Featured post
- Get link
- X
- Other Apps
မနေ့က ဖေဖော်ဝါရီလ ၁၄ရက် ဖြစ်ပါတယ်။ အများသိကြတဲ့ ချစ်သူများနေ့ပေါ့။ ချောကလက်တွေ၊ အမွေးပွရုပ်တွေနဲ့ ပန်းစည်းတွေ အင်မတန်ရောင်းရတဲ့ နေ့တစ်နေ့ပါ။
ကျွန်မသူငယ်ချင်းတွေထဲမှာ ပန်းစည်းအော်ဒါတွေပြည့်နေကြောင်း ပြောတဲ့သူက ပြော (သူက ပန်းစည်းရောင်းတာပါ)၊ "အချစ်ကလေးနဲ့ အတူရှိရတာ အရမ်းကံကောင်းတယ်" ဆိုပြီး ဓာတ်ပုံတွေ ရိုက်တင်သူက တင် (အဲဒါကတော့ ခပ်များများ)၊ နောက် ရန်ဖြစ်ပြီး ဘယ်သူလွန်လဲ မဲခွဲခိုင်းတာက ရှိသေး… အမျိုးမျိုးပါပဲ။ တချို့တွေကတော့ "သူများအတွဲတွေ ထိုင်ကြည့်နေရတာကတော့ ငါပါပဲ" ဆိုပြီး တင်ကြပါတယ်။ ကျွန်မကတော့ သူတို့ကိုပဲ အားကျနေပါတယ်။ (တစ်ခါတလေတော့ ရည်းစားကလေး တစ်ယောက်ရှိရင် အကောင်းသားလို့ တွေးမိပါတယ်။ အခုအချိန်မှာ ကျွန်မကို တမ်းတမ်းစွဲ ချစ်နေသူတစ်ဦးက ကျွန်မ စာသင်ပေးနေရတဲ့ မူကြိုကလေးမကလေးဖြစ်နေလို့ ရယ်ရအခက် ငိုရအခက် ဖြစ်နေပါတယ်။ နေ့တိုင်း ဖုန်းဆက်ပြီး "တီချယ်နဲ့ ဒီနေ့ စာသင်ရမလား" ဆိုပြီးမေးပါတယ်။ 🤦🏼♀️ဪ... ဒုက္ခ လိုတာမရ ရတာမလိုဆိုတာ အမှန်ပါပဲ)
ကျွန်မတို့အိမ်ကရော ဘာလုပ်ကြသလဲ။ ညီမတော်ကတော့ ချောကလက် ဝယ်စားပါတယ်။ ပြီးတော့ အသည်းပုံကွတ်ကီးလေးတွေလည်း ဖုတ်လိုက်ပါသေးတယ်။ (သူ့ရဲ့ ကွတ်ကီးတွေကို ဒီကနေ မှာယူနိုင်ပါတယ်) ကျွန်မကတော့ နှာရည်တောက်တောက်ကျလို့ နေမကောင်းဖြစ်နေပါတယ်။ အိမ်က အဘွားနဲ့အမေကတော့ "နင်က ငါအားဆေးသောက်ခိုင်းတာမှ မသောက်ဘဲ"ဆိုပြီး ဆူနေပါတယ်။ (အမှန်ကတော့ အစာကိုသာ ပြည့်ဝအောင်စားရင် အားဆေးဆိုတာမျိုးက မလိုဘူးလို့ ထင်ပါတယ်။ သူတို့ပဲ ထမင်းတစ်ပန်းကန်ကို ဟင်းနည်းနည်းကလေးနဲ့ စားခိုင်းပြီး အားဆေးကျတော့ အတင်းသောက်ခိုင်းနေတာ အံ့ဩစရာပါပဲ)
ဒီနေ့တော့ facebookမှာ လွန်ခဲ့တဲ့ ၂နှစ်က တင်ခဲ့တာတွေ ပြန်ပေါ်လာလို့ ကျွန်မ စိတ်ညစ်နေပါတယ်။ (အဲဒီတုန်းက dateသွားပြီး အသံဝင်သွားလို့ "ဒီလိုလူနဲ့ ရှေ့ဆက်ရင် မဖြစ်ဘူး"လို့ အသည်းအသန် အဆက်အသွယ်ဖြတ်ပစ်ခဲ့တာကို နည်းနည်းနောင်တရနေပါတယ်) ထားပါတော့။
ဒီနေ့က တပို့တွဲလပြည့်နေ့ပါ။ "တပို့တွဲလ ထမနဲပွဲ"ဆိုသလို ထမနဲတွေက အရောင်းအဝယ်သွက်နေပါတယ်။ (ဒါတောင် ကျွန်မစာသင်ပေးနေတဲ့ ကလေးလေးက ထမနဲကို မမြင်ဖူးဘူးဆိုလို့ အံ့ဩနေရပါတယ်) ထမနဲဆိုတာ ကောက်ညှင်းကို ဆီ၊ အုန်းသီးကြော်၊ နှမ်း၊ မြေပဲ၊ ချင်း တို့နဲ့ ရောပြီး ကြော်ချက်ချက်ထားတဲ့ စားစရာဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေကို တစ်ချက်ကြည့်လိုက်တာနဲ့ ဒီစားစရာက ဘယ်လောက် အီနေမလဲဆိုတာ ခန့်မှန်းသိနိုင်ပါတယ်။(ဒါပေမဲ့ ကျွန်မကတော့ စားနေကျမို့လို့လားမသိ တော်တော်စားကောင်းတယ်လို့ ခံစားမိပါတယ်) မြူတွေဆိုင်းလို့ အေးခဲ့ချမ်းခဲ့ရတဲ့ တစ်ချိန်က ဆောင်းရာသီကို ပြန်ပြီး တမ်းတမိစေပါတယ်။ (အခုကတော့ ပူလို့ အိုက်လို့ ၂၀℃ အောက်ကျတာနဲ့ "အေးတယ်နော်"လို့ ပြောနေရပါတယ်။ အပူချိန်က အမြဲတမ်းလိုလို ၃၀အထက်မှာပဲ ရှိနေတာကိုး)
အိုခေ. . . ကျွန်မကတော့ ပြောလို့ပြီးပြီ။ ရှင်တို့ကရော VDayမှာ ဘာလုပ်ကြလဲဆိုတာ ပြောသွားချင်ကြလား။
စာကြွင်း : ထမနဲက ဘယ်လိုအရသာလဲ သိချင်ရင် ဒီနည်းနဲ့ ကိုယ်တိုင်ထိုးစားနိုင်ပါတယ်။
Comments
Post a Comment