Featured post
- Get link
- X
- Other Apps
နုပျိုလိုပါသလား... မျက်နှာခွဲစိတ်ပြုပြင်တာတွေ၊ အသားအရေတင်းရင်းစေမဲ့ ခရင်မ်တွေ၊ သဘာဝဆေးနည်းတွေကို ခဏလောက် ဘေးဖယ်ထားလိုက်ပါ။
ဟ! နုပျိုစေတဲ့အရာတွေကို ဘေးချိတ်ထားဆိုတော့ ငါတို့က ဘယ်လို အရွယ်တင်အောင် လုပ်ရတော့မလဲလို့ မေးစရာရှိပါတယ်။
ကျွန်မပြောတာယုံပါ။ ကျွန်မနည်းက ရှင်တို့ကို နုပျိုစေရုံသာမက ကလေးလေးတစ်ယောက်လို ခံစားသွားရစေမှာ အမှန်ပါပဲ။
ရှင်အသက်ကြီးနေပြီလား၊ အသက်ဘယ်လောက်ရှိပြီလဲ? ဘယ်လောက်ပဲဖြစ်နေပါစေ ဘာသာစကားအသစ်တစ်ခုကို သင်ယူကြည့်ပါ။ စာလုံးတွေနဲ့ စတင်ထိတွေ့ခါစ ၄နှစ် ၅နှစ်အရွယ်လောက်ကို ရောက်သွားပါလိမ့်မယ်။
ကျွန်မအသက်က ၂၂ရှိပါပြီ၊ ပြီးတော့ ကျွန်မ အခု ဂျပန်စာသင်နေပါတယ်။ အသက်ကြီးမှ စာအသစ်သင်ရတာ နည်းနည်းတော့ ဒုက္ခရောက်ပါတယ်။ ကျွန်မတို့က ကလေးတုန်းကလို တစ်ရက်ကို ဝလုံးတစ်မျက်နှာစီ ရေးလို့ မရတော့ဘူး၊ ကကြီးခခွေးကိုလည်း မူကြိုတစ်နှစ်၊ သူငယ်တန်းမှာ တစ်နှစ် နှစ်နှစ်လောက် ကျက်နေလို့ မရတော့ဘူး။ လူကြီးဆိုတော့ ပိုပြီးလည်း ကျက်မှတ်တတ်ပြီ၊ ဉာဏ်လည်း ပိုကောင်းလာပြီဆိုပြီး လက်ပူတိုက်တာ ခံရပါတယ်။ စာလုံး ၄၆လုံးကို တစ်ပတ်တည်းနဲ့ စာအုပ်တစ်ဝက်ကျွတ်သွားအောင် ရေးကျက်ရတယ်၊ ပြီးတာနဲ့ senseiက ကျွန်မတို့လက်ရေးတွေ လှပသွားဖို့ကို မျှော်လင့်တယ်။ ကျွန်မက ကိုယ့်လက်ရေးကိုယ်ကြည့်ပြီး အတော်ဟုတ်လှပြီထင်နေတာ senseiက တစ်ချက်ကြည့်ပြီး "အမလေး ဆိုးလိုက်တဲ့ လက်ရေး"လို့ ပြောမှ "ဪ ဟုတ်လား"လို့ ဘုမသိဘမသိ ခေါင်းကုတ်နေရတာမျိုး၊ နောက် အခုမှ စာစသင်ခါရှိသေး စာလုံးတွေ မှားရေးမိတဲ့အခါ "အခုထိ မှားနေတုန်းလား"လို့ အပြောခံရတာမျိုးတွေက အတော်စိတ်ညစ်စေပါတယ်။ ဒါပေမဲ့ ဒါတွေက ကိုယ်အသစ်သင်ထားတဲ့ စာလုံးတွေနဲ့ ကြော်ငြာကပဲဖြစ်ဖြစ်၊ ရေချိုးဆပ်ပြာဘူးပေါ်ကဖြစ်ဖြစ် ဂျပန်စာတွေကို စာလုံးပေါင်းပြီး (အဓိပ္ပာယ်မသိရင်တောင်) အသံထွက်ဖတ်လိုက်ရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်ပါဘူး။
ကျွန်မငယ်ငယ် ဗမာစာလုံးတွေ သင်ပြီးခါစက တွေ့သမျှသော ဆိုင်းဘုတ်ပေါ်က စာတွေကို လိုက်ဖတ်ပါတယ်။ ဥပမာ ကျွန်မကို အပြင်ခေါ်သွားတယ်ဆိုပါစို့၊ အဲဒီမှာ "ဖြေးဖြေးမောင်း"တို့၊ "မီးနီမဖြတ်ရ"တို့ "လူကူးမျဉ်းကြားက ကူးပါ"တို့ကို အသံတစာစာနဲ့ အော်ဖတ်နေပြီပဲ။ အခုလည်း ဒီအတိုင်းပါပဲ။ "ဒါက 'အ'"၊ အဲဒါကတော့ "အိ"နဲ့ ဟိုတစ်လုံး ဒီတစ်လုံး ပေါင်းဖတ်နေပါတယ်၊ ဂျပန်စာသင်ထားတဲ့ ကျွန်မသူငယ်ချင်းကိုလည်း ထင်ရာတွေ ရေးပြီး ပို့ပါတယ်။ သူက "နင်ဘာတွေပြောနေတာလဲ"ဆိုပြီး စိတ်ရှည်ရှည်နဲ့ မှားသမျှကို ပြင်ပေးပါတယ်။ အဲဒီတော့မှ ကျွန်မလည်း သူပြင်ပေးတာမှန်သမျှ လိုက်မှတ်နေရပါတော့တယ်။
အဲဒီတော့ အလုပ်မရှိဘဲ ပျင်းနေလား၊ အိုလှပြီဆိုပြီး စိတ်ညစ်နေလား
ဘာသာစကားအသစ်တစ်ခုကို သင်ပါ။ ကလေးလေးကို ပျော်ရွှင်ရပါလိမ့်မယ်၊ ဘာမှမသိရာကနေ တစ်ရက်ကို တစ်ခုဖြစ်ဖြစ် အသစ်သိလိုက်ရတဲ့အခါ အင်မတန်ကောင်းတဲ့ စိတ်လှုပ်ရှားမှုမျိုး ရပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ရှင့်စိတ်တံခါးကို အကျယ်ကြီးဖွင့်ထားဖို့တော့ လိုပါလိမ့်မယ်၊ တံခါးပိတ်ထားရင် သိစရာတွေက ဘယ်လိုလုပ် ဝင်လာနိုင်တော့မှာလဲ?
Comments
Post a Comment