Featured post

စမတ်ကျတဲ့ အဘွားကြီး

ကျွန်မပတ်ဝန်းကျင်မှာ အဘွားကြီးတွေ အတော်များပါတယ်။ ကျွန်မအိမ်မှာတင်ပဲ အမေရယ်၊ အဘောင်မရယ်၊ အဖီးမရယ် ၃ယောက်၊ ပြီးတော့ ကျွန်မတို့ အိမ်အောက် ၃လွှာမှာကလည်း အဘွားကြီးတစ်ယောက် (အမျိုးတော့ မတော်ပါဘူး ဒါပေမဲ့ အိမ်နီးချင်းဆိုတော့ တွေ့ရင် ပြုံးပြရ သတင်းမေးရ အဲလိုပေါ့)၊ နောက် စာအုပ်ဆိုင်မှာ ရောင်းတာကလည်း အဘွားကြီး၊ ကျွန်မတို့ အိမ်နားက အမျိုးအိမ်မှာလည်း အဘွားကြီး ၂ယောက်၊ နောက်. .  . အဘောင်မနဲ့ ဘုန်းကြီးကျောင်းလိုက်သွားရင်တော့ တွေ့မှာက အယောက် ၆၀လောက်၊ ကျောင်းသွားလို့ ဘတ်စ်ကား စီးပြန်ရင်လည်း ကျွန်မဘေးနားလာထိုင်လေ့ရှိတာက ကောင်လေးချောချောတွေ မဟုတ်ဘဲ အဘွားကြီးတွေ အဲ. . ကျွန်မ ဘယ်သွားသွား အဘွားကြီးတွေက ဝန်းရံနေပါတယ်။ အဲဒါကြောင့် ကျွန်မက အဘွားကြီးတွေအကြောင်း အလုံးစုံမဟုတ်ရင်တောင် ကောင်းကောင်းသိတယ်လို့ ပြောလို့ရပါတယ်။ 

အဘွားကြီးတွေဟာ သူတို့ကို ညင်ညင်သာသာလေး ဆက်ဆံတာ ကြိုက်ကြတယ် (သူတို့ မသိတာကို စိတ်မတိုဘဲ ဖြေးဖြေးလေး ရှင်းပြတာမျိုးပေါ့)၊ ပြီးတော့ သူတို့စကားပြောရင် မသမ်းဘဲ စိတ်ဝင်တစား နားထောင်ကြတာမျိုး၊ သူတို့ခိုင်းတာလုပ်ကြတာမျိုးကို သဘောကျပါတယ်။ အထူးသဖြင့် သူတို့ပြောတာကို အတွန့်မတက်ဘဲ "ဟုတ်ကဲ့"လို့ပဲ ပြန်ပြောတာမျိုးပေါ့။ 

ကျွန်မကတော့ အဘွားကြီးတွေရဲ့ အဲလိုအမူအကျင့်တွေကို သိပ်မကြိုက်ပါဘူး။ သူတို့ကျ ပြောချင်ပြီး ဘာလို့ သူများကိုကျ ပြောခွင့်မပေးရတာလဲ။ သူတို့သိလာတာကျ အမှန်ဖြစ်ပြီး သူများပြန်ရှင်းပြတာကို ဘာလို့ အတွန့်တက်တယ်လို့ ယူဆရတာလဲ။ အဲသလို အဘွားကြီးတွေကို ကျွန်မတို့လူငယ်တွေက oh boomersတွေပါကွာလို့ စိတ်ပျက်ပျက်နဲ့ ရယ်သလို ခေါ်တတ်ကြတယ်။ ကျွန်မကြီးလာရင်တော့ သူတို့လို့ ပုံတုံးboomerအဘွားကြီး မဟုတ်ဘဲ ခေတ်မီစမတ်ကျပြီး လူငယ်တွေ ကြိုက်တဲ့ အဘွားကြီးခပ်လန်းလန်းမျိုး ဖြစ်အောင်ကြိုးစားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

