Featured post

အခေါ်အဝေါ်

Note: ဒါကို ခေါင်းစဉ်ပေးထားပြီး ဘာရေးရမှန်းမသိတာကြောင့် ဟိုရွှေ့ဒီရွှေ့ အချိန်ဆွဲနေမိပါတယ်။ အခုတော့ တစ်ခုခုကို ဖမ်းမိလို့ ရေးစရာတော့ ရပါပြီ။ ဒီမှာ အခေါ်အဝေါ်ဆိုတာ နာမည်တွေအကြောင်းပြောချင်တာ ဖြစ်ပါတယ်။ လူတွေကို ပေးတဲ့နာမည်ပဲဖြစ်ဖြစ် ပစ္စည်းတွေကိုပဲ ပေးတဲ့ နာမည်ပဲဖြစ်ဖြစ် တစ်စုံတစ်ခုကို ကင်ပွန်းတပ်ခေါ်လိုက်ပြီဆိုတာနဲ့ အခေါ်အဝေါ်လို့ ယူဆထားပါတယ်။

သူငယ်ချင်းနှစ်ယောက်ကြားက ဆက်ဆံရေးတစ်ခုဟာ ရှမ်းခေါက်ဆွဲတစ်ပွဲကြောင့် ကမောက်ကမဖြစ်သွားရတယ်ဆို ရှင်ယုံမလား။ အဲဒါတောင် စားလို့ရတဲ့ အကောင်အထည်ရှိတဲ့ အနံ့မွှေးမွှေး ရှမ်းခေါက်ဆွဲမဟုတ်ဘဲ ရှမ်းခေါက်ဆွဲကို ခေါ်ဝေါ်တဲ့ အသုံးအနှုန်းလေးတစ်ခုကြောင့် ဆိုရင်ရော? "အယ်.. အယ် ဘာကြောင့်လဲ ဘယ်လိုလဲ" လို့မေးချင်မိပါလိမ့်မယ်၊ "ဟုတ်လို့လား" လို့မယုံသင်္ကာလည်း ဖြစ်ချင် ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒါက အမှန်ပါပဲ။ (တကယ်တော့ အမှန်မဟုတ်ပါဘူး၊ ဒါပေမဲ့ ဖတ်လို့ကောင်းအောင် အမှန်လို့ပဲ ယူဆလိုက်ကြပါစို့)

ကျွန်မက ရှမ်းခေါက်ဆွဲစားချင်တယ်ဆိုတော့ သူက မေးတယ်၊ "ရှမ်းလား ဆန်စီးလား"တဲ့။ ကျွန်မခေါင်းထဲမှာ မီးပန်းတွေ ပွင့်သွားတယ်။ ရှမ်းခေါက်ဆွဲကတော့ ဟုတ်ပါပြီ၊ ဆန်စီးဆိုတာက ဘာကြီးလဲ? "ဘာကွာလို့လဲ"လို့ ပြန်မေးတော့ သူက facebookမှာ ရေးထားတဲ့ postတစ်ခုကို လာပြတယ်။ အဲဒီ့postမှာ "ရေစိမ်ခေါက်ဆွဲကို ရှမ်းခေါက်ဆွဲလို့ ဘယ်သူဂျင်းထည့်လိုက်တာလဲ"ဆိုပြီး ရေးထားတာတွေ့တော့ ပိုအကျပ်ရိုက်သွားပါတယ်။ ရေစိမ်ခေါက်ဆွဲဆိုတာကရော ဘာကြီးတုံး😐။ သူ့ကို ထပ်မေးလို့လည်း မဖြစ်တော့ ကိုယ့်ဟာကိုယ် ရှာဖတ်မိပါတယ်။ အဲဒီမှာ "ဆန်ဖွယ်"ဆိုတာ တစ်လုံးကို ထပ်တွေ့လိုက်ရတော့ ပိုဆိုး။ ကျွန်မ စားဖူးတဲ့ရှမ်းခေါက်ဆွဲက ဆန်ခေါက်ဆွဲပြုတ်ထားတာမှာ ကြက်သားချက်ထားတာထည့်၊ ခရမ်းချဉ်သီးအနှစ်ထည့်၊ ငံပြာရည်ဘာညာ ထည့်ပြီး ကြက်သွန်မြိတ်နဲ့ မြေပဲထောင်းဖြူးလိုက်တဲ့ ဗားရှင်းတစ်မျိုးတည်းပဲလေ။ သူ့ဟာက ဘယ်နှမျိုးတောင် ထပ်ကွဲကြတာလဲ🤯🤯

