Featured post
- Get link
- X
- Other Apps
မီယန်မာနိုင်ငံမှာ ရေပန်းအစားဆုံး ကိစ္စရပ်ကြီးကတော့ ကျောင်းပြန်တက်ရေး မတက်ရေးပါပဲ။ ကျောင်းသားတွေက ကျောင်းပြန်မတက်ချင်ကြပါဘူး။ စကစရဲ့ လက်အောက်မှာ ဝါဒဖြန့်ခံရမှာတွေ၊ ကျောင်းတက်နေတဲ့ သူတို့ပုံတွေ ယူသုံးပြီး "တိုင်းပြည်က အောင်မြင်စွာ လည်ပတ်နေပါတယ်။ ပဋိပက္ခတွေ မရှိပါဘူး။ သာယာဖွံ့ဖြိုးနေပါတယ်။ ပြည်သူတို့က ကျွန်တော့်ကိုပဲ လိုလားကြပါတယ်" အစရှိသဖြင့် နိုင်ငံတကာကို ပုံမှားရိုက်မှာကိုလည်း မလိုလားကြပါဘူး။ ပြီးတော့ အိမ်မီးလောင်လို့ ပြေးနေရတဲ့ သူငယ်ချင်းတွေ၊ ထောင်ထဲရောက်နေတဲ့ သူငယ်ချင်းတွေ၊ တော်လှန်ဖို့ တောထဲ မြေအောက်ထဲ ရောက်နေကြတဲ့ ရွယ်တူသူငယ်ချင်းတွေကို စာနာပြီး ကျောင်းမတက်ချင်ကြပါဘူး။ တကယ်လို့ ကျောင်းပြန်တက်လို့ ဘွဲ့ရလို့ အလုပ်ဝင်လို့ နိုင်ငံပြန်ကောင်းတဲ့အခါ အိမ်တွေ ကားတွေနဲ့ ဖြစ်နိုင်နေပေမဲ့ တောထဲရောက်နေသူတို့မှ စစ်သားပဲ ဆက်လုပ်ရမလား၊ ကျောင်းတက်လို့ စာသင်မယ်ဆို အစကနေ ပြန်စရမလား၊ သူတို့ ဂုဏ်ထူးဆောင်ခဲ့ အနစ်နာခံခဲ့တာတွေကို မသိလိုက်မသိဘာသာနဲ့ ချောင်ထိုးခံရလေမလား။ တကယ်လို့သာ ချောင်ထိုးခံရရင် (ဖြစ်မှာက ကျိန်းသေသလောက်ပါပဲ) ဆိုပြီး "သူတို့ မရရင် ငါတို့လည်း မယူဘူး"လို့ ရူးမိုက်စွာ ပေတေနေကြတာပါ။ အမှန်ကတော့ တိုင်းပြည် ထူထောင်ရေးကာလမှာ ပညာရှင်တွေလည်း လိုတာပဲ။
အဲ . . အဲဒါကို အကြောင်းပြပြီး ကျွန်မတို့ မိဘတွေက ကျောင်းပြန်တက်ခိုင်းကြပါတယ်။ ဘွဲ့တစ်ဘွဲ့မှ မရရင် ဘာနဲ့ အလုပ်လုပ်မလဲပေါ့။ ငါတို့သေရင် နင်တို့ကို ဘယ်သူက ကျွေးထားမလဲပေါ့။ စဉ်းစားလည်း စဉ်းစားစရာပဲ။ ဒီနိုင်ငံမှာက အရောင်းစာရေးတောင် ဘွဲ့ရရမယ်ဆိုတဲ့ ကန့်သတ်ချက်ကြီးက ရှိနေတာကိုး။ အင်း . . ကျွန်မတို့လည်း ကျောက်တုံးနဲ့ ကျောက်ခဲ ဘယ်အရာကို ရွေးရမလဲ ဆိုသလို ဖြစ်နေပါပြီ။ တတ်နိုင်တဲ့သူတစ်ချို့ကတော့ နိုင်ငံခြားကို ပြေးကြပါတယ်။ မတတ်နိုင်ပေမဲ့ စာတော်သူတွေကတော့ စကော်လာလျှောက်ကြပါတယ်။ အဲဒါမှာ တစ်ချို့တွေက အေးဂျင့်အလိမ်နဲ့တွေ့လို့ ပိုက်ဆံတွေ ပါသွားတာတွေလည်း ရှိကြပါတယ်။ ပိုက်ဆံလည်း ရှိရဲ့၊ နိုင်ငံခြားကျတော့ မလွှတ်နိုင်ဘူးဆိုသူတွေကတော့ ဒီနိုင်ငံက