Featured post

ခရမ်းချဥ်သီးဈေးတွေ တက်နေတယ်ဗျာ

  ဒါလေးကတော့ ခရမ်းချဉ်ပင်ပေါက်ကလေးပါ။ အရင် စိုက်ထားတဲ့ ရှမ်းနံနံတွေ၊ စံပယ်ပင်တွေ သေသွားပေမဲ့ အားမလျှော့ဘဲ မစိတ်တိုတစ်ယောက် အပင်စိုက်နေပြန်ပါပြီ။ ဘာဖြစ်လို့လဲ? ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းကို အံတုဖို့ပဲ ဖြစ်ပါတယ်။ 

အရင်နှစ်မိုးရာသီက စိုက်ခင်းရှိတဲ့နေရာတွေနဲ့ ရန်ကုန်ကြား ကားလမ်းတွေ ပိတ်တာကြောင့် အဲဒီဘက်ကထွက်တဲ့ ဂေါ်ဖီ၊ ပန်းပွင့်၊ ခရမ်းချဉ်သီး စတဲ့ အသီးအရွက်တွေ အကုန် ရှားပါးဈေးကြီးကုန်ပါတယ်။ ဒီမှာက လူနေထူထပ်မြို့ကြီးဖြစ်တဲ့အတွက် ရှိတဲ့သီးနှံစိုက်ခင်းတွေက မြို့က လူအကုန်လုံးကို ကျွေးဖို့ မလောက်ငှပါဘူး။ အဲဒီ့အတွက် တခြားမြို့တွေက (များသောအားဖြင့် ရှမ်းပြည်) ကားကြီးတွေနဲ့ ကုန်စိမ်းတွေကို တင်လာရပါတယ် ဆိုတော့... အသီးစိုက်ရင် အရင်းက ၃၀လောက် အမြတ်တင်တော့ တစ်လုံးကို ၅၀လောက်ပဲ ကျရင်တောင် ဆီဈေးနဲ့၊ ဂိတ်ကြေးနဲ့ လမ်းပန်းက အန္တရာယ်များရင် များသလို (အခုက လမ်းမှာ တိုက်ပွဲတွေလည်း ဖြစ်နေတယ်လေ) ကားငှားရ ခက်ပါတယ်။ ခက်ရင်ခက်သလောက် ဈေးက မြောက်တော့တာပါပဲ။ ဘယ်လောက်တောင် တက်သလဲဆို ခရမ်းချဉ်သီး တစ်ဆယ်သားကို လေးရာအထိ ဖြစ်သွားပါတယ်။ (တစ်ဆယ်သားဆို ခရမ်းချဉ်သီး ၃လုံးလောက်ပဲ ရပါတယ်။ အဲဒီတော့ တစ်လုံးကို တစ်ရာကျော်ကျတယ်ဆိုတဲ့ သဘော🥴) ဟောဒီမမက ခရမ်းချဉ်သီးဆို အသည်းစွဲကြိုက်၊ ကပ်စေးကလည်း နှဲဆိုတဲ့အခါ အင်း… ဒုက္ခတော့ ရောက်ပြီပေါ့။ အဲလိုနဲ့ပဲ ခရမ်းချဉ်သီးစိုက်ရင် မကောင်းဘူးလားလို့ တွေးမိလိုက်ပါတယ်။

အပင်တစ်ပင် ပေါက်လာဖို့ ဘာတွေလိုသလဲ? ရေရယ် လေရယ် အပူနဲ့ အလင်းရယ် လိုပါတယ်။ ဒါကို ကျွန်မ လေးတန်းသိပ္ပံ ဖတ်စာအုပ်က သိတာပါ။ (အခု လေးတန်းကလေးတွေကို စာသင်ပေးနေတယ်လေ) အရင်က မြေကြီးထဲ အစေ့တွေ ချထားလိုက် သူ့ဟာသူ ပေါက်လာမှာပဲလို့ ထင်ခဲ့တာ။ လက်တွေ့လုပ်တော့ မပေါက်လာလို့ မြေကြီးကို ရေဖြန်းပေးလိုက်၊ နေရောင်အောက်ကို ရွှေ့ထားလိုက်နဲ့ ဂရုတစိုက် ပြုစုမှပဲ သူတို့လေးတွေ ပေါက်လာကြပါတော့တယ်။ အခုတော့ အိုးအသေးကနေ အိုးအကြီးကို ရွှေ့စိုက်ဖို့ စိတ်ကူးနေပါတယ်။ သူတို့လေးတွေရဲ့ အသီးကို စားရဖို့တော့ မျှော်လင့်ရတာပါပဲ။

