Featured post

ထူးထူးခြားခြား ဖြစ်ရပ်များနဲ့စတဲ့ Aprilလ


 ဒီနေ့က April ၄ရက်ပါ။ ကောင်းကင်ကြီးက ပြာလွင်လို့ တိမ်ကင်းစင်နေပါတယ်။ လေအေးလေးတွေလည်း တဖြူးဖြူးတိုက်နေပါတယ်။ 

မနေ့ညကတော့ ထူးဆန်းစွာပဲ တစ်ညလုံး မီးလာနေလို့ စိတ်ပူနေရပါတယ်။ စကစက လျှပ်စစ်ဓါတ်အားတွေကို အိမ်နီးချင်းနိုင်ငံဆီ (ဘယ်နိုင်ငံမှန်း မသေချာ) ရောင်းချပြီးနောက် အကြမ်းဖက်တွေက ဓါတ်အားပေးစက်ရုံကို ဖောက်ခွဲလို့ ဘာညာအကြောင်းပြကာ ကျွန်မတို့ကို ၄နာရီမီးပေး ၄နာရီ မီးဖြတ်လုပ်ပါတယ်။ အဲဒါကြောင့် အိမ်ကရေခဲသေတ္တာလည်း မပျက်ရုံတမယ်၊ အသီးအရွက်တွေလည်း အရင်ကလို တစ်ပတ်စာ ဝယ်ထားလို့မရနဲ့ တော်တော်အခက်တွေ့ရပါတယ်။ မနေ့က ညဘက်မီးပျက်မဲ့နေ့ပါ။ ဒါပေမဲ့ မီးလာနေလို့ နောက် ၁၂နာရီကြာကြာလောက်များ မီးပြတ်လေမလားလို့ စိတ်ပူနေရပါသေးတယ်။ မနက်၅နာရီမီးပြတ်လို့ မနက်၉နာရီ (ပုံမှန်လာရမဲ့အချိန်)မှာ မီးပြန်လာမှ စိတ်အေးပါတော့တယ်။ နောက်မှတွေးကြည့်တယ်။ နေ့တိုင်း အချိန်တ်ုင်း လျှပ်စစ်မီးမရတာ လပိုင်းလောက်ပဲရှိသေး၊ မီးလာတဲ့အချိန်ပိုနေတာနဲ့ စိုးရိမ်စိတ်ပူနေရအောင် မီးပြတ်တာနဲ့ နေသားကျအကျင့်များရသွားပြီလားလို့လေ... လူ့ရဲ့  ညှိယူတတ်တဲ့စွမ်းရည်ဟာလည်း ကြောက်စရာပဲနော်

ဒီလက မြန်မာနိုင်ငံရဲ့ နွေဥတု၃လထဲက တစ်လဖြစ်ပါတယ်။ ပြောချင်တာက ချွေးတပြိုက်ပြိုက်နဲ့ ပူအိုက်နေရမဲ့အချိန်ပါ။ ဒါပေမဲ့ လေဖိအားနည်းရပ်ဝန်း ရှိလို့ဆိုလား မနေ့ညက လေပြင်းတွေတိုက်လို့ အနည်းငယ် အေးနေပါတယ်။ (မုန်တိုင်းသာ တိုက်ဖြစ်ရင် မအလတို့ အာဏာရူးတစ်သိုက် လေနဲ့ပါသွားပါစေလို့ ဆုတောင်းနေပါတယ်၊ ဒါကို အမေကသိတော့ "ဟဲ့ ဘယ့်နယ် မကြံကောင်းမစည်ရာ"လို့ ပြောပါတယ်) 

နောက်တစ်ခုကတော့ စကစက မြန်မာငွေစက္ကူအသစ်တွေ ထပ်ရိုက်မယ်ဆိုတဲ့သတင်းနဲ့ ဒေါ်လာငွေတွေ လက်ဝယ်ကိုင်ဆောင်ခွင့်မရှိတဲ့ သတင်းတို့ပါပဲ။ မြန်မာကျပ်ငွေဈေးကျနေတာ အားလုံးအသိပါ။ ငွေစက္ကူအသစ်တွေ ထပ်ရိုက်မရအောင် စက္ကူတင်သွင်းတဲ့ ကုမ္ပဏီတွေကို ကျွန်မတို့ ဆန္ဒပြထားကြပါတယ်။ ဒါပေမဲ့လည်း စကစက သူ့ပေါက်ဖော်ကြီးရဲ့ အကူအညီကို ယူပြီးတော့ပဲလားမသိ ငွေစက္ကူအသစ်ရိုက်မယ်ပြောပါတယ်။ ကျပ်ငွေတန်ဖိုးကျတဲ့အခါ ကျွန်မတို့ရဲ့ အားကိုးရာကတော့ ဒေါ်လာပါပဲ။ ကျွန်မတောင် ရှိတဲ့ငွေကလေးကို ဒေါ်လာလဲထားမယ်စိတ်ကူးပါတယ်။ ဒါပေမဲ့ Aprilကစလို့ ဘဏ်ထဲထားတဲ့ ဒေါ်လာတွေကို ၁၈၅၀ကျပ်နဲ့ ရောင်းရမယ်ဖြစ်ကြောင်း (တကယ့်ပေါက်ဈေးက ၂၀၀၀ကျော်နေပါပြီ) ထုတ်ပြန်ပါတယ်။ ဒီကနေ ဒေါ်လာလက်ဝယ်ကိုင်ဆောင်သိမ်းဆည်းရင် ဖမ်းတဲ့ခေတ်ပြန်ရောက်သွားနိုင်တယ်လို့ ခန့်မှန်းချက်တွေ ထုတ်ပါတယ်။ အဲလိုနဲ့ ခညလက်ထက်ကလို ငွေစက္ကူဖျက်သိမ်းတယ်သာ ကြေညာလိုက်ရင် ကျွန်မရဲ့ မစားရက်မသောက်ရက် ရှိမဲ့စုမဲ့ငွေကလေးတွေလည်း စက္ကူစုတ်ဖြစ်သွားဦးမှာပါ။ အင်း...အတိတ်ကို ပြန်လည်ခရီးသွားခွင့်ရတဲ့အတွက် ကျေးဇူးနော် 


Comments