Featured post

စာရေးသူနဲ့ စာဖတ်သူ

 ကျွန်မက စာအုပ်နဲ့မျက်နှာမခွာတဲ့ စာကြမ်းပိုးတစ်ယောက်ပါ။ ၄/၅နှစ် စာဖတ်တတ်တဲ့အချိန်ကတည်းက စာလုံးပေါင်းပြီး လမ်းမပေါ်က ကြော်ငြာဆိုင်းဘုတ်တွေ လက်ကမ်းစာစောင်တွေကအစ ဖတ်လာလိုက်တာ ကာတွန်းဂျာနယ်အလယ် ဘုရားလောင်းဇာတ်တော်တွေအဆုံးပါပဲ။ ကျွန်မအမေငယ်ငယ်တုန်းက ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကြောင့် အချိန်တော်တော်များများ အိပ်ရာထဲမှာ အချိန်ကုန်နေရပြီး စာသိပ်မဖတ်နိုင်ခဲ့ပါဘူး။ ကျွန်မအဖေငယ်ငယ်တုန်းကလည်း စာဖတ်ဝါသနာပါတယ်လို့ မကြားဖူးပါဘူး။ ကျွန်မညီမကလည်း စာဖတ်ရတာ ဝါသနာမပါပါဘူး။ ကျွန်မကတော့ စာဖတ်ရတာမှာ ဘာလို့များ အဲသလောက် ပျော်မွေ့နေရတာပါလိမ့်။

မပြောတတ်ပါဘူး။ သေချာတာတစ်ခုကတော့ နေ့လယ်ဘက် အမေနဲ့ညီမတို့ အိပ်နေကြချိန် ကျွန်မတစ်ယောက်တည်း အဘွားထားခဲ့တဲ့ စာအုပ်စင်ပေါ်ကစာအုပ်တွေကို ဆွဲယူ၊ အရပ်နဲ့မမီရင်လည်း ပြတင်းပေါက်က သံပန်းကို ချိတ်တက်လို့ယူ (စာအုပ်စင်က ပြတင်းပေါက်ဘေးမှာရှိတာကိုး) ပြီး ဖတ်နေတော့တာပဲ။ စာအုပ်စင်ပေါ်မှာ ကာတွန်းနဲ့ ကလေးဂျာနယ်တွေထက် တက္ကသိုလ်ပို့ချချက်တွေကပဲ နေရာယူထားပါတယ် (အဘွားက တက္ကသိုလ်က ဆရာမဖြစ်ခဲ့ဖူးတာကိုး)။ အဲဒီမှာ ရာမဇာတ်အကြောင်း၊ ရှေးခေတ်က ဗမာဘုရင်တွေအကြောင်း၊ ရှေးစာဆိုရဲ့ စကားပြေတွေအကြောင်း ကို ရှင်းရှင်းလင်းလင်း စကားပြောပုံစံနဲ့ ရေးထားတော့ ကလေးတစ်ယောက်အနေနဲ့ ဖတ်ရလွယ်ကူတာပေါ့။ 

နောက် ၁၂/၁၃ ဆယ်ကျော်သက်ပေါက်စအချိန်မှာ အတူလာနေတဲ့ အစ်ကိုဝမ်းကွဲ တက္ကသိုလ်ကျောင်းသားက အိမ်ကို ဝတ္ထုစာအုပ်တွေ ဝယ်လာပါတယ်။ အမေက "နင် ဒါမျိုးတွ မဖတ်နဲ့ ပျက်စီးမယ်"ဆိုပြီး ဟန့်ထားလည်း ကျွန်မကတော့ ခိုးဖတ်တာပဲ (နေ့လယ်ခင်း အမေအိပ်နေတဲ့အချိန်မှာပဲပေါ့😂😂) နောက်ပိုင်း လက်ထဲမှာ ဖုန်းတစ်လုံးရောက်လာတဲ့အခါတော့ အင်တာနက်ပေါ်က Wattpadတို့လို စာရေးစာဖတ်platformတွေမှာ ကိုယ်ကြိုက်တဲ့ စာအုပ်ကို ရှာဖတ်လာတတ်ရော။ မပြီးသေးဘဲ တစ်ပိုင်းစီ ခွဲတင်တဲ့ စာအုပ်တွေဖတ်မိရင် "ဒီစာရေးဆရာ ဘယ်တော့ အပိုင်းသစ်တင်မလဲ"လို့ ခဏ ခဏသွားမျှော်ရတာ အမော။ တစ်ပတ် ၂ကြိမ်ဆိုသလို ပုံမှန်လေးတင်တဲ့ စာရေးဆရာတွေနဲ့ဆို အဆင်ပြေပေမဲ့ တော်ကြာမှတစ်ခါ ပေါ်လာတတ်တဲ့သူနဲ့တွေ့ရင်တော့ စိတ်ဆိုးလို့ကလည်း မဖြစ် (သူ့စာအုပ်ကို အလကားဖတ်နေတာကိုး) ဒါပေမဲ့ စောင့်ရတာလည်း ဗျိုင်းဖြစ်နေပြီဆိုတော့ကာ တော်တော်ကသိကအောက်ဖြစ်ရပါတယ်။ အဲဒီ့ကြားထဲ "စာမေးပွဲရှိလို့" "အိမ်ပြောင်းမှာမို့လို့" အစရှိသဖြင့် အကြောင်းပြချက်တွေကြောင့် ၂ပတ်လောက် စာမရေးဖြစ်ဘူးဆိုတာတွေ သိရရင်တော့ သူ့အစား အလုပ်တွေပဲ ကူလုပ်ပေးလိုက်ချင်စိတ်ပေါက်ပါတယ် (ဘာလိုလို ညာလိုလိုနဲ့ မပေါ်လာတော့တဲ့ ကိုယ်တော်တွေထက်စာရင်တော့ တော်ပါသေးတယ်)။ အဲဒီက စာရေးဆရာတွေကလည်း တိုက်တွန်းကြပါတယ်။ "ဖတ်ပြီးရင် တစ်ခုခုလေး ပြောသွားကြပါလား"ပေါ့။ "တိတ်တိတ်လေးပဲ နေကြတဲ့ ghost readerတွေ လုပ်မနေကြပါနဲ့ပေါ့"။ အရင်တုန်းက စာပေဟောပြောပွဲတွေမှာ မေးခွန်းခဏခဏ ထုတ်တတ်တဲ့ကျွန်မဟာ ဖုန်းရလို့ အင်တာနက်ကနေ တိုက်ရိုက်စကားပြောလို့ တုန့်ပြန်လို့ရမယ်လည်းဆိုရော ဘာမှအသံမထွက်ပဲ တိတ်နေပါတော့တယ်။  သူ့updateအောက်မှာ commentတွေ တွေ့ပါတယ်။ သူတို့ကတော့ ဇာတ်လမ်းက ဘယ်လိုဖြစ်ကြောင်း၊ ဇာတ်ကောင်တွေက ရက်စက်လွန်းကြောင်း၊ ဘာကြောင်းညာကြောင်း ပေါ့။ ကျွန်မကတော့ "ဇာတ်လမ်းထဲမှာ ဖြစ်ချင်ရာ ဖြစ်နိုင်တယ်"လို့ လက်ခံထားသူမို့ သူ့ဟာသူ သဘာဝပဲ ကျကျ မကျကျ ဂရုမစိုက်ပါဘူး။ သူ့အရေးအသားကောင်းရင် ဖတ်နေတာပဲ။ 

