Featured post

ရည်ရွယ်ချက်က ဘာလဲ

 ကျွန်မမှာ အခုဆို အင်တာနက်စာမျက်နှာ ၃ခု ရှိပါတယ်။ ပထမတစ်ခုကတော့ ဒီဟာပါ။ နောက်... စာရေးပြီး အသက်မွေးမယ့်သူဆိုတော့ ဘာတွေရေးတယ် ဘာညာဆိုတာ သေချာပြောပြမဲ့ (ဒါကကျတော့ ကိုယ်ရေးကိုယ်တာတွေ အရမ်းပါနေပြီကိုး) portfolioလေးတစ်ခု ရှိသင့်တယ်ဆိုပြီး wordpressနဲ့ တစ်ခုထပ်ဖွင့်ပါတယ်။ နောက် ကျွန်မသူငယ်ချင်းနဲ့ပေါင်းပြီး စာမျက်နှာတစ်ခု ထပ်ဖွင့်ပါတယ်။ အဲဒီတော့ ရေးရမဲ့နေရာတွေကများပြီး ဘယ်ဟာကို ဘယ်မှာ ရေးရမှန်း မသိတော့ပါဘူး။ နောက်... ဒီစာမျက်နှာကို ဖျက်ပစ်ရတော့မလားဆိုတဲ့ အတွေးတွေလည်း ဝင်လာပါတယ်။ အမှန်ဆို နှမြောပါတယ် ဖျက်တော့ မဖျက်ချင်ပါဘူး။ ဒါပေမဲ့ အပိုကြီး ဖြစ်နေမှာလည်း ကြောက်မိပါတယ်. . .

ကျွန်မ ဒီညကပဲ guided journaling sessionတစ်ခုကို သွားjoinမိပါတယ်။ အဲဒီမှာ ဆရာမက ပြောပြတာအပြင် ကိုယ်တိုင်ပါ တစ်ခါတည်း ရေးရပါတယ်။ အဲဒီမှာ စာအုပ်နဲ့ရေးရင် သူများတွေ ခိုးဖတ်နိုင်တဲ့အကြောင်း ဘာညာပါ ပြောဖြစ်ကြပါတယ်၊ ကျွန်မလည်း ပြန်စဉ်းစားမိပါတယ်၊ journalမရေးတာ ကြာပြီပဲလို့ပေါ့

ကျွန်မ အရင်က စာတအားရေးပါတယ်။ ၈တန်းလောက်ကတည်းက စွဲလာတဲ့ စာရေးတဲ့အကျင့်ဟာ တက္ကသိုလ်အရောက်မှာတော့ စာချည်းသက်သက်ရေးတာတင်မဟုတ်တော့ဘဲ ကိုယ့်အရေးကြီးတဲ့ အမှတ်တရဖြစ်စေတဲ့ ကတ်ကလေးတွေ ကပ်ထားတာတို့၊ စာအိတ် ဘာညာက အမှတ်တရဖြစ်စေတဲ့ အပိုင်းလေးတွေ ဖြတ်ပြီး ကပ်ထားတာတို့၊ ဘောက်ချာ စတစ်ကာ ကြယ် စသည်ဖြင့် အစုံကိုပါ ပေါင်းထည့်လာပါတယ်။ အဲဒါကြောင့် အဲဒါလေးကို ပြန်လှန်ကြည့်မိတိုင်း အမှတ်တရတွေ ပျော်စရာတွေက ခေါင်းထဲမှာ ပြန်ပေါ်လာလို့ တော်တော် ကြည်နူးရပါတယ်။ နေ့တိုင်း စာမရေးဖြစ်ပေမဲ့ အဲဒီနှစ်တွေက ကျွန်မရဲ့ အပျော်ဆုံးနှစ်တွေ ဖြစ်ခဲ့ပါတယ်။ 