အဲလိုနဲ့ နောက်အတော်အတန်ကြာတော့ ကျွန်မက ရှမ်းခေါက်ဆွဲစားချင်တယ်လို့ ပြောမိပြန်ပါတယ်။ သူကလည်း ဆန်စီးလား ရေစိမ်လားလို့ မေးပြန်ပါတယ်။ ကျွန်မကလည်း အဲဒီ့နှစ်ခု ဘာကွာလဲ မသိကြောင်း၊ ဆိုင်မှာ ဘာမှာမှာ တစ်မျိုးတည်းပဲ ချပေးကြောင်းရှင်းပြတော့ သူက "ဆိုင်ပြောင်းစားလေ" တစ်ခွန်းပြောပြီး ပျောက်သွားပါတော့တယ်။ ကျွန်မကတော့ "အိုကွာ… ရှမ်းခေါက်ဆွဲဆိုတာကြောင့်"ဆိုပြီး ဆန့်တငင်ငင်နဲ့ ကျန်ခဲ့ရပါတော့တယ်။ 

ဘယ်အရာတွေကို ဘယ်လိုတွေခေါ်ကြသလဲ။ ကျွန်မတို့က ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတွေကို ရည်ညွှန်းရလွယ်ကူအောင် နာမည်တွေ ပေးထားလေ့ရှိပါတယ်။ ဥပမာ - စားပွဲခုံ၊ ရှမ်းခေါက်ဆွဲ၊ ကွန်ပျူတာ။ အဲဒီ့နာမည်တွေက နေရာအရပ်ဒေသနဲ့လိုက်ပြီး ပြောင်းလဲတတ်တော့ သူတို့ကို အခေါ်အဝေါ်ဆိုပြီး ခေါင်းစဉ်တပ်လိုက်ကြပါတော့တယ်။ အဲ.. ပြီးတော့ ဘယ်ဒေသမှာဖြင့် ဘယ်လိုခေါ်တယ်ဆိုပြီး ကွဲပြားပုံတွေကို စာရင်းပြုစုကြ၊ ဘာသာစကားအဘိဓာန်ထဲမှာ ထည့်ကြ လုပ်တာပေါ့။ ပစ္စည်းတစ်ခုကိုပဲ တစ်ယောက်က တစ်မျိုးခေါ်တဲ့ဟာကို နောက်တစ်ယောက်က နားမလည်တဲ့အခါ အပေါ်ကလို ဖြစ်ရပ်မျိုးတွေ ဖြစ်လာတော့တာပါပဲ။ 

ပြီးတော့ သူတို့က အများညီ ဤကိုကျွဲဖတ် ဆိုသလို အများခေါ်တာက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အတည်ဖြစ်သွားကြတာပဲ။ ဥပမာ vinyl ကို ဗမာလို ဗီနိုင်းလို့ ခေါ်ကြပါတယ်။ ကျွန်မလည်း ဗီနိုင်းလို့ပဲ မှတ်ထားတာပေါ့။ နောက်ကျမှ ဗီနိုင်းဆိုတာ မှားကြောင်း၊ ဗိုင်နော်လို့ပဲ ခေါ်ရမှာ ဖြစ်ကြောင်း သိလာတော့ လူကြားထဲ ဗိုင်နော်ခေါ်မိတဲ့အခါ ကျွန်မကို ဂြိုဟ်သားတစ်ယောက်ကို ကြည့်သလို ပြူးပြဲကြည့်ကြပါတယ်။ ပြီးတော့ မေးလိုက်သေး "ဪ.. ဗီနိုင်းကို ပြောတာလား" တဲ့။ အဲဒီကတည်းကစလို့ အသံထွက် မှန်တာ မမှန်တာတွေ အသုံး မှန်တာ မမှန်တာတွေ ဂရုစိုက်မနေတော့ဘဲ အများခေါ်ရာ လိုက်ခေါ်လိုက်တော့တာပဲ။ memeကို မီးမ်လို့ ထွက်တဲ့သူကြားမှာ မီးမ်လို့ ထွက်၊ မီမီလို့ ထွက်တဲ့သူတွေနဲ့တွေ့ရင် မီမီလို့ ပြော.. အဲလိုပဲ နေလိုက်ပါတော့တယ်။ 

