Featured post

"အပင်တစ်ရာ ငွေတစ်ရာ၊ အပင်တစ်ထောင် ငွေတစ်ထောင်"

 အခုတလော ဘာကိုလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေပါတယ်။ တန်းလန်းဖြစ်နေတဲ့ စိတ်ပညာဘွဲ့ပဲ ပြီးအောင်လုပ်ရမလား၊ အင်္ဂလိပ်စာသင်နည်းလက်မှတ်ယူပြီး ဆရာမပဲ လုပ်ရမလား၊ ဂျပန်စာသင်ပြီး အဲဒီကိုပဲ အလုပ်လုပ်ဖို့ သွားရမလား၊ ဒါမှမဟုတ် computerပိုင်းသင်ပြီး အဲဒါနဲ့ပဲ အလုပ်ရှာရမလား စသည်ဖြင့် အမျိုးမျိုး ဝေဝါးနေပါတယ်။ ဒါ့အပြင် လုပ်လက်စ (အမှန်ကတော့ အပေါ်က ပြောခဲ့တာအကုန်လုံး နည်းနည်းစီ လုပ်နေတာပါ🙃) တွေပါ တစ်ခုမှ မလုပ်ချင်တော့ပါဘူး။ ဘာကိုအတည်ယူလို့ ယူရမှန်းမသိတာကိုး။ 

ဒါပေမဲ့ မလုပ်လို့လည်း မဖြစ်ပါဘူး။ တစ်မျိုးတည်းဆို အခွင့်အရေးက တစ်မျိုးပဲ ရှိမယ်။ လုပ်နေတာတွေက မလိုအပ်တာလည်း တစ်ခုမှ မရှိဘူး။ ဘာသာစကားလည်း ၂ခုလောက် တတ်သင့်တာပဲ၊ computer, IT, Technologyဆိုတာတွေက ဒီခေတ်မှာ မသိလို့ မရတော့ဘူး၊ ကိုယ်ကျွမ်းဝင်ရင်းနှီးတဲ့ ဘာသာကိုလည်း မေ့သွားလို့ မဖြစ်ဘူး။ ပြဿနာက ဘယ်လိုလုပ်မလဲ။ အားလုံးကို အချိန်စာရင်းထဲ ဘယ်လိုထည့်မလဲ၊ လုပ်နေရင်းနဲ့ ပျော်ရွှင်အောင် ဘယ်လိုလုပ်မလဲ?

"မိုတီလေး ပေးပါဦး"ဆိုပြီး ပြောကြတာ ကြားဖူးပါတယ်။ ကျွန်မကို လာပြောတဲ့ သူတွေလည်း ရှိပါတယ်။ ဒီလိုပဲ အလိုက်အထိုက် ပြန်ပြောပေးလိုက်ပေမဲ့ တကယ်တမ်းတော့ Motivationကို အပြင်လူ တစ်စုံတစ်ယောက်က လုပ်ပေးလို့ရတယ် မထင်ပါဘူး။ လုပ်လည်း ခဏပဲ၊ အဲဒီအလုပ်ကို လုပ်နေတဲ့အချိန်မှာ ပျော်ရွှင်ပါ့မလားလို့ တွေးမိတယ်။ စေ့ဆော်ပေးတဲ့ အဲဒီ့အရာပျောက်သွားရင် လုပ်နေတဲ့ အလုပ်က အဓိပ္ပာယ်မဲ့သွားမှာ၊ ဗလာကြီး ကျန်ခဲ့မှာလည်း စိုးပါတယ်။ 