ဒီနေ့တော့ အဘောင်မ ညနေစာစားဖို့ ထမင်းပွဲပြင်ပေးနေမိပါတယ်။ အဘောင်မက နေ့လယ်စာ၊ ညနေစာတွေကို ထမင်းနဲ့ အသား/ငါး တစ်ခုနဲ့ အသီးအရွက်တစ်ခုနဲ့ ကျကျနန စားရမှ ကျေနပ်ပါတယ်။ စားတဲ့အချိန်မှာလည်း ထမင်းလုတ်ကို မျှောချဖို့ ရေနွေးဖြူတစ်ခွက်ကိုလည်း ဘေးမှာ ချပေးရပါတယ်။ ထမင်းသုံးလေးလုတ်စာလောက်ကို အဖြူထည်လေးချန်ထားပြီး ငှက်ပျောသီးနဲ့လည်း နယ်စားတတ်ပါသေးတယ်။ အဲလိုသာ မစားရရင် မျက်နှာကြီးက စူပုပ်ပြီး ပစ္စည်းတွေကို ဆောင့်ချပါတယ်။ သူ့ကိုကြည့်ပြီး တော်တော်ချေးများတာပဲလို့ တွေးနေမိပါတယ်။ 

တဆက်တည်းပဲ ကျွန်မသာ အဘွားကြီးဖြစ်ရင် ဘယ်လိုလုပ်မလဲဆိုတာလည်း စဉ်းစားမိပါတယ်။ ကျွန်မသာဆို ဘာပဲစားစား စွပ်ပြုတ်တစ်ခွက်တော့ လိုလိမ့်မယ်၊ ပြီးတော့ အသီးအရွက်ကလေးလည်း ပါရလိမ့်မယ်၊ အဆီအဆိမ့်လည်း မများရဘူး၊ နည်းနည်း ချဉ်ချဉ်လေး ဖြစ်ရမယ်၊ မစပ်ရဘူး အင်း. . ကျွန်မက ပိုတောင် ချေးများသလိုပဲနော်။ အဲလိုနဲ့ ဘာမှမပြောဘဲ တိတ်တိတ်လေး နေလိုက်ရော။

နောက်တစ်နေ့ကျ ကျွန်မအဘွားလေးအိမ်ကို အလည်သွားမိပါတယ်။ ကျွန်မတို့ သူ့ရှေ့မှာ စကားမှားသွားမိပါတယ်။ အဲဒါနဲ့ သူက တိုးတိုးတဖုံ ကျယ်ကျယ်တမျိုး "ငါမှန်ရင် နိဗ္ဗာန်ရောက်ပါစေ" ဆိုတာတွေ "ငါမှန်ရင် ထိုင်ကန်တော့" ဆိုတာတွေ ပြောပါတယ်။ 

အဲဒါနဲ့ ကျွန်မလည်း "ငါသာ အဘွားကြီးဖြစ်ရင် အဲလို ပွစိပွစိတွေ မပြောဘူး"လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ . . . ဒါပေမဲ့လည်း ‌"ကျောင်းမှာဖြင့် ဘာဖြစ်တယ်၊ ဟိုလမ်းထိပ်ကလူကဖြင့် ညာဖြစ်တယ်"နဲ့ အိမ်မှာ ပွစိပွစိများတတ်တာကို သတိရလိုက်တော့ ခေါင်းကလေး ငိုက်စိုက်ကျသွားပြန်ပါတယ်။

ဒီနေ့မှာတော့ တစ်ခုစဉ်းစားမိပါတယ်။ ကျွန်မက အခုမှ အသက်၂‌၀ကျော်ပဲရှိသေးတာပဲ။ ပြောချင်တာက ကျွန်မ အဘွားကြီးဖြစ်ဖို့ဆို နှစ်ပေါင်း ၄၀လောက် လိုဦးမှာကို အဲဒီ့အကျင့်တွေက ပြင်လိုက်လို့ မရဘူးလားပေါ့။ 

ရတာပဲ။ ကျွန်မသာ အဘွားကြီးဖြစ်ရင်တော့ သူတို့ထက်ကို ပိုကောင်းတဲ့ အဘွားကြီး၊ ခေတ်မီပြီး စမတ်ကျတဲ့ အဘွားကြီးကို လုပ်ဦးမှာ🤨!

Comments