ကျွန်မတို့က ပစ္စည်းတွေကိုပဲနာမည်ပေးကြတာ မဟုတ်ပါဘူး။ လူတွေကိုလည်း နာမည်ပေးကြပါတယ်။ မိဘတွေက ကလေးကိုပေးတဲ့ တရားဝင်မှတ်ပုံတင်ထားတဲ့ နာမည်(ကျောင်းမှာ စာရင်းသွင်းရတာမို့ ကျောင်းနာမည်လို့လည်း ခေါ်)၊ အိမ်မှာ ချစ်စနိုးနဲ့ ခေါ်တဲ့နာမည်၊ သူငယ်ချင်းတွေက နောက်ပြီးပေးထားတဲ့နာမည်၊ bullyတွေက လှောင်ခေါ်တဲ့နာမည် စသည်ဖြင့် လူတစ်ယောက်တည်းမှာ နာမည်အမျိုးမျိုးရှိနိုင်ပါတယ်။ ဒီကလူတွေမှာဆို အင်္ဂလိပ်နာမည်ဆိုပြီးတောင် ရှိပါသေးတယ်။ အဲဒီ့နာမည်တွေနောက်မှာတော့ စိတ်ခံစားချက်တွေ ကပ်ပါလာပါတယ်။ ဥပမာ အိမ်ကအမေက ချစ်စနိုးခေါ်ရမဲ့နာမည်မခေါ်ဘဲ ကျောင်းနာမည်ကို အသံမာမာနဲ့ ခေါ်ပြီဆို "အမေရိုက်တော့မယ်ထင်တယ်"ဆိုပြီး ကြောက်သွားတာမျိုး၊ အဲ.. လူတွေမှာတော့ နာမည်တွေအပြင် သူတို့ကို လေးစားသမှုနဲ့ ခေါ်ရတဲ့ အခေါ်တွေလည်း ရှိပါတယ်။ ဥပမာ - အမေ၊ အန်တီ၊ အဘ၊ အဘွား စသည်ဖြင့်ပေါ့။ ဒီအခေါ်တွေကလည်း လူနဲ့အခြေအနေကို ကြည့်ပြီးခေါ်မှ တန်ကာကျပါတယ်။ ဥပမာ အဘွားတစ်ယောက်ကိုတွေ့ရင် သူ့နာမည်ကို တန်းခေါ်လို့ မရဘူး၊ခေါ်ရင် ရိုင်းတယ်အပြောခံရမှာဖြစ်ပေမဲ့ ကျွန်မအဘွားလေးလိုမျိုး နုပျိုချင်တဲ့သူကို အဘွားလို့ သွားခေါ်မိလို့ကတော့ အဘပြန်ခေါ်ခံထိမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်ကျောင်းက ဆရာမကို "ဆရာမ" ခေါ်လို့မရဘဲ "တီချယ်"လို့ ခေါ်ရမှာ ဖြစ်သလို ဂျပန်ဆရာမကို "တီချယ်"သွားခေါ်ရင် သူက လှည့်ကြည့်မှာ မဟုတ်ပါဘူး။ 

ဘုရားကတော့ နာမည်ပညတ်တွေဟာ တကယ်မရှိတာကြောင့် သူတို့ကို တွယ်တာစိတ်မထားဖို့ ဟောခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျွန်မတို့က တွယ်တာမိကြတာပဲ။ အဲဒီအခါ ကို့လို့ကန့်လန့်နဲ့ ဒုက္ခရောက်ကြရပါတယ်။ အရင်တလောက ကျွန်မတို့အိမ်ပြင်ရင်း ဘုရားစင်ပါ အသစ်လဲပါတယ်။ အသစ်လဲတော့ အဟောင်းကို ဖယ်ရတော့တာပေါ့။ ဘုရားစင်က အတော့်ကို ဟောင်းနွမ်းနေပြီး အပြင်က ကပ်ထားတဲ့ အလှတွေလည်း ကွာနေတော့ ပြန်ရောင်းဖိုလည်း မဖြစ်နိုင်၊ တိုက်အောက်မှာ ချထားပြန်ရင်လည်း ဘုရားစင်ဆိုတော့ ဘယ်သူမှ ယူမှာ မဟုတ်သလို အမှိုက်ကားကလည်း သယ်သွားမှာ မဟုတ်ဘူး။ အဲဒီတော့ လက်သမားဆရာကို ခေါ်၊ အောက်ကအပိုင်းလေးကို ပြန်ပြင်ပြီး ဗီရိုအသေးလေးလုပ်၊ အပေါ်ပိုင်းက ပိုနေတော့ လက်သမားဆရာကို ယူသွားပါလားလို့ပေးမိပါတယ်။ သူတို့အိမ်မှာ လိုတာရှိရင်လည်း သုံးလို့ရတာပေါ့.. ဆိုတော့ သူကမယူရဲဘူးတဲ့၊ ဘုရားရင်ဆိုတာ ဘုရားပဲ တင်ရမှာ၊ တခြားနေရာမှာ သုံးရင် ငရဲကြီးမှာပေါ့တဲ့။ အဲလိုနဲ့ ကျွန်မတို့ အိမ်မှာ သုံးလို့လည်း မရ၊ ပစ်လို့လည်း မရနဲ့ ကန့်လန့်ကန့်လန့်ကြီးတစ်ခု ပိုနေပါတော့တယ်။ 

