ ပြန်အသံကြားရပါပြီ)


ကထိန်ပွဲမှာ အပီနွှဲဖို့ လူတွေလည်း အဝတ်အစားသစ်တွေ ပြေးချုပ်ကြပါတယ်။ မချုပ်ရင်လည်း ဗီရိုထဲက ရှိရှိသမျှထုတ်ပြီး ဒီနှစ်ဖက်ရှင်နဲ့ လိုက်မီမဲ့ အဆင်တွေ အရောင်တွေ ရွေးကြပါတယ်။ ဘာလို့လဲဆို ကထိန်လှူမဲ့ပစ္စည်းတွေကို ရွာလုံးပေါက်လှည့်တဲ့ ဓလေ့က ရှိတာကိုး။ အဲဒီအချိန်မှာ အလှဆုံး၊ အချောဆုံး၊ စာရိတ္တအကောင်းဆုံးဆိုသူ မိန်းမလေးတွေကို အရှေ့မှာ ဖက်စိမ်းကွမ်းတောင်ကိုင်ခိုင်းပါတယ်။ (သူ့အကြောင်းကိုတော့ ဆရာမခင်ခင်ထူးရေးတဲ့ မအိမ်ကံဝတ္ထုမှာ ဖတ်နိုင်ပါတယ်) သူ့နောက်ကမှ အခြားသူတွေ လှည့်ကြပါတယ်။ (သိတယ်မဟုတ်လား တစ်ရွာလုံးအရှေ့လျှောက်ပြရမှာဆိုတော့ ကျွန်မဝတ်နေကျလို အင်္ကျီအစုတ်ပလုတ်နဲ့တော့ ဘယ်ရမလဲ🤣🤣) အဲဒီဓလေ့(နတ်သမီးရှုံးအောင် အလှဆင်တဲ့ဓလေ့)က မြို့ရောက်လို့ ကထိန်မလှည့်ရသည့်တိုင် စွဲလာတယ် ထင်ပါရဲ့။ သင်္ကြန်ဘုန်းကြီးကျောင်းသွားတာ၊ ဝါဆိုသင်္ကန်းကပ်တာ၊ သီတင်းကျွတ်သွားတာတို့မှာ ပုံမှန်ယောဂီလေးနဲ့ပဲ ပြီးနိုင်ကြပေမဲ့ ကထိန်မှာတော့ အကြီးအကျယ် ဝတ်ရမှကို ဖြစ်တာပါ။ 


ကထိန်အပြင် တခြားသော ပျော်စရာတွေလည်း အများကြီး ရှိပါတယ်။ ဥပမာ နိဗ္ဗာန်ဈေးပွဲတို့၊ သူခိုးကြီးများညတို့၊ ပံ့သကူပစ်တာ တွေပေါ့။ ကထိန်နေ့မှာ လှအောင်ပဲချုပ်ထားတဲ့ (သက်တောင့်သက်သာ လုံးဝမရှိတဲ့) အင်္ကျီအသစ်ကြီးဝတ်ပြီး ဘုန်းကြီးကျောင်းသွားရတာထက် နိဗ္ဗာန်ဈေးမှာ လှည့်ရတာကို ပိုပျော်ပါတယ်။ နိဗ္ဗာန်ဈေးဆိုတာ ဒီအိမ်ကတော့ ဘာလှူမယ်၊ ညာပေးမယ်ဆိုပြီး ရပ်ကွက်ရုံးကို ကြိုတင်စာရင်းပေးထားပြီး သူတို့ ပေးမဲ့အရေအတွက်နဲ့လိုက်လို့ အိမ်အားလုံးကို မဲလက်မှတ်ကလေးတွေ ဝေပေးတာ ဖြစ်ပါတယ်။ အဲဒီလက်မှတ်တွေနဲ့ သူ့ဆိုင်ရာ အိမ်မှာ ပစ္စည်းသွားထုတ်ကြတာပေါ့။ လှူတာကတော့ အစုံပါပဲ။ များသောအားဖြင့် ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်၊ ကြာဆံဟင်းခါး၊ ကြက်ဥ၊ တခါတလေဆို ဇလုံတို့ ခွက်တို့ပါ ပါပါသေးတယ်။ (အိမ်ကဖီးဖီးကတော့ ပွဲနှစ်ပွဲစလုံး နွှဲပါတယ်။ သူက နိဗ္ဗာန်ဈေးလှည့်ရင် ဘာလက်မှတ်မှ မလိုပါဘူး။ "အဘွားရေ ယူသွား" ဆိုပြီး ပေးလိုက်ကြတာချည်းပါပဲ။ သူက တပွေ့တပိုက်နဲ့ မနိုင်တော့ရင် အိမ်မှာ ပစ္စည်းတွေ လာချ၊ ခဏနားပြီး အမောပြေရင် ပြန်ပတ်တာပဲ။ အမှန်အတိုင်းပြောရရင် ကျွန်မတို့ လက်မှတ်နဲ့သွားလဲတာထက် သူရလာတာတွေက ပိုတောင် များပါသေးတယ်)


