Featured post
- Get link
- X
- Other Apps
ကျေးဇူးတော်ရှင် မအလတစ်ယောက် အာဏာသိမ်းပြီးနောက်ပိုင်း (ဒီအကြောင်းပြောတာ ဖန်တစ်ရာတေနေပြီဆိုတာ သိပါတယ်။ ဒါပေမဲ့လည်း ဒီကာလမှာ ဒီအကြောင်းမပြောဖို့က မဖြစ်နိုင်ဘူးလေ) နိုင်ငံတော်ကြီး ပျက်စီးယိုယွင်းလာတာ အတော်ဆိုးဆိုးပါ။ တိုးတက်လာတာဆိုလို့ ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ ရင်နာစရာတွေပဲ ရှိပါတယ်။ လောကကြီးရဲ့ မမြဲတဲ့သဘောကို မမေ့ရအောင် သတိပေးနေတာကတော့ ဟောဒီအာဏာရှင်ကြီးပဲ ဖြစ်ပါတယ်။
အရင်အစိုးရလက်ထက်မှာ ဘာပဲပြောပြော နည်းနည်းလေး အေးချမ်းပါတယ်။ မီးမှန်တယ်၊ မီးမှန်တော့ ရေမှန်တယ်၊ တစ်ခုခုဖြစ်လို့ ပြတ်မယ်ဆိုရင်လည်း ကြိုပြောတယ်၊ နွေရာသီဝန်အားလျော့တဲ့အချိန်မှာ တဒိန်းဒိန်းရင်မခုန်ရအောင် မီးပြတ်မဲ့အချိန်ကို နေ့အလိုက် အချိန်စာရင်းနဲ့ ထုတ်ပေးတယ်ဆိုတော့ ပျော်ရွှင်မနေရင်တောင် စိတ်လုံခြုံမှုကို ခံစားရပါတယ်။
နစက (နိုင်ငံတော်စုတ်ပြတ်ရေးကောင်စီ)လက်ထက်မှာတော့ ၄နာရီလောက်မီးလာပြီးတာနဲ့ ၇နာရီလောက်ကြာအောင် မီးဖြတ်ပစ်၊ မီးပြတ်မီးလာတဲ့အချိန်ကလည်း တစ်ရက်တစ်မျိုး မထပ်ရအောင် ကျပန်းမဲနှိုက်နေသလား အောက်မေ့ရ (ဒီ့ထက်randomဖြစ်တာတောင် ဒီလောက် random မဖြစ်နိုင်တော့ပါဘူး) မီးပြတ်ပေမဲ့ အလုပ်က ပြတ်လို့မရတော့ ကုန်ခန်းသွားတဲ့ ဖုန်းအားနဲ့ laptopအားတွေကိုကြည့်ရင်း ရင်တဒိတ်ဒိတ်ခုန်ရပါတယ်။ မီးဘယ်တော့ပြန်လာမလဲ မီးဘယ်တော့ပြန်လာမလဲနဲ့ စောင့်မျှော်နေရပါတယ်။ လာပြန်တော့လည်း ဘယ်တော့ပြတ်မလဲ ဘယ်တော့ပြတ်မလဲနဲ့ စိတ်ပူရပါတယ် (အချိန်အတိအကျမရှိ ပြတ်ချင်တဲ့အချိန် ထပြတ်သွားတာကိုး) သူ့ကြောင့် စာလည်း ကောင်းကောင်း မရေးနိုင်ပါဘူး။ ထမင်းလည်း ကောင်းကောင်းမစားနိုင်ပါဘူး။ မီးလာတဲ့အချိန် အိပ်မိနေမှာစိုးလို့ ညဘက်တောင် ကောင်းကောင်း မအိပ်နိုင်ပါဘူးရှင်