ကျွန်မ စာသင်တဲ့ကလေးလေးတစ်ယောက်ကို ရည်မှန်းချက်နဲ့ ဝါသနာတွေအကြောင်း သင်ရင်း ကြီးလာရင် ဘာဖြစ်ချင်လဲလို့ မေးတဲ့အခါ သူက "လယ်သမားကြီး ဖြစ်ချင်တယ်"လို့ ပြန်ဖြေပါသတဲ့။ ကျွန်မက အံ့ဩသွားတာပေါ့။ ဘာလို့ဆို ဒီကမိဘတွေက သူတို့ သားသမီးတွေ ကြီးလာရင် ဆရာဝန် ဒါမှမဟုတ် အင်ဂျင်နီယာကြီးဖြစ်ရမယ်လို့ သတ်မှတ်ထားပြီးသားကိုး။ (ပြီးတော့ သူတို့မိဘနှစ်ယောက်မှာ တစ်ယောက်က ဆရာဝန်၊ တစ်ယောက်က အင်ဂျင်နီယာဆိုတော့လေ…။) အဲဒီတော့ သူ့မိဘတွေသာ ကြားရင် ဘယ်လိုများဖြစ်သွားကြမလဲလို့ တွေးမိရင်း ရယ်ချင်သွားရော။ ဘာလို့လဲ ဆက်မေးကြည့်တော့ သူက ပြန်ဖြေတယ်။ "လယ်သမားကြီးလုပ်လို့ရှိရင် အပင်တွေ အများကြီးစိုက်ပြီး စိုက်ခင်းကထွက်တဲ့ဟာတွေ အများကြီး စားပစ်မယ်"တဲ့။ အခုတော့ ကျွန်မလည်း တခြား ဘာမှမလုပ်ဘဲ အပင်စိုက်စားဖို့ပဲ စိတ်ကူးနေပါတော့တယ်။ (အိမ်က တိုက်ခန်းဖြစ်နေလို့သာ၊ ခြံနဲ့သာဆို အကုန် စိုက်ပြီပဲ) ဘယ်ပြောနိုင်မလဲ... တက်လာတဲ့ ကုန်ဈေးနှုန်းတွေနဲ့ အသီးအရွက်ရောင်းရင်း ကျွန်မလည်း သန်းကြွယ်သူဌေးကြီး ဖြစ်သွားနိုင်တာပဲလေ Muhahaha😈😈

Comments

  1. ဒီမှာလည်း ကုန်ဈေးနှုန်းကို ကြီးလာတယ် (လုံးဝလိုအပ်တဲ့ပစ္စည်းတွေအတွက်) ။ အထူးသဖြင့် ပြီးခဲ့တဲ့ တစ်နှစ်လောက်ကတည်းက။ ဆောင်းတွင်းမှာ အိမ်ထဲမှာ ခရမ်းချဉ်သီးတို့ ငရုတ်ပင်တို့ ဆလတ်တို့ စိုက်ထားတယ်၊ အခုတော့ နွေဦးစတာနဲ့ အပြင်မှာ စိုက်တဲ့အချိန်နီးပြီ။
    Cat ရဲ့ခရမ်းချဉ်ပင်က ပိုကြီးလာရင် update လုပ်ပေးနော်။ တစ်နေ့နေ့မှာ အဲဒီပင်က ခရမ်းချဉ်သီးကို တွေ့ရင် သိပ်ကောင်းမှာပဲ။

    ReplyDelete
    Replies
    1. တကယ်လို့ ကျွန်မခရမ်းချဉ်ပင်က သီးတဲ့အခါ ကိုယ့်ခရမ်းချဉ်သီးလေးကိုယ်ကိုင်လို့ cheersလုပ်ကြတာပေါ့😂😂

      Delete
  2. အိမ်ပါပြန်ချင်သွားပီ
    တကယ် ပါ စားချင်လာပီ မြေပုံသီးတွေ

    ReplyDelete

Post a Comment