ကျောင်းပိတ်ပြီးနောက်ပိုင်းကစလို့  ကျွန်မရဲ့ နေ့တွေက ထူးခြားတယ်မရှိတော့ဘဲ တစ်ပုံစံတည်းပဲ ဖြစ်နေပါတယ်။ မနက် အိပ်ရာထမယ်၊ ဖုန်းသုံးမယ်၊ နောက် မနက်စာ စားချင်စားမယ်၊ ဒါမှမဟုတ် ၁၀နာရီလောက်မှ ထဖြစ်ပြီး မနက်နဲ့နေ့လယ်စာကို ပေါင်းစားမယ်၊ ဒါမှမဟုတ် ၈နာရီလောက် ထပြီး အလုပ်တစ်ကုပ်ကုပ် ထိုင်လုပ်နေပြီး မနက်စာ လွတ်သွားမယ်၊ နောက် နေ့လယ်စာ စား၊ ရုပ်ရှင်ကြည့်ရင် ကြည့်၊ မကြည့်ရင် တရုတ်ဝတ္ထုဖတ်၊ ပြီးရင် ညရောက်တော့ အိပ်။ နေ့တိုင်းနီးပါးဟာ ဒီပုံစံခွက်ထဲမှာ ဝင်ပါတယ်။ အဲလိုနဲ့ ကျွန်မလည်း ဘာအမှတ်တရမှ သိပ်မရှိတော့ စာအုပ်လေးမှာလည်း စာမရေးဖြစ်ပါဘူး။ 

မနေ့က အစ်မတစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်။ ခါတိုင်းဆို အေးတိအေးစက်နေလေ့ရှိတဲ့ ကျွန်မဟာ အဲဒီ့အစ်မနဲ့တော့ ဘယ်လိုဖြစ်တယ်မသိ အတော်ခင်သွားပါတယ်၊ အစ်မကလည်း တစ်ခုမဟုတ် တစ်ခုနဲ့ အလုပ်ရှုပ်နေတတ်တဲ့ ကျွန်မက သူ့ငယ်ဘဝကို အမှတ်ရစေတယ်ဆိုပြီး တော်တော်ကို ရင်းနှီးစောင့်ရှောက်တယ်ဆိုပါစို့။ အနာဂတ်အကြောင်းကိုတွေးပြီး စိတ်ညစ်နေတဲ့ ကျွန်မက သူနဲ့ စကားပြောပြီးနောက်ပိုင်း တော်တော်ပေါ့သွားပြီး စိတ်ပြန်ရွှင်လာပါတယ်၊ ပြီးတော့ စာပြန်ရေးမယ်လို့လည်း ဆုံးဖြတ်လိုက်ပါတယ်ပေါ့။

ဒီနေ့တော့ အရင်တုန်းကလိုပဲ သီချင်းကို အနောက်မှာ ဖွင့်ထားပြီး စာရေးနေပါတယ်။ လူကလည်း ခါတိုင်းနဲ့မတူဘဲ နိုးကြားနေပါတယ်။ ပြီးတော့ ဒီblogရဲ့ မူလရည်ရွယ်ရင်းကိုလည်း ပြန်တွေးမိပါတယ်။ ကျွန်မ ဘာလို့ ဒီblogကို လုပ်ခဲ့တာလဲ။ စာအုပ်မှာရေးတဲ့ စာကို သူများတွေမြင်စေချင်လို့၊ သူများတွေလည်း ဖတ်ပြီး ပိုကောင်းတဲ့ တစ်ခုခုဖြစ်ဖြစ် ရသွားစေချင်လို့ မဟုတ်ဘူးလား။ ပြီးတော့ ဘာလို့ စာအုပ်မှာ journalingမလုပ်ဖြစ်တော့တာလဲ.. စာအုပ်မှာ မရေးဘဲ ဒီမှာ လာရေးနေလို့ မဟုတ်ဘူးလား

ကဲ. . အခုတော့ ရှုပ်နေတာတွေ ရှင်းသွားခဲ့ပါပြီ။ ဘာဆက်လုပ်ရမလဲဆိုတာလည်း ပြတ်ပြတ်သားသား သိသွားပါပြီ။ အဲဒါကြောင့် ပြောတာ တစ်ခုခုကို ဝေခွဲမရ ရှုပ်ထွေးနေပြီဆို ဘာလို့ စခဲ့တာလဲဆိုတဲ့ မူလရည်ရွယ်ချက်ကို ပြန်သွားရမှာပဲလို့!

Comments