ကိုယ်ပိုင်ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ တက်ကြပါတယ်။ အဲဒါတောင် UK အသိအမှတ်ပြု certificate၊ နိုင်ငံခြားတက္ကသိုလ်နဲ့ ချိတ်ဆက်ထားတဲ့ကျောင်း ဘာညာဆိုပြီး အင်ထု(အတုပုံမှားရိုက်)တာကို မိသွားသူတွေလည်း ဒုနဲ့ဒေး ရှိပါသေးရဲ့။ ကျွန်မတို့လို တစ်ပြားမှ မတတ်နိုင်သူတွေကျတော့လည်း free classတွေလိုက်ရှာပြီး တက်ရင်တက်၊ မတက်ရင် ငုတ်တုတ်ထိုင်နေရတော့တာပါပဲ။ မနေ့က ဒီနိုင်ငံက private uniတစ်ခုရဲ့ orientation ကို သွားနားထောင်မိပါတယ်။ သူတို့ကျောင်းက ကျောင်းသားတွေအတွက် ဘယ်လိုofferတွေပေးတယ်၊ ဘယ်လို အစီအစဉ်တွေ ရှိတယ်နဲ့ ကြားရတော့ ကျောင်းပြန်တက်ချင်စိတ် ပေါက်သွားပါတယ်။ ဒါပေမဲ့ အချိန်လေးနှစ်ထပ်ပေးရမှာက တစ်ကြောင်း၊ အချိန်ပိုင်းတက်လို့မရ၊ အချိန်ပြည့် အာရုံစိုက်ရမှာတွေက တစ်ကြောင်း အကြောင်းအမျိုးမျိုးကို စဉ်းစားမိလို့ စိတ်ပျက်လက်ပျက်နဲ့ အချိန်တစ်ဝက်လောက်မှာပဲ ဆက်မနားထောင်ဖြစ်တော့ဘဲ ထွက်လာလိုက်ပါတယ်။ အခုက ကျွန်မအသက် ၂၃နှစ်ရှိတော့မယ်။ အခုချိန်မှ ကျောင်းတက်ရင် အိမ်က ကျွန်မကို ကျွေးထားနိုင်မှာ မဟုတ်တော့ အလုပ်ပဲ လုပ်ရတော့မှာ။ ကျောင်းတက်ဖြစ်ရင်တောင် နေစရိတ် စားစရိတ် ကျောင်းစားရိတ် အဝဝပေးတဲ့ ပညာသင်ဆုပဲ လျှောက်ရတော့မှာ။ အဲဒါလျှောက်ဖို့ကလည်း အမျိုးမျိုးသော စာမေးပွဲတွေ ဖြေရပြန်ဦးမယ်။ အဲဒီ့စာမေးပွဲကလည်း အလကားမရ၊ အသပြာစုရပြန်ဦးမယ်ဆိုတော့ကာ . . .
၈၈အရေးအခင်းပြီးတော့ ကျောင်းပြန်တက်ခဲ့တဲ့ အမေက အကြံပေးပါတယ်။ ဘယ်သူ့လက်အောက်ဖြစ်ဖြစ် ကျောင်းပြန်တက်ပြီး ဘွဲ့တစ်ခု ရအောင်ယူပစ်လိုက်တဲ့။ သူတို့တုန်းက အင်မတန်စာတော်တဲ့သူတွေဟာ ကျောင်းပြန်မတက်တော့ နှစ်ပေါင်းများစွာကြာတဲ့အခါ လမ်းဘေးမှာ အခွေရောင်းရတဲ့သူနဲ့ ဟင်းရွက်ရောင်းရတဲ့သူနဲ့ ဘဝတွေ စုတ်ပြတ်သတ်သွားတာ နှမျောဖို့ကောင်းတယ်တဲ့။ နုဂျီက ဒီလိုလုပ်နေပုံနဲ့ နိုင်မှာ မဟုတ်ဘူးတဲ့။ နိုင်သွားလည်း နိုင်ငံပြန်လည်ထူထောင်ဖို့ ဘွဲ့ရတွေကို လှမ်းခေါ်မှာပဲတဲ့။ ကျွန်မကတော့ ကျောင်းပြန်မတက်ချင်ပါဘူး။ အဲလိုနဲ့ပဲ. .
တို့ကျောင်းတော်သာ ဘယ်မှာတဲ့မေး
မဝေးပါ ငါ့သားရယ် ဒီနားမှာတဲ့လေး။
အမေကဆွဲ သားကရုန်းနဲ့
ခရီးမဝေးတဲ့ ကျောင်းတော်သာရယ်
နီးရက်နဲ့ဝေး လေတော့သတည်း။
Comments
Post a Comment