Featured post
- Get link
- X
- Other Apps
အခုတလော စာရေးဖို့ အင်မတန်ပျင်းနေပါတယ်။ ရေးမယ်လို့ စိတ်သာကူးတယ်၊ ကွန်ပျူတာရှေ့တော့ မရောက်ဖြစ်ပါဘူး။ ဘာလို့လဲဆို နေ့လယ်ဘက်ကျတော့ တမျိုးကြီးပဲ။ (ဘာလို့လဲဆို ဒါက ဘယ်သူမှ သိပ်မသိတဲ့ လျှို့ဝှက်ချက်မဟုတ်လား😂ပြောသာပြောတာပါ။ ကျွန်မက ဒီblogကို facebookက ကျွန်မ bioမှာ ပြူးနေအောင် ထားပါတယ်။ မဖတ်တာကတော့ သူတို့ကိစ္စနဲ့ ကျွန်မအကြောင်း) ဒါပေမဲ့လည်း အခုရေးနေတဲ့အချိန်ကတော့ နေ့လယ်၃နာရီကျော် လင်းလင်းကျင်းကျင်းကြီး ဖြစ်ပါတယ်။
ဒီနေ့က သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့ပါ။ သီတင်းကျွတ်ဆိုတဲ့အတိုင်း ကန်တော့သံနဲ့ဆုပေးသံတွေ ညံနေပါတယ်။ ညံဆို ကျွန်မရဲ့ ရည်းစားဟောင်းတော်ဖူးသူကလည်း ဟိုတစ်ရက်က messageကနေ ကန်တော့ပါလေရောလား။ ကျွန်မက ပါးစပ်အဟောင်းသားလေးနဲ့ပေါ့။ ကန်တော့တယ်ဆိုတာ ကိုယ့်ရဲ့ မိဘဆရာသမားကိုပဲ ကန်တော့ရတာ မဟုတ်ဘူးလားလို့။ အခုက ဘယ့်နှယ် ဘာမဆိုင် ညာမဆိုင် ဘိုင့်ဘိုင်လုပ်ထားသူကိုလည်း ကန်တော့ကြတာလားပေါ့။ ပြီးတော့ ဘာမဆိုင် ညာမဆိုင် မုန့်ဖိုးတောင်းကြသူတွေကလည်း ရှိသေး။ မုန့်ဖိုးတောင်းမှာစိုးတဲ့ ကျွန်မကတော့ ပြောလိုက်ပါတယ် "ငါ့မှာ ပိုက်ဆံမရှိဘူးနော်"လို့။
ကျွန်မကတော့ ငယ်ငယ်ကတည်းက မာနပဲ ကြီးသလား။ လူတွေကို ကန်တော့ရမှာ ရွံ့တွန့်တွန့်ပါ။ အရင်ကဆို ဘယ်ကမှန်းမသိ တစ်ခါမှ မမြင်ဖူးတဲ့ အမျိုးတွေ ကြုံကြိုက်လို့ လာလည်ကြရင် မုန့်ဖိုးဆိုပြီး ပေးတဲ့အခါ အဘောင်မက ကန်တော့ခိုင်းပါတယ်။ "ဟဲ့ မုန့်ဖိုးပေးနေတယ် ကန်တော့လိုက် ကန်တော့လိုက်" ကျွန်မကတော့ ပိုက်ဆံပေးတိုင်း ကန်တော့ရမလားလို့ ဘုကြည့်ပြန်ကြည့်ပါတယ်။ ဒါပေမဲ့လည်း သူက ကျွန်မအကြည့်ကို နားမလည်ပါဘူး။ ကျွန်မမှာသာ ပိုက်ဆံရှိရင် သူပေးတာကို ပြန်ပေးလိုက်ချင်ပါတယ်။ ဒါပေမဲ့လည်း မရှိတော့ အောင့်အည်းပြီး ပိုက်ဆံရဖို့ပဲလေ လို့ ဦးသုံးကြိမ် ကဆုန်ပေါက် ချလိုက်ပါတယ်။ အခု ကိုယ်ပိုင်ဝင်ငွေရှာနိုင်လာတဲ့အခါကျတော့ ဘယ်သူ့ကိုမှ မကန်တော့တော့ပါဘူး။ (ဆုတောင်းပဲ ပြည့်လေသလား ကျွန်မကို မုန့်ဖိုးပေးမဲ့သူလည်း တစ်ယောက်မှ မလာတော့ပါဘူး🤣)