သူခိုးကြီးများညကတော့ သိကြတဲ့အတိုင်း လူမသိအောင် ဟိုပစ္စည်းကို ဒီနေရာရွှေ့ ဒီပစ္စည်းကို ဟိုနေရာရွှေ့လုပ်ကြတာပါ။ ညစ်ပတ်တဲ့သူတွေကတော့ ပြန်တောင်းရင် ပိုက်ဆံတောင်းပါသတဲ့။ အခုတော့ မရှိသလောက် ဖြစ်နေပါပြီ။


အရင်နေ့က ကျွန်မတို့အိမ်အောက်မှာ လူတရုံးရုံးတအုန်းအုန်းပါ။ ဘာလုပ်ကြတာလဲဆိုတော့ ပံ့သကူကောက်ကြတာတဲ့။ တန်ဆောင်မုန်းဆို သူခိုးကြီးများညပဲ ကြားဖူးတဲ့ ကျွန်မဟာ ပံ့သကူကို ကြားတော့ အံ့ဩနေပါတယ်။ သူတို့ပံ့သကူပစ်တဲ့ပုံကို ကြားတော့ ပိုတောင် အံ့ဩနေပါတယ်။ ကျွန်မသိသလောက် ပံ့သကူဆိုတာ ဒီအတိုင်းသွားပေးရင် သိက္ခာတစ်ခုခုထိခိုက်မှာစိုးလို့ လူမြင်ရာတစ်နေရာမှာ ပိုင်ရှင်မရှိကြောင်းအသိပေးပြီး ချထားတယ်ပေါ့။ လိုတဲ့သူကလည်း "ငါထိုက်လို့ရတာပဲ"ဆိုပြီး သနားတဲ့အကြည့်တွေ ကြည့်ခံစရာမလိုဘူးပေါ့။ ဒါပေမဲ့ ဒီနှစ်တော့ အဲလိုမဟုတ်ဘူးတော့။ တိုက်ပေါ်က ကားပေါ်ကသူတွေက "ပံ့သကူဟေး" ဆိုပြီး ကြဲချလိုက်တာကို အလုအယက်ပြေးကောက်ကြတာပါ။ ပြီးတော့ မရှိသူမှမဟုတ်ဘဲ အများစုက ပံ့သကူရှာဖို့ဆိုပြီး လမ်းပေါ်ကို ဓာတ်မီးတစ်လက်နဲ့ ထွက်ရှာကြပါတယ်။ ရှက်လည်း မရှက်နိုင်ကြတော့ပါဘူး။ စဉ်းစားမိတာက လူတွေ အဲလောက်တောင် ကျပ်တည်းကြတာလားပေါ့။ ဒီနှစ်ကတော့ အတော်ကို အတွေးများစေတဲ့ တန်ဆောင်မုန်းပါပဲ။


စာကြွင်း။    ။ ကျွန်မကို လထိန်ထိန်သာတဲ့အချိန် ညဘက်မှာ မွေးတာပါ။ လူတွေ ဆိုကြပါတယ်။ လပြည့်ညမွေးရင် ပျင်းတတ်တယ်၊ လပြည့်ကျော် တစ်ရက်မွေးရင် ဖျင်းတတ်တယ်ပေါ့။ ကျွန်မအမေကတော့ "ငါ့သမီးလေးက လပြည့်ကျော်၂ရက်မှာမွေးလို့ ပျင်းတာရော ဖျင်းတာရော လွတ်သွားပြီ"ဆိုပြီး ပျော်နေပါတယ်။ (လပြည့်ကျော်၂ရက်မို့ သူများထက် ၂ဆပျင်းတာ မသိသေးပါဘူး🤣🤣) တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှာပဲ လျှောက်ထားတဲ့အလုပ်တစ်ခုက လက်ခံကြောင်း စာရောက်လာပါတယ်။ လက်ရှိအလုပ်ကလည်း မပြတ်သေးတော့ နည်းနည်းတော့ ရုန်းကန်ရဦးမှာပါ။ (ဟောဒီ့ဤဖေကိုယ်က အလုပ်မရှိရင် မဖြစ်ဘူးဆိုပြီး အပ်ထားတဲ့သင်တန်းတွေလည်း ရှိသေးတော့ ရုန်းကန်ရမှာ နည်းနည်းတောင်မဟုတ် အတော်များများပါ😬😬) ဒါပေမဲ့ သီချင်းထဲကလို ganbarou!လို့ပဲ 😁😁

Comments