Featured post

အလုပ် အလုပ် တကုပ်ကုပ်

ဒီတလော လှုပ်မရအောင် အလုပ်ရှုပ်နေပြန်ပါပြီ။ ကျွန်မက ဂျပန်စာသင်နေတာကိုတော့ အားလုံး သိကြတယ်ဟုတ်? အခုတော့ ဒီနှစ်ကုန်ပိုင်းလောက်မှာ IELTSလည်း ဝင်ဖြေနိုင်အောင် အင်္ဂလိပ်စာလည်း ပြန်လုပ်နေပါတယ်။ အဲဒါအပြင် Psychological Fellowship for Education & Support - PFESမှာလည်း ကျောင်းတုန်းက စီနီယာ ဂျူနီယာတွေနဲ့အတူ ဝင်လုပ်နေပါတယ်။ အရင်က သာမန်volunteerဆိုတာကနေ အခု ရာထူးလေးဘာလေး ရသွားတော့ အမလေး လေး လုပ်လိုက်ရတာတွေက မနည်းမနောပါပဲ။ ဒီအဖွဲ့ကလည်း နာမည်သာ သိပ်မကြီးတာ အလုပ်တွေကတော့ တန်းစီနေတာပါ။ (အမှန်ကတော့ ကျွန်မလုပ်နေရတာတွေကတော့ ကျွန်မပဲ အဆိုပြုတင်သွင်းထားတာတွေပါ။ မည်သူမပြု မိမိမှုပါပေါ့😂😂)

အဲဒါအပြင် ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းကို အံတုနိုင်ဖို့ နောက် အလုပ်တစ်ခုလည်း ရှာရပါသေးတယ်။ တကယ်ပြောတာ မြန်မာနိုင်ငံမှာ တစ်လကို ၂သိန်းလောက်မှ ဝင်ငွေမရှိရင် ဘာမှ လုပ်လို့မရဘူး။ ဒါတောင် ကျွန်မက ဘာမှ သိပ်သုံးတာ မဟုတ်ပါဘူး။ နေ့လည်နေ့ခင်း အဆာပြေ ကြက်ကြော်၊ အအေး၊ မာလာရှမ်းကောတွေလည်း မစားဘူး၊ အသီးအနှံ ဘာသာတွေလည်း မစားဘူး၊ အင်္ကျီလည်း ဝယ်တာမဟုတ်ဘူး၊ အဲဒါတောင် တကယ် အရေးကြုံပြီဆို သုံးစရာမရှိပါဘူး။ 

တခါတလေကျတော့လည်း "ကျပ်တည်းလိုက်တာ မနေချင်တော့ဘူး" လို့ တွေးမိပါရဲ့။ ဒါပေမဲ့ "မနေချင်တော့ ဘာလုပ်ရမလဲ သေရမလား. . ဘာမှ မဖြစ်မြောက်ဘဲ သေသွားမယ်ဆို အခုချိန်ထိ စားသောက်သုံးစွဲလာခဲ့တာတွေ အလကားဖြစ်သွားမှာပေါ့ နှမြောစရာကြီး" ဆိုပြီး နောက်ထပ်အလုပ်တွေပဲ တစ်ခုပြီးတစ်ခု ထပ်ရှာနေမိပါတယ်။ ဒါပေမဲ့ ကျွန်မစိတ်ကြိုက် ပတ်ဝန်းကျင်နဲ့ စိတ်ကြိုက်ဝင်ငွေရတဲ့ အလုပ်ကို မတွေ့နိုင်သေးပါဘူး။ 

နောက်တော့ ပြန်သုံးသပ်မိတယ်။ ကျွန်မမှာ လက်တွေ့အသုံးချလို့ရတဲ့ သက်မွေးပညာရပ် မရှိသေးပါလားပေါ့။ အခု ကျွန်မ ဘာတတ်လဲ? 

  • အင်္ဂလိပ်စာတတ်တယ် (အကောင်းကြီးမဟုတ်ရင်တောင် နည်းနည်းပေါ့။ ဒါပေမဲ့ အဲလောက်ကတော့ သူများတွေလည်း တတ်တာပဲ။ ထူးခြားနေတာ မရှိ)
  • စိတ်ပညာနားလည်တယ် (ဒါက ဘွဲ့တစ်ခုပါမှ ပညာရှင်အဖြစ် အလုပ်လုပ်နိုင်မှာ)
  • ကွန်ပျူတာသုံးတတ်တယ် (သူများတွေလည်း သုံးတတ်နေတာ)
ဒါပဲ။ ကြည့်စမ်းပါဦး. . ဒါပဲတဲ့တော့။ ဒါနဲ့ ဘာလုပ်လို့ ရမှာလဲ။ ဘာမှ လုပ်မရဘူးလေ။ အဲဒါကြောင့် ကျွန်မ ကြိုးစားပမ်းစားနဲ့ coding languageတွေ သင်ယူနေပါတယ်။ အဲဒါအပြင် အရင်က ပစ်ထားမိတဲ့ freelance platformက အကောင့်ကို သွားပြီး activateလုပ်မိပါတယ်။ ကံကောင်းတာတစ်ခုက ဖွင့်ပြီး သိပ်မကြာမှာ အလုပ်အပ်သူတွေ ရောက်လာကြတော့တာပါပဲ။

ဘာပဲဖြစ်ဖြစ် ဒီနှစ်ကုန်လောက်မှာတော့ စိတ်ကြိုက်အလုပ်တစ်ခု ရဖို့ မျှော်လင့်မိပါတယ်။ 

Comments