ဒါက ကျွန်မ စာဖတ်သူဘဝက အခြေအနေပါ။

အခု ကိုယ့်ဟာကိုယ် စာရေးမှာ သူတို့ကို ကိုယ်ချင်းစာမိပါတယ်။ နေ့တိုင်းစာရေးချင်ပေမဲ့ ထင်သလို ဖြစ်မလာတာက များပါတယ်။ ရုတ်တရက် နေမကောင်းထဖြစ်တာတွေ၊ တစ်နေ့လုံး မီးပြတ်တာတွေ၊ အင်တာနက်လိုင်းမကောင်းတာတွေ၊ အလုပ်ပိနေတာတွေ၊ တစ်ရက်တစ်လေ ဘာမှမလုပ်ပဲ နေချင်တာတွေ စတာတွေ စတာတွေကြောင့်ပါ။ ဒါတောင် ကိုယ်က non fictionရေးနေလို့။ fictionရေးရတဲ့ သူတို့ဆို ပိုဆိုးပေါ့။ ရေးထားတဲ့ဇာတ်ကောင်က ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျ ဖြစ်မနေတာ၊ သဘာဝမကျတာ၊ စကားပြောတွေ ထောက်နေတာ၊ moodမဝင်တာ စသည်ဖြင့်ပေါ့။ အခုဆို နေ့တိုင်း စာရေးနိုင်ရုံမက editပြီး updateပါလုပ်နိုင်တဲ့သူဆို အတော်လေးစားပါတယ်။ နောက်တစ်ခုကတော့ commentတွေပေါ့။ တကယ်ပါ၊ အခုတော့ "တစ်ခုခု ပြောခဲ့ပါဦး"ဆိုသူတွေကို တကယ်ကိုယ်ချင်းစာပါတယ်။ စာရေးတယ်ဆိုတာ တော်တော်အထီးကျန်တဲ့ အလုပ်ပါ။ ကျွန်မက ညဘက် သူများတွေအိပ်ချိန်မှာ တစ်ယောက်တည်း ကွန်ပျူတာတစ်လုံးနဲ့ စိတ်ကူးယဉ်ချင် ယဉ်၊ ဟိုစဉ်းစား ဒီစဉ်းစား၊ ရေးလိုက် ဖျက်လိုက်၊ ပြန်ရေးလိုက် စိတ်တိုင်းမကျလိုက် ပြန်ဖျက်လိုက်၊ ကိုယ့်ကိုယ်ကိုယ် အားမကျလိုက်၊ ရယ်လိုက်၊ စိတ်ညစ်လိုက် နဲ့ စာရေးပါတယ်။ နောက် အားတဲ့အချိန် ဝင်ကြည့်လို့ တစ်ယောက်ယောက်ဖတ်ထားတာ တွေ့ရင် "သူဘာတွေထင်မလဲ" တွေးပြီး ရင်ခုန်နေပါတော့တယ်။ ဒါပေမဲ့ အဲဒီအဆင့်က တက်မလာရင်တော့ စိတ်ဓာတ်တွေ ကျပါပြီ။ "ငါဟာ တစ်ယောက်တည်း အထီးကျန်"ပေါ့ သိတယ်မဟုတ်လား😂😁

ကဲ. . . ရှင်တို့လည်း စောင့်ရတာ စိတ်မရှည်ဘူးဆို ကိုယ်တိုင်သာ လာရေးလှည့်ပါလို့ ဖိတ်ခေါ်ချင်ပါတယ်။ ပိုပြီး စိတ်ဝင်စားစရာတွေ သိချင်ရင်တော့ အောက်မှာ ထင်တာ တွေးမိတာတွေ ရေးခဲ့ပါလို့ ပြောချင်ပါတယ်။

Comments