Featured post
- Get link
- X
- Other Apps
ဧပြီလဟာ အတော့်ကို ပူပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကနေစပြီး နေ့အပူချိန်တွေဟာ ၄၀℃လောက်အထိ ထိုးတက်ကုန်လို့ အတော်စိတ်ဒုက္ခရော ကိုယ်ဒုက္ခရော ရောက်ရပါတယ်။ အဲဒီကြားထဲ မီးက လေးနာရီကလေး ပေးတာတောင် အချိန်မှန် မလာချင် ခဏခဏပြန်ပြန် ပြတ်နေတော့ကာ နှစ်ဆတိုးလို့ စိတ်ညစ်ရပါတယ်။ ဒါတောင် အားမရသေးလို့ ထပ်ပြီး အပူရှာတာက ကျွန်မပါပဲ။
ကျွန်မ ဒီလမှာ diversity and inclusion in workplaceအကြောင်း သင်တန်းတစ်ခု တက်နေပါတယ်။ အဲဒီမှာ ခေတ်အဆက်ဆက်က ဖိနှိပ်မှုတွေကို ဘယ်လို တွန်းလှန်ခဲ့ရကြောင်း၊ အသားအရောင် ကိုးကွယ်မှုဘာသာ လူမျိုး ကျားမ ကွဲပြားတာတွေကြောင့် ခွဲခြားဆက်ဆံခံရပုံတွေအကြောင်း၊ သူတို့ကို အခွင့်အရေး ညီညီမျှမျှရစေဖို့ ဘာတွေ လုပ်ပေးသင့်တယ်ဆိုတာမျိုးတွေ ဖတ်ရ၊ စဉ်းစားရပါတယ်။ အမှန်ဆို ကျွန်မအလုပ်က ကလေးတွေကို တစ်ဦးချင်း အနီးကပ် စာသင်ပေးရတာပါ။ ကျွန်မနဲ့ ကလေးအပြင် တခြား ခွဲခြားဆက်ဆံစရာ လူလည်း တစ်ယောက်မှ မရှိပါဘူး။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ အဲဒီ့သင်တန်းတက်ဖို့ စာရင်းပေးလိုက်မိပါတယ်။ အဲဒါနဲ့ အခု တက်နေရရော ဆိုပါစို့။
သိပ်မကြာခင်ကပဲ ပျင်းပျင်းရှိတာနဲ့ (အမှန်ကတော့ လုပ်စရာတွေ အပုံအပင်ရှိပါတယ်၊ အချိန်ရွှေ့ချင်တာနဲ့ အလုပ်ရှာတာ ဘာမှမဟုတ်ဘူး😂) The Last Kingdomကြည့်မိပါတယ်။ အရင်ခေတ်အကြောင်း ပုံဖော်ရိုက်ထားတာဆိုတော့လည်း အရင်ခေတ်က ပုံစံပေါ့ .. စစ်ပွဲတွေ ဖြစ်ကြမယ်၊ တစ်ခုတည်းသော ကိုးကွယ်မှုသာ အမှန်လို့ ဆိုမယ်၊ မိန်းမတွေဟာ ကုန်ပစ္စည်းလို အဖျော်ဖြေခံလိုပဲ ဆက်ဆံခံရမယ်၊ ချောက်တွန်းတာတွေ တွေ့ရမယ် အရင်ကတော့ ဒါတွေကို ဒီလိုပဲ ကြည့်လာခဲ့တာပါပဲ။ ဒါပေမဲ့ အခုတော့ တော်တော့်ကို ခါးခါးသီးသီးနဲ့ မခံမရပ်နိုင် ဒေါသထွက်နေမိပါတယ်။ diversityသင်တန်းတက်နေလို့ပဲလား ဘာလား ကျွန်မလည်း မပြောတတ်တော့ပါဘူး။ ဒါပေမဲ့ ဘာပဲပြောပြော အခုခေတ်မှာ မွေးလာမိတာ ကံကောင်းတယ်လို့ တွေးနေမိပါတယ်။ တစ်ချိန်တည်းမှာပဲ ဗုဒ္ဓဘာသာမြန်မာနိုင်ငံဆိုပြီး ဂျင်းထည့်ခဲ့တဲ့ အဘတို့ကို သတိရမိပါတယ်။ ဒီနိုင်ငံမှာနေတဲ့သူတွေက ဗုဒ္ဓဘာသာပဲ ကိုးကွယ်ရမယ်လို့ ဘယ်သူပြောလဲ၊ ကျန်တဲ့သူတွေက ဒီမှာမွေးတဲ့ မြန်မာလူမျိုး မဟုတ်တော့ဘူးလား အဲလိုခွဲခြားလိုက်တော့ ကိုယ့်ဘက်သားလျော့မသွားပေဘူးလား... ဘာပဲဖြစ်ဖြစ် ကျွန်မတို့ခေတ်မှာ ဒီလိုအစွဲတွေ လျော့သွားလို့ တော်ပါသေးရဲ့။
မနက်ဖြန်တော့ မေလရောက်ပါပြီ။ မေလမှာတော့ မိုးကလေး တစ်ဖြောက်နှစ်ဖြောက်ရွာလို့ အပူသက်သာကောင်းပါရဲ့နော်...
Comments
Post a Comment