Featured post
- Get link
- X
- Other Apps
စာလေးသင်လိုက်၊ သင်တန်းတက်လိုက်၊ ရုပ်ရှင်ကြည့်လိုက်၊ ဝတ္ထုဖတ်လိုက်နဲ့ ပျော်ရွှင်စွာ စိတ်ညစ်နေတုန်း… ရုတ်တရက် မိုးကြိုးပစ်သလို သတင်းတစ်ခု ကြားရပါလေရော။
ကျွန်မက Honours ကျောင်းသူ မဟုတ်တော့ဘူးတဲ့🙀။ တစ်နှစ်ကျသွားလို့ အခုနေ ကျောင်းပြန်တက်ရင်တောင် ရိုးရိုးဘွဲ့ပဲ ရတော့မယ်တဲ့🙀။
အာဏာသိမ်းပြီးကတည်းက ကျောင်းသူကျောင်းသား အတော်များများဟာ စစ်တပ်ကဖွင့်တဲ့ တက္ကသိုလ်တွေမှာ သွားမတက်ဘဲ သပိတ်မှောက်ကြပါတယ်။ သူတို့ အုပ်ချုပ်တာကို လက်မခံဘူးပေါ့။ သူတို့ကို ပြန်တိုက်ဖို့ တောထဲဝင်သွားတဲ့ ကျွန်မတို့ သူငယ်ချင်းတွေ၊ ဆန္ဒပြလို့၊ ထောက်ပံ့လို့ ဆိုတဲ့အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးခံရ ထောင်ထဲရောက်နေရတဲ့ ကျွန်မတို့ သူငယ်ချင်းတွေ၊ စစ်ကြောရေးမှာ သေဆုံးသွားရတဲ့ သူငယ်ချင်းတွေအတွက် ကျွန်မတို့ဘက်က လုပ်ပေးနိုင်တာလည်း ဒါပဲရှိတယ်လေ. . . ဒီတော်လှန်ရေးကို ယုံကြည်လို့ စွန့်လွှတ်ထားတဲ့သူတွေ ရှိပါရက်နဲ့ ကျွန်မတို့က စစ်ကောင်စီဖွင့်တဲ့ကျောင်းတက်၊ သူတို့ဖြန့်တဲ့ ဝါဒကို နားထောင်၊ ပြီးတော့ သူတို့လက်အောက်မှာ အလုပ်လုပ်တော့ ကောင်းပါဦးမလား…
အဲဒါကြောင့် ကျွန်မလည်း သူတို့ ကျောင်းပြန်ဖွင့်ပေမဲ့ မတက်ပါဘူး။ မတက်တော့ ဘာဖြစ်လဲဆိုတော့ တစ်နှစ်ကျအဖြစ်သတ်မှတ်ပြီး ကျွန်မအရင်ဝင်ခွင့်ရထားတဲ့ Honours degreeကနေ ပြုတ်လို့ ရိုးရိုးကျောင်းသူ ဖြစ်သွားတာပေါ့ (နှမျောလိုက်တာ)။ သတင်းကြားကြားချင်းတော့ ထိုင်ငိုမိပါတယ်။ ငါ့ဘဝတော့ သွားပါပြီပေါ့။ ကျွန်မက ဒီက ဘွဲ့ရပြီးရင် ဆရာမပြန်လုပ်ရင်လုပ်၊ ဒါမှမဟုတ် Ph.D. အထိ ဆက်ယူပြီး သုတေသနပဲ ဆက်လုပ်ရင်လုပ်ပေါ့... အခုတော့ မရတော့ပါဘူး။ စကစရှိနေသရွေ့ ကျောင်းပြန်တက်မှာမဟုတ်တော့ ကျွန်မတစ်ယောက် ဘွဲ့မရအဖြစ် ခံယူလိုက်ဖို့ပဲ ရှိပါတော့တယ်။ ဒါပေမဲ့ နောက်ပိုင်း စားဝတ်နေရေးအတွက် ဘယ်လိုလုပ်မလဲ…ဒီက အလုပ်အများစုက ဘွဲ့ရမှ လက်ခံကြတာကလား။ အခု စာသင်နေတာကလည်း နောက်ထပ်ကျောင်းသားတွေ ထပ်ရမယ်လို့ အာမမခံနိုင်ဘူး။ ပြီးတော့ ကျွန်မက သက်မွေးပညာရပ်တွေနဲ့ မရင်းနှီးဘူး။ အခု စက်ချုပ်တယ်၊ ချည်ထိုးတယ်ဆိုတာလည်း အားတဲ့အချိန်မှာ အပျော်လုပ်တာလေ…
နောက်တော့လည်း တွေးမိပါတယ်။ ဪ... ငါ့နှယ် ဒီနိုင်ငံမှာ ဘွဲ့မရလည်း ဘာဖြစ်လဲ။ တခြားနိုင်ငံက ဘွဲ့ယူမှာပေါ့။
အဲဒါကလည်း ထင်သလောက် မလွယ်ပါဘူး။ ဒီနိုင်ငံက အထက်တန်းကျောင်းအောင်လက်မှတ်ကို နိုင်ငံအတော်များများက လက်မခံကြဘူး၊ အဲဒီတော့ သူတို့လက်ခံတဲ့ စာမေးပွဲတွေ ဖြေရဦးမယ်၊ ဖြေဖို့ စရိတ်က စုရဦးမယ်၊ ကျောင်းဝင်ခွင့်ရပြန်တော့လည်း ကျောင်းစရိတ်က မတတ်နိုင်ပြန်ဘူး အဲဒီ့အတွက် scholarshipဖြစ်ဖြစ် လျှောက်ဖို့က လုံးပန်းရဦးမယ်။ အဲ.. scholarshipကလည်း Bachelor's degreeအတွက် ရှားပြီး Mastersအတွက် အခွင့်အရေးပိုများလေတော့ ကျွန်မအသိအချို့က ဒီမှာ ဘွဲ့ရအောင် ကျောင်းပြန်တက်ကြရော။ ကျွန်မက တက်မှာမဟုတ်တော့ အပ်ပေါက်ထဲပဲ မရရအောင် တိုးဝင်ရတော့မှာပဲ။ ဝင်ခွင့်ရသွားရင်တောင် grade transferလုပ်မရဘဲ အစက ပြန်တက်ချင် တက်နေရမှာ (ကျွန်မက ဒီမှာ ဘွဲ့ရဖို့က တစ်နှစ်ခွဲပဲ လိုတော့တာလေ) အမလေး စဉ်းစားကြည့်ရုံနဲ့တင် အတော်မောပါတယ်။
ဒါပေမဲ့လည်း မတတ်နိုင်ဘူး။ ကျွန်မမှာ ပြန်လမ်းမှ မရှိတော့တာပဲလေ 🤷🏻♀️
Comments
Post a Comment