ဒီနေ့က ကမ္ဘာ့စိတ်ကျန်းမာရေးနေ့လည်း ဖြစ်ပြန်ပါသေးတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်က "အားလုံးရဲ့ စိတ်ကျန်းမာရေးသုခကို ကမ္ဘာ့ဦးစားပေးအဖြစ် ဆောင်ရွက်ရန်" ပါ။ အရင်နေ့တွေအထိက ကျွန်မ လုပ်အားပေးဝင်လုပ်ပေးနေတဲ့ အဖွဲ့အစည်းရဲ့ newsletterပို့ဖို့ လုံးပန်းနေခဲ့ပါတယ်။ ရေးတဲ့အကြောင်းကတော့ childhood traumaနဲ့ ACEအကြောင်းပါ။ တစ်လက်စတည်း ကျွန်မ အခုထိ ဖြတ်သန်းလာခဲ့တဲ့ အချိန်တွေကို ပြန်စဉ်းစားကြည့်ပါတယ်။ သူသတ်မှတ်ထားတဲ့ ACE ၁၀ခုထဲက ငါးခုလောက်ကို ကြုံပြီးပါပြီ။ ပြီးတော့ အခုနေနေတဲ့ အဘောင်မတို့ကလည်း ကျန်းမာရေးဆိုတာထက် ပိုက်ဆံကို ပိုပြီးတွက်ကြပါတယ်။ ဆင်းရဲတာကိုးလို့ တွေးပြန်ရင် သူ့ထက်ချမ်းသာတဲ့ ပါမောက္ခအဘွားကလည်း ပိုက်ဆံတွက်တာပဲ 🤔။ ကျွန်မလည်း သူတို့လိုပဲ ပိုက်ဆံကို လိုက်တွက်လို့ ကပ်စေးနှဲရတာ စိတ်ကုန်လှပါပြီ။ နိုင်ငံရေးကလည်း မကောင်းပါဘူး။ ပိုက်ဆံရှာရတာလည်း ခက်ခဲပါတယ်။ အနာဂတ်အတွက်လည်း ဘာလုပ်ရမှန်း မသိပါဘူး။ တကယ်ပါ တခါတလေကျရင် ငါလုပ်နေတာတွေဟာ အဓိပ္ပာယ်ရော ရှိရဲ့လားလို့ တွေးမိပါတယ်။ ခေတ်စကားနဲ့ ပြောရရင် ရေလည်လမ်းပျောက်တယ်ပေါ့။ အခုတလော social mediaတက်ကြည့်ရင်လည်း သတ်သေတဲ့အကြောင်းတွေ ခဏခဏ ကြားမိပါတယ်။ တစ်မိသားစုလုံး အဆိပ်သောက်သေကြသူတွေအကြောင်း၊ တံတားပေါ်မှာ ညီညီလေး စီချွတ်ထားတဲ့ ဖိနပ်လေးအကြောင်း၊ ဆွဲကြိုးချသေသွားတဲ့သူအကြောင်း။ ကျွန်မလည်း သတ်သေဖို့ လုပ်လိုက်ပါသေးတယ်။ ဒါပေမဲ့လည်း တက္ကသိုလ်တက်ခါစတုန်းက ဒေါ်လာတစ်ထောင်ပေးတက်ထားရတဲ့ သင်တန်းအကြောင်း စဉ်းစားမိလိုက်တာရယ် မတော်လို့ ပြန်ရှင်လာရင် အလုပ်လက်မဲ့ဖြစ်မှာရယ် နောက် စကားပြောဖို့ တစ်ယောက်လည်း ရှိသွားတာရယ်ကြောင့် မသေဖြစ်လိုက်ပါဘူး။ နောက်ပိုင်း သေဖို့စဉ်းစားတိုင်း "ကုန်ခဲ့တဲ့ငွေတွေ အလကားဖြစ်သွားမယ်"ဆိုပြီး နှမြောလို့ ဆက်ပြီး အသက်ရှင်ရမဲ့နည်းလမ်းကိုပဲ ရှာဖြစ်ပါတယ်။ တကယ်လို့ မနှမြောတော့တဲ့ အချိန်ကျရင်တော့ ဘယ်လိုဖြစ်မလဲ မပြောတတ်သေးပါဘူး။
P.S. ဒီနှစ်သီတင်းကျွတ်ရဲ့ ဝမ်းသာစရာသတင်းကတော့ ကျွန်မရဲ့ အရင်က ပျက်သွားပြီထင်တဲ့ wireless mouseက ပြန်ကောင်းနေတာကို သိလိုက်ရတာပါပဲ။ အမေ့laptopရဲ့ ကြိုးနဲ့mouseက ပျက်ချင်ချင်ဖြစ်နေလို့ ပိုက်ဆံကုန်တော့မယ်ဆိုပြီး စိတ်ညစ်နေတုန်း သူပြန်ကောင်းလာတော့ ဘယ်လိုပျော်လို့ ပျော်မှန်းတောင် မသိပါဘူး။
Comments
သူကောင်းလို့မကြာခင်ပဲ အသစ်ဝယ်ထားတဲ့ mouseက ပျက်ပါလေရောလား🙂
ReplyDelete