Featured post

ဘာလိုလို ညာလိုလို

 ကျွန်မ အခု တုန်းက စာရေးတဲ့ Laptopနဲ့ အရင်တုန်းက ထိုင်ခဲ့တဲ့ ထိုင်ခုံလေးမှာ ထိုင်ပြီး စာရေးနေပါတယ်။ ဒါပေမဲ့ နေရာကတော့ မတူတော့ပါဘူး။ အရင်တုန်းက အိမ်ရှေ့ခန်းမှာဖြစ်ပေမဲ့ အခုတော့ ကျွန်မအိပ်တဲ့ အခန်းထဲက မှန်တင်ခုံပေါ်မှာ တင်လို့ စာရေးနေပါတယ်။ အရင်ကလို သီချင်းကလေးများ နားထောင်ရမလားလို့ Youtubeကို ဖွင့်ပေမဲ့လည်း လိုင်းမကောင်းတာကြောင့် အဝိုင်းလည်နေပါတယ်။ ကျွန်မအခြေအနေက မနှစ်ကလိုပါပဲ. . . ဒါပေမဲ့ မနှစ်ကလိုလည်း မဟုတ်တော့ပါဘူး။ ဒီlaptopက အမေ့ဥစ္စာပါ။ မနှစ်က အမေနဲ့ ရန်ဖြစ်တော့ အမေက ကျွန်မဝယ်ပေးထားတဲ့ oximeterနဲ့ မတိုင်းဘဲ အသစ်ဝယ်သုံးပါတယ်။ ဘယ်ရမလဲ ကျွန်မလည်း အားကျမခံ ကိုယ့်laptopကိုယ် ဝယ်သုံးတာပေါ့။ အဲလိုနဲ့ မြန်ဆန်သွက်လက်တဲ့ စက်အသစ်ကလေးနဲ့ နေသားကျလို့ ပျော်ရွှင်နေပါတယ်။ ဪ... ဒါပေမဲ့လည်း မမြဲသောသဘောတရားနဲ့အညီ ကျွန်မရဲ့ ပျော်ရွှင်မှုတွေဟာလည်း ကြာကြာမခံပါဘူး။ ဘာလို့ဆို laptopက ကျွန်မဝယ်တယ်သာပြောတာ ကိုယ်ပဲ သုံးရတာမဟုတ်၊ ညီမတော်နဲ့လည်း ဝေမျှသုံးရပါတယ်။ ဘာလို့ဆို သူက ကျွန်မအမေဟာနဲ့မှ မသုံးဘဲ ကျွန်မဝယ်တာမှာ ပိုက်ဆံတစ်ဝက်ထည့်မယ် ဘာမယ်လုပ်နေတာကြောင့်ပါပဲ။ (ဒါပေမဲ့ ကျွန်မက အထည့်မခံပါဘူး ဟင်း ဟင်း) အဲလိုနဲ့ မျှသုံးနေရပါတယ်။ 

အစတုန်းကတော့ အဆင်ပြေပေမဲ့ နောက်ပိုင်းညီမတော်လည်း အလုပ်ကလေး ဘာလေး ရှိလာတော့ ဒီပစ္စည်းတစ်ခုကို လူနှစ်ယောက် လုနေရပါတော့တယ်။ အဲဒီမှာ ကျွန်မက အမေ့ဟာကို မျက်စောင်းထိုးလာတော့တာပါပဲ။ ခက်တာက သူ့ဟာက ၂၀၁၃လောက်ကတည်းက ဝယ်ထားတာဆိုတော့ ဒိတ်အောက်ကြီး၊ စက်ကလည်း နှေးပါဘိသနဲ့ လေးကလည်း လေးဆိုတော့ မျက်စောင်းသာ ထိုးရတယ်... သိပ်တော့လည်း မလိုချင်

ဒါပေမဲ့လည်း မတတ်နိုင်ပါဘူး။ ဒါကိုပဲ အဆင်ပြေအောင် ပြင်သုံးရတော့မှာပဲ။ ဒေါ််လာဈေးတက်လာတော့ laptopကောင်းကောင်းတစ်လုံးကို သိန်း၂၀လောက် ကျနေတော့ ကျွန်မလည်း လုံးဝမတတ်နိုင်ဘူးလေ။ အဲဒါကြောင့် ဒီlaptopကိုပဲ ၃သိန်းလောက်ပေးပြီး အမေ့ဆီက ပြန်ဝယ်မယ်စဉ်းစားပါတယ်။ ညီမတော်ကိုတော့ ကျွန်မlaptopကို ရောင်းလိုက်မယ်😈😈

ကဲ.. ဘာလိုလို ညာလိုလိုနဲ့ တစ်နှစ်ကုန်သွားပြီး ဒုံရင်းက ဒုံရင်းပါလားဟရို့!

Comments

Post a Comment