Featured post
- Get link
- X
- Other Apps
ဒီနေ့ကတော့ မြန်မာသင်္ကြန်ကာလပြီးလို့ နှစ်ဆန်း ၂ရက်တောင် ရောက်နေပါပြီ။ မြန်မာနှစ်သစ်ကူးပြီပေါ့။ ဒီနှစ်သင်္ကြန်မှာ စကစအုပ်စုနဲ့ ကလေးတွေကလွဲလို့ ဘယ်သူမှ ရေမဆော့ကြပါဘူး။ ထွက်ပြေးနေရသူတွေ၊ အိမ်တွေဆုံးရှုံးလို့ စစ်ဘေးရှောင်နေရသူတွေ၊ တောထဲရောက်နေတဲ့ ကျွန်မတို့ သူငယ်ချင်းတွေအကြောင်းတွေးရင်း အိမ်မှာပဲ တိတ်တိတ်လေးနေဖြစ်ပါတယ်။ ကလေးတွေကတော့ ဒီအကြောင်းတွေ မတွေးလည်း ရတယ်လေလို့ သဘောထားပြီး ရေပေးဆော့ကြပါတယ်။ စကစအုပ်စုကလည်း သင်္ကြန်မဏ္ဍပ်တွေလုပ်လို့ ပွဲတွေ ကျင်းပပါတယ်။ ဒါပေမဲ့ သူတို့မဏ္ဍပ်ကို ဘယ်သူမှ မလာလို့ နေ့စားတွေကို ငှားထားရတယ်လို့ ကြားပါတယ်။ မီးလည်း ၂၄နာရီမှန်မှန်ပေးပါတယ်။ ကျွန်မတို့ သင်တန်းတွေလည်း ပိတ်ထားပါတယ်။ အဲဒီတော့ အားအားယားယားနဲ့ mangaတွေပဲ လှိမ့်ဖတ်နေမိပါတယ်။
သင်္ကြန်နဲ့ ခွဲမရတာကတော့ သင်္ကြန်မိုးနဲ့ပိတောက်ပါပဲ။ ဒီကာလမှာ မိုးရိပ်မိုးသားတွေ တက်လာပေမဲ့လည်း မိုးကတော့ တစ်ပေါက်မှတောင် မကျလာပါဘူး။ အဲဒီတော့ ပူတာကတော့ ခြစ်ခြစ်တောက်ပါပဲ။ မိုးမရွာတော့ ပိတောက်မပွင့်မှာကို စိတ်ပူကြပြန်ပါတယ်။ ကျွန်မတို့မိသားစုကတော့ ဗမာတွေပဲ မဟုတ်လို့လားမသိ... ဘာမှ သိပ်မခံစားရပါဘူး။ သူ့ဟာသူ ပွင့်ပွင့် မပွင့်ပွင့်🤷🏼♀️ ပွင့်လည်း တကူးတက ဝယ်မပန်သလို မပွင့်လည်း စိတ်မညစ်နေပါဘူး😅
ရခိုင်တွေမှာလည်း သင်္ကြန်ရှိပါတယ်။ အရင်နှစ်သင်္ကြန်တွေကတော့ သုဝဏ္ဏကွင်းမှာလားမသိ "ရခိုင်သင်္ကြန်"ဆိုပြီး ရန်ကုန်ရောက် ရခိုင်တွေအတွက် ပွဲသပ်သပ်လုပ်ပါတယ်။ အဲဒီမှာတော့ နံ့သာသွေးပွဲ၊ ဘုရားရေချိုးပွဲ၊ လောင်းလှေနဲ့ ရေပက်တာတွေ လုပ်ကြပါတယ်။ မုန့်လက်ဆောင်းတွေ ဘာတွေလည်း စားရတာပေါ့။
ဗမာမုန့်လက်ဆောင်းကတော့ ဆွမ်းမွှေးရွက်နဲ့လုပ်တဲ့ မုန့်လက်ဆောင်းဖတ် (အခုကတော့ ဆိုးဆေးထည့်ကြပါတယ်) မှာ အုန်းနို့နည်းနည်းထည့်၊ နွားနို့ထည့်ပြီး စားကြတာပါ။ ရခိုင်မုန့်လက်ဆောင်းကတော့ ထန်းလျက်ရည်နဲ့ စားပါတယ်။
အခုတော့ နှစ်သစ်ကူးတာလည်း ပြီးပါပြီ။ မီးကလည်း ၄နာရီခြား ပြန်ပြတ်နေပါပြီ။ သင်တန်းတွေလည်း ပြန်စနေပါပြီ။ နှစ်သစ်မှာ သတင်းကောင်းတွေ ပြောစရာ ရှိပါတယ်။ ပထမတစ်ခုက ကျွန်မသူငယ်ချင်းနဲ့ကျွန်မ ၂ယောက်သား လုပ်ထားကြတဲ့ blogကို launchလုပ်ထားပါပြီ။ နောက်တစ်ခုက ကျွန်မရဲ့ professional portfolioတစ်ခုလည်း လုပ်ထားပါပြီ။ အခု သင်တန်း၂ခုတက်နေသေးတာဆိုတော့ deadlineနီးမှ အိမ်စာတွေထပ်တဲ့ ကျောင်းသူမဟုတ်ဘဲ စာကြိုးစားတဲ့ ကျောင်းသူကောင်းလေးလည်း လုပ်ချင်ပါသေးတယ်။ ဒါပြီးရင်တော့ အခုအလုပ်ထက်ပိုကောင်းတဲ့ အလုပ်တစ်ခုရပါစေလို့ မျှော်လင့်ရတာပါပဲ။
သတင်းဆိုးကတော့ အဲဒါတွေကို နည်းနည်း အချိန်ပိုပေးချင်တဲ့အတွက် ဒီမှာ အရင်ကလောက် activeဖြစ်တော့မှာ မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် မင်္ဂလာနှစ်သစ်ပါ။
My new blog ➡ https://tamalarhemuwa.wordpress.com/
My portfolio ➡ https://einkyiphyu24.wordpress.com/
Comments
နှစ်သစ်မှာပျော်ရွှင်ကျန်းမာပါစေ။
ReplyDeleteblog အသစ်ကို launch လုပ်ထားတာအတွက် ဂုဏ်ယူပါတယ်
အဲဒါကို ဖတ်ဖို့မျှော်လင့်နေပါတယ်။