Featured post

ဟိုး အနောက်ဘက်ကမ်းခြေ



တလောက ကျောက်ဖြူက အဘွားလေးတစ်ယောက် ရန်ကုန်ရောက်လာပါတယ်။ သူက နားမကြားပေမဲ့ အတော်ကို independentဖြစ်လို့ ကျွန်မ အလွန်အားကျနေရသူပါ။ သူက အခု ကျောက်ဖြူမြို့မှာ အိမ်ဆောက်လို့ တစ်ယောက်တည်း နေပါတယ်။ ရန်ကုန်လာလို့ smartphone တစ်လုံးဝယ်ပြီး အင်တာနက်သုံးနည်း၊ စာပို့နည်း၊ ဖုန်းခေါ်နည်း၊ social mediaသုံးနည်းတွေကို ကျွန်မဆီက စိတ်ပါလက်ပါ သင်ယူပါတယ်။ အဲလိုနဲ့ ပြန်ခါနီးကျတော့ စစ်ဘေးဒဏ်ကြောင့် ကျွန်မသူငယ်ချင်းတွေ ရန်ကုန်မှာ သိပ်မရှိတော့ကြောင်း၊ တချို့ကတော့ နိုင်ငံခြားပြေးကြပြီး အချို့ကတော့ ကရင်တို့ ကချင်တို့ရဲ့ လွတ်မြောက်နယ်မြေတွေဆီရောက်နေကြပြီဖြစ်ကြောင်း ပြောရင်း သူကလည်း ဒီမှာ မဟန်ရင် ကျောက်ဖြူကို လာပါလားလို့ ဖိတ်ခေါ်ပါတယ်။ (ရခိုင်ပြည်နယ်က ဘာပဲပြောပြော Arkan Armyရဲ့ လက်အောက်ရောက်နေပြီလို့လည်း ပြောလို့ရတယ်ဆိုတော့လေ။ တကယ်လို့ ဒီမှာ မအလကို တော်လှန်တာ မနိုင်ခဲ့ရင် AAကလည်း ကိုယ့်ပြည်နယ်ကိုယ်သိမ်းပြီး ကိုယ်လွတ်ရုန်းမှာပဲလို့ တွက်ထားကြတာကိုး) သူ့အိမ်က ပင်လယ်ကမ်းခြေနဲ့လည်း နီးတယ်တဲ့၊ အဲဒီမှာ ငါးတွေ ပုစွန်တွေလည်း လတ်ဆတ်တယ်တဲ့၊ လေရှူရတာလည်း အရမ်းကို အားရတယ်ဆိုပဲ။ 

ကျွန်မကသာ ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးလို့ ရန်ကုန်သူကြီး ဖြစ်နေပေမဲ့လည်း အခုအတူတူနေတဲ့ အမေနဲ့အဘောင်မတို့ကတော့ ဟိုး အနောက်ဘက်ကမ်းရိုးတန်းကြီးက လာကြသူတွေပါ။ အမေ့ကို ရခိုင်ပြည်နယ်ရဲ့ ရမ်းဗြဲကျွန်းထိပ်ကလေးမှာရှိတဲ့ ကျောက်ဖြူမြို့မှာမွေးလို့ အဲဒီမှာပဲ ကြီးပါတယ်။ (အဖီးမတို့ကတော့ မာန်အောင်ကျွန်းက လာပါတယ်) နောက် မာစတာဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှာ လာယူရင်းနဲ့ ဒီမှာပဲ အခြေချဖြစ်ကြတယ် ဆိုပါတော့။ အဲ.. ပြီးတော့ သူတို့နေခဲ့တဲ့အိမ်ကလည်း ပင်လယ်ကမ်းခြေနားမှာတဲ့။ အိမ်ကထွက်လို့ နည်းနည်းလမ်းလျှောက်လိုက်ရင် ကမ်းခြေရောက်ရော.. ဆိုတော့ ကမ်းခြေ ဘာညာဆို သူတို့က သိပ်ပြီး စိတ်မဝင်စားကြပါဘူး။ ကမ်းခြေကို တစ်ခါမှ မရောက်ဖူးတဲ့ (ရန်ကုန်မှာသာနေတယ်၊ ဘယ်မှလည်း မရောက်ဖူးတဲ့ တောသူမလေး) ကျွန်မတို့ ညီအစ်မနှစ်ယောက်ကပဲ အရမ်းသွားချင်၊ အရမ်းတက်ကြွ၊ အရမ်းကို စိတ်အားထက်သန်ကြပါတယ်။ 

ဟိုရောက်ရင် ကမ်းခြေမှာ ဖျာလေးခင်းလို့ picnicထွက်ကြမယ်၊ အုန်းရေသောက်မယ်၊ ပုစွန်ကင်တွေ တဝစားကြမယ်၊ ပင်လယ်ရေမှာ တဝစိမ်မယ်... စိတ်ကူးရတာတော့ တော်တော်အရသာ ရှိပါတယ်။ စိတ်ကူးယဉ်ပြီး သိပ်မကြာ လက်တွေ့ဘဝကို စဉ်းစားကြည့်ရင်တော့ သက်ပြင်းကြီးတစ်ချက် ချလိုက်တာပဲ တတ်နိုင်ပါတော့တယ်။ ဘာလို့လဲဆို ဟိုကို သွားဖို့ဆို ကားနဲ့သွားမလား လေယာဉ်နဲ့သွားမလား ဘာနဲ့သွားသွား လမ်းစရိတ်က အနည်းဆုံး ၂သိန်းတော့ ကုန်မှာပဲ၊ အခုက ကိုဗစ်ကာလဆိုတော့ ကားဂိတ်မှာ ဆေးထိုးပြီးကြောင်း၊ ပိုးမရှိကြောင်း ပြရမှာက တစ်မျိုး၊ သွားရင် အလုပ်တွေကို ဘယ်လို လုပ်ခဲ့မလဲ၊ ရပ်ထားခဲ့လို့ အဆင်ပြေမှာ မဟုတ်လောက်တော့ ဟိုကို သယ်သွားရဦးမှာ၊ သယ်သွားပြီပဲထား wifiရှိတဲ့နေရာကို ရှာရဦးမှာနဲ့ ဘာနဲ့ဆိုတော့ အင်း… တကယ့်ကို တိုင်းပြည်ပျက်မှပဲ ရောက်တော့မဲ့ကိန်း ဆိုက်နေပါပြီ။ 

အမလေး... ဟိုး အနောက်ဘက်ကမ်းခြေကြီးကို ဘယ်တော့များ ရောက်နိုင်ပါမလိမ့်နော်

Comments