ဒီလိုပြောလို့ extrinsic motivationက အသုံးမဝင်တာတော့ မဟုတ်ပါဘူး။ အမေတို့ ငယ်ငယ်တုန်းက အိမ်နီးချင်းက ပန်းပင်စိုက်ပါသတဲ့။ ပန်းစိုက်တာအပြင် တခြားအလုပ်လည်း ရှိသေးတော့ အပင်တွေကို မနက်စောစော ရေလောင်းရတာပေါ့။ အဲဒီတုန်းက အခုလို ရာသီဥတုကလည်း မဆိုးသေးတော့ မနက်စောစောဆို အေးပါသတဲ့၊ ပြီးတော့ နယ်မြို့လေးဖြစ်တာကြောင့် အိမ်ထိ ရေပေးစနစ်မရှိဘဲ ရေတွင်က ခပ်ရပါသတဲ့၊ (ဖြစ်ရပုံက ရေတွင်းနဲ့လည်း ဝေးသတဲ့😶) ပြောချင်တာက မလုပ်ချင်စရာအကြောင်းတွေချည်းပေါ့။  အဲဒီ့အန်တီကြီးက သူပဲလောင်းတာ မဟုတ်ပါဘူး။ သူ့သားသမီးတွေလည်း လောင်းခိုင်းပါတယ်😂။ ရေလောင်းချိန်တိုင်း သူက ဘာလုပ်လဲဆို "အပင်တစ်ရာ ငွေတစ်ရာ၊ အပင်တစ်ထောင် ငွေတစ်ထောင်၊ အပင်တစ်သောင်း ငွေတစ်သောင်း"လို့ အော်ပါသတဲ့။ (အငယ်တန်းစာရေးတစ်ယောက်ရဲ့ တစ်လဝင်ငွေက ၁၂၅ကျပ်လောက် ရှိတဲ့အချိန်၊ ရွှေတစ်ကျပ်ကို ၂၀၀ဝန်းကျင်လောက်ရှိတဲ့အချိန်က တစ်ထောင်တို့ တစ်သောင်းတို့ဆို အတော်တန်ဖိုးရှိတာပေါ့) အဲဒါနဲ့ သူ့သားသမီးတွေလည်း အားကြိုးမာန်တက် အလုပ်လုပ်ကြပါသတဲ့။ အခုတော့ အတော်လေး ပြည့်စုံနေပါပြီ။ ကဲ. . .  ကြည့်လေ ပိုက်ဆံဆိုတဲ့ ပြင်ပစေ့စော်မှုကြီးက အသုံးမကျဘူးလားလို့။ 

တစ်ခုရှိတာက လုပ်တဲ့အလုပ်ရဲ့ ရလဒ်ကို သိသိသာသာမြင်နိုင်တာ ဖြစ်ဖို့လိုပါတယ်။ စောစောက ဥပမာမှာ တစ်ပင်ကြီးလာလို့ ရောင်းလိုက်တာနဲ့ တစ်ကျပ်ရမှာဖြစ်ပါတယ်၊ ရော့ ပတ္တမြား ရော့နဂါးပါပဲ။ မမြင်ရတဲ့၊ ဝေဝါးတဲ့ အနာဂတ်ထက်စာရင် ရှင်းရှင်းကြီးရှိတဲ့ ဆုလာဘ်တစ်ခုကို အာရုံစိုက်ရတာ ပိုလွယ်ပါတယ်။ (ဒါကြောင့်လည်း "အဲဒါလုပ်ရင် ကိုယ့်အတွက် အကျိုးရှိမှာပေါ့"ဆိုတဲ့ ယေဘုယျဆန်တဲ့ စိတ်ခွန်အားမြှင့် မိုတီပေးတဲ့ စကားတွေကို ကျွန်မက အယုံအကြည် သိပ်မရှိတာပါ) အချိန်ကလည်း အရမ်းမကြာရပါဘူး။ ပြီးတော့ သုံးတဲ့ incentiveက ကိုယ့်အတွက် အသုံးလိုတာ/အသုံးဝင်တာ ဖြစ်ဖို့လိုပါတယ်။ 

အဲဒီတော့ 

ကျွန်မက စိတ်ပညာဘွဲ့ရသွားရင် ဘာဖြစ်မှာလဲ? 👉🏼"ဘွဲ့ရ ဖြစ်ရမည်"လို့ ခေါ်တဲ့ အလုပ်နေရာတွေမှာ ဝင်လျှောက်နိုင်မယ်

အင်္ဂလိပ်စာလက်မှတ်ယူလိုက်ရင် ဘာဖြစ်မှာလဲ? 👉🏼 အင်္ဂလိပ်စာသင်ရင် လိပ်ပြာလုံလုံသင်နိုင်မယ်

ဂျပန်စာတတ်ရင် ဘာဖြစ်မလဲ? 👉🏼ဂျပန်ကို သွားကောင်း သွားနိုင်မယ်၊ ဂျပန်စာပြန်သင်လို့ ရကောင်း ရနိုင်မယ်

computerပိုင်းကျွမ်းကျင်ရင် ဘာဖြစ်နိုင်မလဲ? 👉🏼အဲဒီဘက်မှာ အလုပ်လုပ်လို့ ရနိုင်မယ်

ကျွန်မမှာ ရှင်းလင်းပြတ်သားတဲ့ ပစ်မှတ်တစ်ခုရှိတယ်လို့တော့ မထင်ပါဘူး။ နောက်တစ်ခေါက်ကျရင် intrinsic motivationအကြောင်း ပြောပြပါဦးမယ်။

Comments