Featured post

ဆီကို ရေချိုး၊ ဆေးရိုး မီးလှုံ၊ စပါး တောင်လိုပုံ

 "ဆီကို ရေချိုး၊ ဆေးရိုး မီးလှုံ၊ စပါး တောင်လိုပုံ"

☝🏻အဲဒီ့စကားကို မြန်မာနိုင်ငံကြီး သာယာဝပြောစည်ပင်ကြောင်း ရည်ညွှန်းချင်တဲ့အခါ ထည့်သုံးကြပါတယ်။ မြန်မာနိုင်ငံသားတွေရဲ့ အဓိကစားသုံးကုန်က ဆန်နဲ့ဆီ ဖြစ်ပါတယ်။ ထမင်းကို ပဲဆီလေးနဲ့ ဆားလေးနဲ့ ဖြူးစားရတာကို ကျေနပ်ပီတိဖြစ်ကြပါတယ်။  ("ဖိုးလမင်းကြီးရေ ထမင်းဆီဆမ်းကို ရွှေလင်ဗန်းကြီးနဲ့ ပေးပါဦးဟေ့"ဆိုပြီး ကလေးပေါက်စကလေးတွေကို ညအခါ လသာတဲ့အချိန် သင်ပေးတာကိုပဲ ကြည့်ပါ) ဆန်က အခြေခံစားသုံးကုန်ဆိုရင် ဆီက ချမ်းသာကြွယ်ဝမှုကို ပြသတဲ့ စားသုံးကုန် ဖြစ်ပါတယ်။ ဘယ်သူ့အိမ်ပဲဖြစ်ဖြစ် သွားလည်ရင် "ထမင်းလေးတော့ စားသွားဦးလေ"ဆိုတဲ့ ဖိတ်ခေါ်သံကို ကြားရမှာဖြစ်သလို ချမ်းသာတယ်လို့ (ကိုယ့်ကိုယ်ကိုယ်) ယူဆချင်တဲ့သူတို့ရဲ့ ဟင်းပွဲမှာလည်း ဆီတွေ အိုင်နေတာကို တွေ့ရမှာပါ။ အလှူပွဲတွေမှာဆို ဆီများများပါတဲ့ ဝက်သားဆီပြန်က ရွေးချယ်မှုအများဆုံး ဟင်းတစ်မယ် ဖြစ်ပါတယ်။ အဲသလို ချမ်းသာကြွယ်ဝမှုကို ပြတဲ့ ဆီက ရေချိုးသလို သုံးနိုင်အောင် ပေါများ၊ အခြေခံ စားသုံးကုန်ဖြစ်တဲ့ ဆန်စပါးက တောင်လို ပုံနေပြီး စားပြီးသောက်ပြီး ထမင်းဆီတက်ရင်း ဇိမ်ခံစရာဖြစ်တဲ့ ဆေး(ဆေးလိပ်သောက်သည့် ဆေးရွက်ကြီး)များကလည်း ထင်းမီးလှုံသလို လှုံနိုင်အောင် ပေါပေါသီသီ အလွယ်ရနိုင် ဆိုတော့ ဒီပြည်သူပြည်သားတွေရဲ့ ဘဝဟာ တယ်နိပ်တာပဲလို့ ချက်ချင်းတောင် ပြေးလာချင်စိတ် ပေါက်နိုင်ပါတယ်။ 

လူတော်တော်များများကတော့ ဒါဟာ မြန်မာတို့ရဲ့ ရှေးယခင်ကဂုဏ်ကို ဖော်ဆောင်တဲ့စကားပဲလို့ ဝင့်ကြွားစွာ ပြောတတ်ကြပါတယ်။ ကျွန်မကတော့ ဒီစကားက ဘုရင်တွေ လူကုံထံတွေ ကြေးရတတ်တွေ ဂျင်းထဲ့တဲ့စကားလို့ပဲ မြင်ပါတယ်🙂 (ကျွန်မက ပိုက်ဆံမရှိလို့ ရှိတဲ့လူတွေကို ချဉ်နေတာလည်း ဖြစ်နိုင်ပါတယ်🤷🏻‍♀️)။ ဘာလို့လဲဆို ဆီကို ရေချိုးနိုင်တယ်သာ ပြောတာ ဆီမပါ ဆားမပါ ယောက်သွား(ဟုတ်ကဲ့ ဘုရားစူး တကယ့်ပင်လယ်က ယောက်သွား အစစ်ပါပဲ)ကို ဇွန်းလုပ်လို့ ဟင်းရည်သောက်ရသူတွေ၊ ဆန်ဆိုတာ ရောင်းဖို့ထားရတဲ့အတွက် လယ်ထွန်သူ အဖေသာ(ပင်ပင်ပန်းပန်း အလုပ်လုပ်ရသူမို့ အကောင်းဆုံးကို ကျွေး၊ ဒါမှမဟုတ် ဖိုဝါဒကြီးစိုးမှုကြောင့် ယောက်ျားကို အကောင်းကျွေးတာလည်း ဖြစ်နိုင်) ဆန်စားနိုင်ပြီး ကျန်မိသားစုဝင်တွေက ပြောင်းဆန်စားကြရသူတွေအကြောင်းကို ကျွန်မသိထားလို့ပါ။ 

