Featured post
- Get link
- X
- Other Apps
ဆိုင်တွေမှာ မေးကြတယ် မဟုတ်လား... ငွေသားနဲ့ ရှင်းမလား ဒါမှမဟုတ် ကတ်နဲ့ရှင်းမလား..
ကျွန်မကတော့ crochetထိုးပြီး ရှင်းလို့ရမလားလို့ ပြန်မေးချင်ပါတယ်။ ဘာလို့လဲဆို ကျွန်မက ပိုက်ဆံမတက်နိုင်လို့... ပြီးတော့ ဖုန်းမကိုင်ရအောင် အဲဒါပဲ ဖိလုပ်နေလို့ ဖြစ်ပါတယ်။
လူတွေက ကျွန်မတက်တဲ့ကျောင်း၊ ပြီးတော့ ကျွန်မအဘွားကိုကြည့်ပြီးတော့ ကျွန်မကို သုံးနိုင်ဖြုန်းနိုင်လူတန်းစားထဲက ဖြစ်မယ်လို့ ခန့်မှန်းတတ်ကြပါတယ်။ ဒါပေမဲ့ ကျွန်မက ဝင်ကစွပ်ကောင်လို အပြင်က အခွံနဲ့ အထဲက အကောင်နဲ့ လားလားမှ မဆိုင်ပါဘူး။ ပြောချင်တာက သူတို့ထင်သလို မသုံးနိုင်ပါဘူးပေါ့😂။
ပြီးတော့ လတ်တလော crochetထိုးတာ သင်နေပါတယ်။ အစကတော့ အတန်းထဲကတစ်ယောက်ထိုးတာ အားကျလို့ လိုက်ထိုးတာပါ။ နောက်တော့ ကျွန်မရဲ့ အကျင့်ဆိုးတွေပြင်ဖို့ ကြားခံနည်းလမ်းအနေနဲ့ အသုံးပြုနေပါတယ်။ ကျွန်မက anxiousဖြစ်ပြီဆို လက်က မျက်နှာပေါ် ရောက်ရောက်သွားတတ်တယ်။ အဲဒါကြောင့်လည်း ခန္ဓာကိုယ်ရဲ့တခြားနေရာတွေမှာထက် မျက်နှာမှာ အမာရွတ်ပိုများနေပါတယ်။ မဟုတ်သေးပါဘူးဆိုပြီး နည်းလမ်းရှာရင်း လက်က ဖုန်းကို ကိုင်မိသွားတယ်။ ပြီးတော့ backfireလာဖြစ်တာက သူ့ကို ပြန်ချလို့မရတော့ဘူး😂😂။ အဲဒါပဲ ထိုင်ကြည့်နေတော့ ညအိပ်ခါနီးဆို မျက်လုံးတွေက ပူပြီးစပ်လာလို့ အလင်းမပြန်တဲ့ တစ်ချောင်းထိုးပဲ ထိုးနေရပါတယ်။
ကျွန်မက crochetတစ်ခုပဲ လုပ်တာမဟုတ်ပါဘူး။ အင်္ကျီလည်းချုပ်ပါတယ်၊ ပန်းထိုးတာလည်း နည်းနည်း လုပ်တတ်ပါတယ်။ အလွယ်ပြောရရင် လက်မှုပညာလုပ်တယ်ပေါ့။ စဉ်းစားကြည့်ရင် လက်မှုပညာဆိုတာ လုပ်တတ်ရင် လွယ်လွယ်လေးပေမဲ့ မလုပ်တတ်ရင် ငွေအများကြီးပေးပြီး ဝယ်ရပါတယ်။ ဥပမာ အိမ်နေရင်းအင်္ကျီနဲ့ဘောင်းဘီတစ်စုံကို ကြည့်ပါ။ ကျွန်မလို သိပ်မကျွမ်းကျင်တဲ့သူတောင် သေချာအာရုံစိုက်ပြီးချုပ်ရင် ၃နာရီလောက်ပဲ ကြာပါတယ်။ အဲဒါတစ်စုံကို ၅၀၀၀/၆၀၀၀ ပေးရပါတယ်။ ပိတ်စဖိုးက ၂၀၀၀ပဲထားပါဦး (တကယ်က လက်ကားဝယ်ရင် ၁၀၀၀ကျော်လောက်ပဲ ကျပါတယ်) လက်ခက ၃၀၀၀/၄၀၀၀လောက် ဖြစ်နေပါပြီ။ ဒါမျိုးလိုက်တွက်ရင် အင်္ကျီချုပ်စားချင်စိတ်တောင် ပေါက်သွားနိုင်ပါတယ်။ ပိုပြီးလက်ဝင်အနုစိတ်တဲ့ ပန်းထိုးတာတို့ တစ်ချောင်းထိုးထိုးတာတို့ဆို ပြောမနေပါနဲ့တော့။
အဲဒါကြောင့် ကျွန်မ အားအားရှိထိုးနေတာတွေကို အပြင်မှာ ဈေးကြီးပေးဝယ်ရမဲ့အတူတူ ကျွန်မပစ္စည်းနဲ့ တန်ဖိုးတူတဲ့တစ်ခုခုနဲ့ အလဲအလှယ်လုပ်ကြတာပေါ့။ မကောင်းဘူးလား🤣
အဲသလို အလဲအလှယ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ သူနဲ့ လဲလှယ်ရတာ အဆင်ပြေတော့ အဲလိုပဲ လဲလှယ်ကြဖို့ နောက်သူငယ်ချင်းတစ်ယောက်ကို စည်းရုံးမိပါတယ်။ ကျွန်မက Jujutsu Kaisenထဲက characterတွေပါတဲ့ တီရှပ်လေး လိုချင်ပါတယ်။ အဲဒီတော့ သူ့ကို "နင်ခွက်အောက်ခံကလေး လိုချင်လား၊ ကော်ဖီခွက် ပတ်တဲ့ဟာကလေး လိုချင်လား။ ငါထိုးပေးမယ်။ ငါ့ကို အဲဒီတီရှပ်ကလေး ပြန်ဝယ်ပေးလေ" လို့ သွားပြောပါတယ်။ သူကတော့ ဒီလိုပြန်ပြောပါတယ်။
" အိုး. . . ပေါက်ကရတွေ!"
- Get link
- X
- Other Apps
Comments
Post a Comment