Featured post

စေ့ဆော်တွန်းအားပေးခြင်းအနုပညာ ၂

 တစ်ခါတလေမှာ မလုပ်ချင်တာတစ်ခု ပြီးသွားလို့ စိတ်ပေါ့ပါးနေပေမဲ့ ကြာကြာမခံပါဘူး။ ဘာလို့လဲဆို မလုပ်ချင်ပေမဲ့ လုပ်ရမှာက တစ်ခုမကဘူးကိုး။ ဒီနေ့တော့ နောက်တစ်ခုအကြောင်း ပြောပြပါရစေ။

ဟို စာလိုက်ရိုက်တဲ့ အလုပ်ကြီး ပြီးသွားတော့ တော်တော်ကို စိတ်ပေါ့သွားပါတယ်။ တကယ်ပြောတာ တစ်နေ့ တစ်နေ့ နားမယ်ကြံရင် "ဪ.. ငါ့မှာ စာရိုက်ဖို့ ကျန်သေးတာပါလား"လို့တွေးပြီး ဆန့်ငင် ဆန့်ငင်ဖြစ်ရပါတယ်။ အခုကတော့ ဆန့်ငင်စရာ မလိုတော့ပါဘူး။ ဒါပေမဲ့ စိတ်ချထားလို့ မရနိုင်သေးပါဘူး။ နောက်ထပ်တောင်ကြီးတစ်တောင်က စောင့်ကြိုလို့နေပါတယ်။ အဲဒါကတော့ Dart Programming အတန်းပါပဲ။

လွန်ခဲ့တဲ့ တစ်လလောက်က အင်္ဂလိပ်စကားပြောလေ့ကျင့်တဲ့ အစ်မနဲ့ အလုပ်အကိုင်အကြောင်း စကားပြောမိကြပြီးတဲ့အခါ ကျွန်မ ဒီလိုစဉ်းစားခဲ့ပါတယ်။ "ငါတက်နေတဲ့ဘာသာက ဘွဲ့မရရင် သုံးစားမရတဲ့ ဘာသာ၊ ဒီစကစ ပေးတဲ့ဘွဲ့လည်း မလိုချင်ဆိုတော့ကာ ဘွဲ့မရလည်း အလုပ်ကောင်းကောင်းရနိုင်မဲ့ skillတစ်ခုခုများ ရှိမလား" ပြန်ဆန်းစစ်တယ်ပေါ့။ ကိုယ့်မှာ ဘာတစ်ခုမှ ရှိမနေတာကို အားရစရာ သိလိုက်ရပါတယ်🙂။ အဲဒီ့အချိန်ကစလို့  (အမေတက်ခိုင်းရက်နဲ့ မတက်လိုက်တဲ့) ၂၁ရာစုလိုအပ်ချက်ဖြစ်တဲ့ ကွန်ပျူတာနဲ့ ITအကြောင်း လိုက်လေ့လာတော့တာပါပဲ။

ကျွန်မက ပိုက်ဆံမရှိတဲ့ ကပ်စေးနှဲပီပီ ပညာဒါနသင်တန်းတွေပဲ လိုက်ရှာပါတယ်။ အဲလိုနဲ့ တစ်နေ့ကျတော့ ကိုးရီးယားတက္ကသိုလ်နဲ့ UNICEFတို့ ပေါင်းလုပ်တဲ့ UNITWIN Programဆိုတာ သွားတွေ့ပါလေရော။ ဘယ်ရမလဲ အမိအရသွားလျှောက်တာပေါ့။ အဲလိုနဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီး freecodecampမှာ htmlလေ့ကျင့်ခန်းတွေ သွားလုပ်နေမိပါတယ်။ giveawayတွေ ထီလက်မှတ်တွေ ကံစမ်းမဲတွေနဲ့ ကံခေတတ်တဲ့ ကျွန်မဟာ ကိုယ်ထူကိုယ်ထ ကြိုးစားရမဲ့အရာမျိုးတွေနဲ့ဆိုရင်တော့ အင်မတန် အကျိုးပေးတတ်ပါတယ်။ ကြည့်စမ်း လျှောက်လိုက်တဲ့သင်တန်းတိုင်း ဝင်ခွင့်ရတာချည်းပါပဲ (ကြွားတာတော့ မဟုတ်😂) အဲသလိုနဲ့ ဒီသင်တန်းလည်း ဝင်ခွင့်ရရော၊ ကျွန်မလည်း ပထမ တစ်ရက်နှစ်ရက်လောက် ဝင်ကလိကြည့်ရော။ 

အစကတော့ လွယ်မယ်ဆိုပြီး ယုံကြည်ချက်အပြည့်နဲ့ပေါ့။ freecodecampက html exerciseလေးတွေက အရမ်းလွယ်ပြီး ပျော်စရာကောင်းတာကိုး။ အမလေး အထင်နဲ့ အမြင်နဲ့ တက်တက်စင်ကို လွဲတာပါပဲ။ သူ့ dart languageကို ကျွန်မ တစ်လုံးမှ နားမလည်ဘူး။ သူပေးထားတဲ့ ထပ်ဆင့်လေ့လာရန်ဆိုတာတွေ ထပ်ဖတ်လည်း ခေါင်းမူးရုံမှအပ ဘာမှထူးမလာတော့ စိတ်ပျက်လက်ပျက်နဲ့ ခဏပစ်ထားလိုက်မိရော။ 

အခုတော့ စိတ်ပျက်နေလည်း အလကားပဲဆိုပြီး တောင်တွေ တစ်တောင်ပြီး တစ်တောင် လိုက်ဖြိုနေပါတယ်။ ပထမတစ်တောင် ဖြိုပြီးပြီးဆိုတော့ သူ့အလှည့်ကျလာပါပြီ။ သင်ခန်းစာဦးတည်ချက်မှာတော့ သူ့ဟာတွေ အကုန်ပြီးရင် applicationတစ်ခု တည်ဆောက်နိုင်မယ်ဆိုပဲ။ ဒါတွေပြီးလို့ ကိုယ်ကြိုက်ရာ appတစ်ခုကို playstoreပေါ်တင်နိုင်မဲ့အချိန်ကို မျှော်နေပါဦးမယ်

Comments