မီးမရှိတော့ ရေကဒုက္ခရောက်ပါတယ်။ မီးမလာတော့ အဝီစိက ရေတင်လို့မရ၊ ရေတင်လို့မရတော့ ရက်အတော်ကြာတဲ့အထိ ရေကမလာ၊ ရေမလာတော့ အရေးကြီးတဲ့ ရေသောက်ဖို့၊ ချက်ဖို့ပြုတ်ဖို့၊ ပန်းကန်ဆေးဖို့ကိုပဲ ဦးစားပေးပြီး ကျန်တာတွေကို ချွေတာရပါတယ်။ (ဆိုလိုချင်တာကတော့ ရေမချိုးနိုင်၊ ခေါင်းမလျှော်နိုင် ညစ်ပတ်စိန်ကြီး လုပ်နေရပါတယ်ပေါ့) အရင်တစ်နေ့က သောက်စရာရေတောင် မရှိတော့လို့ အိပ်ရာပေါ်မှာ ခွေခွေလေးနေရင်း သေမဲ့အချိန်ကို စောင့်မျှော်နေရပါတယ်။ အဲလိုနဲ့ နွေရာသီကို နံနံစော်စော် ခေါင်းမူးမူးနဲ့ပဲ ကျော်ဖြတ်နေရပါတယ်။ (ရေတော့ မပေးနိုင်ဘဲ ရေဖိုးတော့မှန်မှန်တောင်းတဲ့ သာယာရေးကော်မတီက အိတ်ဖောင်းကိုယ်တော်တွေကတော့ အဆဲခံထိတာပေါ့)
မနေ့က ရေအလှူကားကြီးတစ်စီးလာပါတယ်။ သူက ကျွန်မတို့ မြင်တွေ့ရလေ့ရှိတဲ့ လောင်စာဆီသယ်တဲ့ ကားကြီးလို အကြီးကြီးနဲ့ပါ။ အဲဒီကနေ ပိုက်ဖွင့်ပေးတော့ ကျွန်မတို့က ရှိသမျှပုံးတွေ ခွက်တွေနဲ့ ရေခံပြီး ကိုယ့်အိမ်က အုတ်ကန်လေးကို ဖြည့်ရပါတယ်။ လူတွေက လီတာ၂၀ဆန့်သောက်ရေသန့်ပုံးတွေနဲ့ရော၊ ဘယ်လောက်ဆန့်လဲမသိတဲ့ ရေပုံးကြီးတွေနဲ့ရော၊ သုတ်ဆေးပုံးအဟောင်းတွေနဲ့ရော သယ်ကြပါတယ်။ အဘွားကြီးကအစ ကလေးပေါက်စလေးအထိ သယ်ကြပါတယ်။ သယ်တဲ့အထဲ ကျွန်မတို့လည်း ပါတာပေါ့။ ကျွန်မလို အရိုးတစ်ချောင်းမမကို အဘောင်မက လီတာ၂၀ရေသန့်ပုံးကြီးနဲ့ ရေခံလေဆိုပြီး ပေးလိုက်လေတော့ မချိမဆန့်နဲ့ ၂လွှာလောက်အထိတော့ သယ်လိုက်နိုင်ပါတယ်။ နောက် ကျွန်မတို့အောက်ထပ်က ဦးလေးက မမြင်နိုင်တာနဲ့ ကူသယ်ပေးလို့ အပေါ်ရောက်လာပါတယ်။ မောသလား မမောသလားဆို အပေါ်ရောက်တဲ့အခါ ခြေတွေလည်း တုန် လက်တွေလည်းတုန်လို့ ချက်ချင်းများ လှဲချလိုက်ရင် သေသွားမလား အောက်မေ့ရပါတယ်။ (အခုတော့လည်း မသေဘူးပဲ)
ရန်ကုန်မြို့လယ်က နေရာတွေက ခံသာပါသေးတယ်။ မြို့စွန်က နောက်တိုးချဲ့တဲ့ မြို့နယ်တွေက အဓိကခံရတာပါ။ (မြို့လယ်နားက အသိတစ်ယောက်ကို မေးကြည့်တာ သူ့နေရာမှာ တစ်ရက်ကို ၄နာရီသာ မီးပြတ်သတဲ့) ဒီလိုနေရာမျိုးမှာမှ အိမ်လာဝယ်ထားတဲ့ အဘောင်မကို မကျေမနပ်နဲ့ အပြစ်တင်လို့ သူ့ခမျာလည်း မျက်နှာကလေး ခပ်ငယ်ငယ်နဲ့ပါ။
ဒီလိုသာ နောက်၅နှစ်လောက် ဆက်ဖြစ်ရင် ကျွန်မတော့ နှလုံးရောဂါရလို့ ငယ်ငယ်လေးနဲ့ သေပါတော့မယ်။ ကျေးဇူးနော် နစကရေ
Comments
Post a Comment