Featured post

စေ့ဆော်တွန်းအားပေးခြင်း အနုပညာ

blogမရေးတာတောင် ကြာပါပြီ။ အခုတလော အချိန်ဖြန်းမိမှာကြောက်လို့ ပညာဒါနသင်တန်းတွေ လိုက်အပ်ရင်း အကုန်လုံးက လက်ခံကြလို့ အဲဒါတွေ လိုက်တက်၊ အလုပ်လိုက်လျှောက်တာ ရလို့ အဲဒါလည်း လုပ်နေနဲ့ နားချိန်တောင် မရှိပါဘူး။ 

ခါတိုင်း နားချိန်ဆို သီချင်းနားထောင်တယ်၊ ဝတ္ထုဖတ်တယ်၊ ဒီလို blogရေးတယ်။ အဲဒါဆို ဘာပဲဖြစ်ဖြစ် စိတ်ညစ်စရာတွေ ပျောက်သွားပြီး နောက်နေ့ဆက်ရှင်သန်ဖို့ အဆင်သင့်ဖြစ်သွားပါတယ်။ ဒီတလောတော့ အားချိန်မရှိလို့ တစ်ခုမှလည်း မလုပ်ဖြစ်ပါဘူး။ အလုပ် အလုပ် အလုပ် လို့ပဲ ခေါင်းထဲထည့်ရင်း နေရတာ အင်မတန် ပင်ပန်းပါတယ်။ ဒါကြောင့် ငါတော့ မဖြစ်တော့ဘူးဆိုပြီး စာလာရေးတာပေါ့။

အခုပြောမဲ့အကြောင်းကတော့ ကိုယ်မလုပ်ချင်တဲ့အရာ ပြီးမြောက်သွားအောင် ကိုယ့်ကိုယ်ကိုယ် ကြိမ်တို့တဲ့ အကြောင်းပါ။ ကျွန်မမှာ အလွန်ပင်ပန်းခက်ခဲတဲ့ တောင်ကြီးတစ်တောင်ကို ကျော်ဖြတ်နေရပါတယ်။ အသိကောင်းမှုကြောင့် စကားပြောကို စာလိုက်ရိုက်ပေးရတဲ့ အလုပ် ရတယ်ဆိုပါတော့။ အစကတော့ ကျွန်မလည်း အားကြိုးမာန်တက် လုပ်ပါတယ် (ငွေမျက်နှာကြောင့်ပေါ့)။ နောက် မိနစ်၃၀စာ ကြိုးစားပန်းစား လုပ်ပြီးတဲ့နောက် လုံးဝ လုံးဝ လှည့်မကြည့်ချင်တော့ပါဘူး။

ဘာလို့လဲ... သူက သီလရှင်ဆရာလေးရဲ့ တရားတစ်ပုဒ်ကို နားထောင်ပြီး စာပြန်ရိုက်ပေးရတာပါ။ ကျွန်မကလည်း ဘုန်းကြီးကျောင်းနဲ့ သွားလေ့သွားထရှိတယ်ဆိုတော့ သူ့တရားစကားတွေ လိုက်ဖမ်းရတာ လွယ်မှာပါပေါ့။ အမှန်ကတော့ မလွယ်ပါဘူး။ သူ့တရားက တရားဆိုတဲ့အတိုင်း လူ့လောကက စိတ်ပျက်ဖွယ်ကောင်းကြောင်း၊ ဖြတ်တောက်ပစ်မှ ချမ်းသာမှာ ဖြစ်ကြောင်းတွေ ပါပါတယ်။ ကျွန်မလည်း ကြာလာတော့ နားထောင်ရင်း တောထွက်ချင်စိတ်ပေါက်လာပါတယ်။ တကယ်ပြောတာပါ လုပ်နေတဲ့ အလုပ်တွေ အကုန်ပစ်ချခဲ့ပြီး သီလရှင်ဝတ်ချင်စိတ်ပေါက်ပါတယ်။ 

အဲလိုလုပ်လို့တော့ မဖြစ်သေးဘူးလေ... ကျွန်မမှာ တန်းလန်းကိစ္စတွေ အများကြီး ရှိနေသေးတာကို

အဲဒါကြောင့် ကျွန်မလည်း သူ့ကို မပြီးနိုင်သေးဘဲ လုပ်ရမှာကို တွန့်ဆုတ်နေပါတော့တယ်။ ဒီညလုပ်မယ် တော်ပြီ မနက်ဖြန်မှ စောစောထမယ် အာ ဒီနေ့က အလုပ်တွေ ပုံနေတာ နောက်နေ့မှ စသည်ဖြင့် အချိန်ဆွဲနေပါတော့တယ်။ ဒီနေ့တော့ ဆုံးဖြတ်လိုက်ပါတယ်။ မဖြစ်တော့ဘူး။ ဒါကို အပြီးသတ်မှ ဖြစ်တော့မယ်လို့ပေါ့။ 

ဒီညနေက ထမင်းစားရင်း စဉ်းစားမိပါတယ်။ ဗုဒ္ဓဘာသာမှာ သီလစောင့်တယ်ဆိုတာ ရှိတယ်မဟုတ်လား.. ဆရာတော်တွေက ပြောတယ် သီလစောင့်တယ်ဆိုတာ သူမဖြစ်နိုင်တဲ့ အခြေအနေမှာ မလုပ်ဘဲနေတာကို သီလစောင့်တယ် မခေါ်ဘူးတဲ့ ချိုးဖောက်လို့ရမဲ့ အခြေအနေဖြစ်လာတဲ့အခါမှ မလုပ်ဖြစ်အောင် စိတ်ကို စောင့်ထိန်းတာကို သီလလို့ ခေါ်သတဲ့။ (မနည်းဆွဲစိထားတဲ့ ဥပမာဖြစ်ပေမဲ့လည်းပေါ့နော်😂😂) ကျွန်မလည်း ပေးထားတဲ့ကတိတည်အောင် မလုပ်ချင်လည်း ပြီးအောင် လုပ်လိုက်ပါဦးမယ်။ 

ဒါကြီး မရှိတော့လို့ ပေါ့ပါးသွားမဲ့အခြေအနေလေးကို အမြန်ရောက်ချင်နေပါပြီ


Comments