မြန်မာနိုင်ငံမှာ အစာရေစာပေါများပုံကို "မြန်မာပြည်မှာ ထမင်းငတ်လို့ သေတဲ့မသာ မရှိ" ဆိုတဲ့စကားကို သုံးပြီးတော့လည်း ပြောကြပါသေးတယ်။ "အိမ်မှာ စားစရာမရှိရင်တောင် ဘုန်းကြီးကျောင်းသွား၊ ကပ္ပိယလုပ်၊ ဆွမ်းကျန်စား တစ်သက် မငတ်ပါဘူး" လို့ပြောကြပါတယ်။ ဒီစကားသာ အမှန်ဆိုရင် မှန်ကန်ခဲ့တဲ့ကာလက ဘိုးတော်ဘုရားခေတ်မှာ ကျန်ခဲ့ပါပြီ။ အခုကတော့ နောက်နေ့စားစရာမရှိလို့ ကိုယ့်သားသမီးကို လိင်ကျွန်အဖြစ်ရောင်းစားရသူတွေ၊ ကိုယ်ကိုယ်တိုင် မတန်တဆဈေးနဲ့ ကျွန်ဖြစ်နေရသူတွေ၊ ကြံရာမရတဲ့အဆုံး တစ်မိသားစုလုံး အဆိပ်သောက်သေကြသူတွေ ဒုနဲ့ဒေးပါ။ 

မြန်မာပြည်ရဲ့ အခြားတစ်ဖက်မှာတော့ ဆီကိုရေချိုးပြီး စပါးတောင်လိုပုံတဲ့ လူနည်းစုနေထိုင်ကြပါတယ်။ ကျွန်မက ကမ္ဘာ့စားနပ်ရိက္ခာအခက်အခဲအကြောင်း ဖတ်ပြီးနောက်ပိုင်း(အဲဒီတုန်းက မြန်မာနိုင်ငံမှာ အစာရှားပါးပုံအကြောင်းကို မသိသေးပါဘူး) တတ်နိုင်သလောက် အစားအစာကို မပြုန်းတီးအောင် ဆောင်ရွက်ပါတယ်။ ထမင်းကို ကုန်နိုင်သလောက်ပဲ ချက်တယ်၊ မကုန်နိုင်ဘူးထင်ရင် အဲဒီ့ဟင်းပွဲကို မမှာဘူး၊ သူငယ်ချင်းနဲ့ မျှစားတယ်၊ အကြောင်းကြောင်းကြောင့် မကုန်ရင် အိမ်ကို ထုပ်ပြီး သယ်သွားတာတွေ လုပ်ပါတယ်။ ဒါပေမဲ့ တစ်ခါကျတော့ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းတို့ ၂ယောက် အခြားအတန်းဖော်တွေနဲ့ စုပြီး ကျောင်းကန်တင်းမှာ ထိုင်မိကြပါတယ်။ (ခါတိုင်းက ကျွန်မနဲ့ သူငယ်ချင်း ၂ယောက်ပဲ စားကြတာပါ) အဲဒီမှာ အမျိုးစုံသော ဟင်းပွဲတွေ မှာကြပြီး ကုန်အောင်မစားဘဲ ထသွားတဲ့ သူတို့ကိုကြည့်ပြီး ကျွန်မတို့၂ယောက် ပါးစပ်အဟောင်းသား ဖြစ်နေကြပါတယ်။ မနေနိုင်တဲ့ ကျွန်မတို့က သူ့တို့ဟင်းတွေယူပြီး ကျွေးသင့်သူတွေကို ကျွေးပစ်ရပါတယ်။ မကုန်နိုင် မခမ်းနိုင်လုပ်ပြီး လွှင့်ပစ်တာ သူတို့ချည်း မဟုတ်ပါဘူး။ အိမ်က ဘောင်ဘောင်နဲ့ ဖီးဖီးတို့လည်း ပါပါတယ်။ ချက်လိုက်တာနဲ့ စားလိုက်တာနဲ့ ကွက်တိ ဆိုတာမျိုးကို သူတို့က သိပ်မကြိုက်ကြပါဘူး။ သူတို့က ချမ်းသာဟန် ဖမ်းချင်ကြပါတယ်။ 

တကယ်လို့ တစ်ယောက်ယောက်က မြန်မာပြည်ဟာ စားစရာပေါများတယ်လို့ လာပြောရင် ဒါမှမဟုတ် ဟင်းတွေကို တို့ကနန်း ဆိတ်ကနန်းလေးစားပြီး လွှင့်ပစ်လိုက်ဖို့ လုပ်နေပြီဆို အမှိုက်ပုံဘေးက ကျူးတဲလေးတွေကို သွားကြည့်ဖူးလားလို့သာ မေးလိုက်ပါ။ သူတို့ ဆွံ့အကောင်း ဆွံ့အသွားနိုင်ပါတယ် ပြီးတော့ နောက်ရက်အနည်းငယ်လောက်အထိ စားစရာကို ချွေတာကောင်း ချွေတာသွားနိုင်ပါတယ်

Comments