ဒါတွေကြောင့် အခေါ်အဝေါ်ပညတ်တွေ မရှိရင်ကောင်းမယ်လို့များ အတွေးပေါက်သွားပါသလား။ ဒါတွေ မရှိရင်ရော ဘယ်လိုဖြစ်သွားမလဲ?🤔🤔

ကျွန်မတို့က ပစ္စည်းတစ်ခုခု မတွေ့လို့ ဘယ်နားမှာ မြင်လိုက်လဲလို့ အဘောင်မကို မေးရင် သူက "ယင်းနေရာ" ဆိုပြီး ညွှန်ပါတယ်။ သူက "ယင်းနေရာ"လို့ ပြော၊ ကျွန်မတို့က ကိုယ်ထင်တဲ့နေရာမှာ သွားရှာ၊ မတွေ့၊ အဲဒီတော့ "မတွေ့ဘူးလို့ ပြော"၊ သူက "ယင်းနေရာမှာ ရှိတယ်လေ၊ ဘယ်မှာ ရှာနေတာလဲ ယင်းနေရာမှာ ရှာရမှာ"လို့ ပြန်ပြော၊ "ယင်းနေရာဆိုတာ ဘယ်နေရာလဲ"ပြန်မေးရင်း ရန်ထဖြစ်။ အဲ.. အဲလိုနဲ့ ပစ္စည်းတစ်ခု မတွေ့လို့ ရှာတာကနေ ရန်ဖြစ်ငိုယိုပြီး အဆုံးသတ်ရပါတယ်။ ဒါက တစ်ခါနှစ်ခါ မကပါဘူး။ အဲဒါ ဘာဖြစ်လို့လဲ? သူက စားပွဲပေါ်မှာ၊ ထိုင်ခုံပေါ်မှာ စသည်ဖြင့် တိတိကျကျ မညွှန်ဘဲ "ယင်းနေရာ ယင်းနေရာ"လို့ပဲ ချနေတော့တာကိုး။ ယင်းနေရာဆိုတာ ဘယ်နေရာမဆို ဖြစ်နိုင်တယ်လေ... ထမင်းစားစားပွဲလား အိမ်ရှေ့ဧည့်ခန်းက စားပွဲလေးလား တံခါးနားက ဖိနပ်စင်လား ဒါမှမဟုတ် ကမ္ဘာကြီးရဲ့ ဟိုးအပြင်ဘက်လား... တစ်စုံတစ်ခုကို သတ်သတ်မှတ်မှတ်စွဲခေါ်တဲ့ နာမည်တွေမရှိရင် လူတွေဟာ ယင်းသူ၊ ထိုသူ၊ ဒီသူ ဘဝက လွတ်ကြတော့မှာမဟုတ်သလို ပစ္စည်းတွေကလည်း ဟိုဟာ၊ ဒီဟာပဲ ဖြစ်နေကြမှာပါ။ ပြောချင်တာက အခေါ်အဝေါ်တွေက မရှိမဖြစ်ပါပဲ။ 

စော​စောက ဘုရားစင်ဇာတ်လမ်းအကြောင်း ပြန်ဆက်ရရင်  ကျွန်မတို့လည်း ကြံရာမရေတာ့တာနဲ့ ဘုရားစင်ပုံမပေါ်တော့အောင် တွဲဆက်ထားတာတွေဖြုတ်ပစ်၊ အပတ်တွေ ခွာပစ်လုပ်ပြီး အောက်နားချထားတော့မှ လူတွေက "ဪ.. သစ်သားပံုကြီး ပြန်ရောင်းစားရင် ရတယ်"ဆိုပြီး ယူသွားကြပါတော့တယ်။ ပြောချင်တာက နာမည်တွေကတော့ မရှိလို့မရပေမဲ့ နာမည်ပြောင်းသွားအောင်တော့ လုပ်လို့ ရပါတယ်ပေါ့။ 

ဒါပေမဲ့ သူတို့ကြောင့် အခက်တွေ့နေပြီဆို ဘယ်လိုလုပ်ကြမလဲ။ ကျွန်မတို့ ညှိယူကြမယ်၊ နားထောင်ပေးကြမယ်၊ လက်ခံကြမယ်၊ နောက်ဆုံး မရရင် ဘုရားစင်ကို သစ်သားပုံကြီးအဖြစ် ပြောင်းသလို ပုံစံပြောင်းပစ်ကြပါမယ်။ 

ဒါပါပဲ။

ရှင်တို့ကရော ဘာပြောစရာတွေ ရှိကြသေးလဲ

Comments